Latest News

Monday, May 1, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး အိမ်ထောင်ရေးမှာ ကံကောင်းနေဖို့…

နွေးနွေးထွေးထွေးအိမ်ထောင်ရေး

အိမ်ထောင်ရေးမှာ ကံကောင်းနေဖို့…

အမျိုးသားပဲဖြစ်ဖြစ် ၊ အမျိုးသမီးပဲ ဖြစ်ဖြစ်ပါ ကိုယ့်အိမ်ထောင်ရေးကို သာယာပျော်ရွှင်ဖို့မျှော်လင့်ကြတာများပါတယ်။

အချို့ကလည်း အိမ်ထောင်ရေးသာယာပျော်ရွှင်ဖို့ဆိုတာ အိမ်ထောင်ရေးကံကောင်းဖို့လိုတယ်လို့ ယုံကြည်ကြတယ်။ အိမ်ထောင်ရေး ကံကောင်းဖို့ကို မျှော်လင့်ကြပါတယ်။ ဒါကြောင့်လည်း အိမ်ထောင်မကျခင်ကတည်းက ဗေဒင်မေးတဲ့အခါ  လင်ကောင်း သားကောင်း ရပါ့မလားလို့အိမ်ထောင်ကျရင် ကံကောင်းပါ့မလား ဆိုပြီး မေးတတ်ကြတယ်။

အိမ်ထောင်ကျတဲ့ အခါ ကံကောင်းပါ့မလား၊ ငါ့ အိမ်ထောင်ရေးက အဆင်ပြေပါ့မလားလို့တွေးတွေးပြီး ပူနေတတ်တဲ့သူတွေကိုလည်း ကျွန်မ တွေ့ခဲ့ရဖူးတယ်။

ဟိုတုန်းကတည်းက ကျွန်မ စဉ်းစားဘူးပါတယ်။ မိန်းမတွေက ဘာဖြစ်လို့များ လင်ကောင်း သားကောင်းဆိုတာကို ဆုတောင်းနေကြသလဲ ဆိုတာကိုပါ။ ခုတော့ဒါကို နားလည်သွားတယ်။

ကောင်းမွန်တဲ့အိမ်ထောင်ဘက်ကို ရလိုက်တဲ့ မိန်းမဟာ တောက်တောက်ပြောင်ပြောင်ဘ၀မျိုး ဖြစ်လာတယ်၊ ဘ၀က တိုးတက်ပြီး သာယာနေပျော်ဖွယ်ဖြစ်လာတယ်။

မကောင်းတဲ့ မမွန်မြတ်တဲ့လူနဲ့ ဆုံရတယ်ဆိုရင်တော့အဲဒီအမျိုးသမီးဆိုရင် လင်ဆိုးမယား တဖားဖားလို့တောင်ဆိုကြတယ် မဟုတ်လား၊ အဲဒီအမျိုးသမီးဟာ  ဘ၀တစ်ခြမ်းသေ သလို ဖြစ်ရပါတယ်။ အထူးသဖြင့်အရာရာတိုင်းမှာ လင်ကိုချည်းပဲအားကိုး မှီခိုနေရတဲ့ သူဆိုရင်တော့ ဘ၀တစ်ခုလုံး သေဆုံးရသလိုပဲလို့နားလည်မိတယ်။

အမျိုးသားတွေမှာလည်း ဒီလိုပါပဲ ကောင်းမွန်တဲ့အိမ်ထောင်ဘက်ရလိုက်တဲ့အမျိုးသားဟာ သူ့ရဲ့ ဘ၀ဟာ တိုးတက်ဖွံ့ဖြိုးသွားတယ်။ အရှိန်အ၀ါ ပိုကြီးလာတယ်။ ဘ၀အရေးမှာ ပိုပြီး အောင်မြင်လာတယ်။

အိမ်ထောင်ဘက်ကောင်း ဇနီးမယားကောင်းကို မရဘဲနဲ့ ညံ့တဲ့ဇနီး၊ မကောင်းတဲ့အမျိုးသမီးကို ရလိုက်တဲ့အမျိုးသားကတော့ ဘ၀တစ်ခုလုံးကိုပါ စိတ်ပျက်လက်ပျက်နဲ့အရာရာတိုင်းကို အရှုံးပေးခြင်းနဲ့သာ ဖြတ်သန်းရတော့တယ်။

အိမ်ထောင်ရေး ကံကောင်းခြင်းဆိုးခြင်းဆိုတာ ကိုယ်ရလိုက်တဲ့သူတွေနဲ့ ဆိုင်တယ်လို့ ယူဆရတော့မလား။

ဒါကလည်း  လူကောင်းလူမွန်နဲ့တွေ့ဖို့၊ ကိုယ့်အပေါ်မှာ ကောင်းဖို့၊ ကိုယ်နဲ့သူနဲ့ သက်ဆုံးတိုင် သာယာစွာ ပေါင်းဆုံနိုငိဖို့ ဆိုတာတွေကတော့ ကိုယ်ပြုခဲ့တဲ့အတိတ်က ကုသိုလ်ကံနဲ့ သက်ဆိုင်နေတယ်လို့ဆိုကြတာတွေလည်း ရှိပါတယ်။

ကျွန်မကတော့ ကံဆိုတာ အလုပ်လို့ယုံကြည်လက်ခံထားတဲ့သူပါ။
ပြီးတော့ အိမ်ထောင်ရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ် ကောင်းဖို့ဆိုရင် အဓိက အကျဆုံးကတော့ကျွန်မပဲ  ကျွန်မအနေနဲ့ သီလလုံခြုံရမယ်၊ မကောင်းမှုမပြုဘူး၊ ကတိသစ္စာတည်မယ်၊ ဒါန၊ သီလနဲ့ဘာဝနာပါ ရှိနေမယ်ဆိုရင် ကိုယ့်မှာ အကုသိုလ် နည်းပါးသွားမယ်။ ဒါဆို ဘ၀အရေးမှာကောင်းမယ်လို့ယုံတယ်။

ကိုယ်က စိတ်ကောင်း နှလုံးကောင်း ထားမယ်၊ မတရားမှုတွေလည်း မပြုခဲ့ဘူး၊ ကောင်းမှုတွေပဲ ရှိနေတယ်၊ ဘ၀နဲ့ပတ်သက်ပြီးတော့လည်း ဆင်ခြင်တုံတရားရှိမယ်၊ လုပ်သင့်မလုပ်သင့်တာကိုလည်း ဝေဖန်ပို်င်းးခြားနိုင်မယ်ဆိုရင် အဲဒီမိန်းကလေး ဟာ ဘ၀ရေးမှာလည်း ကောင်းမယ်၊ အိမ်ထောင်ရေးမှာလည်း ကောင်းမယ်လို့ယုံကြည်ခဲ့ပါတယ်။

ကျွန်မ အိမ်ထောင်ပြုမယ်ဆိုတော့ဘ၀အရေးကောင်းဖို့နဲ့ အိမ်ထောင်ရေး၊ စီးပွားရေးအစစအရာရာကောင်းချင်တယ်ဆိုရင် ဘယ်လို နေထိုင်ရမလဲဆိုတဲ့ဘ၀ နေထိုင်နည်း Planကို စပြီး စဉ်းစားခဲ့မိတယ်။

ကျွန်မရော သူပါ ဆင်းရဲကြတဲ့အတွက် နှစ်ယောက်စလုံးက ချမ်းသာချင်တယ်။ သူကလည်း ကိုယ့်ကို ပြည့်ပြည့်စုံစုံထားချင်တယ်၊ ကိုယ်ကလည်း ဆင်းရဲနိမ့်ကျတဲ့ ဘ၀မှာ မနေချင်ဘူး။

အဲဒီတုန်းက သူက မြောက်ဥက္ကလာပက အအေးခန်းစက်ရုံတစ်ခုမှာ အလုပ်တာဝန်ထမ်းဆောင်တယ်၊ ကျွန်မက ရွှေပုစွန်မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်ပါတယ်။

တစ်ခါတုန်းက သူက ငါးမွေးမြူရေး လုပ်ငန်း ဖြစ်ဖြစ်၊ ကြက်မွေးမြူရေးပဲ ဖြစ်ဖြစ် လုပ်ရင်ကောင်းမလား လို့ကျွန်မကို တိုင်ပင်ဖူးတယ်။ လုပ်မယ်ဆိုရင်လည်း နည်းပညာရော၊ ရင်းနှီးမြှုပ်နှံမှုအပို်င်းမှာပါ ကူညီပံ့ပိုးပေးမဲ့သူတွေရှိတယ်။ ဒါပေမဲ့
ကျွန်မက မလုပ်ဘူး၊ ဘယ်လောက်ပဲ အခွင့်အလန်းရှိရှိ မလုပ်ရဘူးလို့သာ ဆိုခဲ့ပါတယ်။
ကျွန်မအနေနဲ့ မဆင်းရဲချင်ဘူး၊ ချမ်းသာချင်ပေမဲ့ စင်ကြယ်တဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုးကိုပဲလက်ခံချင်တယ်။

ဘ၀၀ဋ်ကြွေးကြောင့်မစင်ကြယ်စွာ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့သူတွေလည်း ရှိပါတယ်။ အကုသိုလ်ပါတဲ့အလုပ်ကိုလုပ်မှ ချမ်းသာလာကြတာ။ ဒါကိုလည်း အပြစ်မတင်ပါဘူး။ သူတို့အနေနဲ့လည်း ၀ဋ်ကြွေးတစ်ခုပါလာတယ်။ ဒါကို ကျေအောင် ဆပ်ပြီးမှ ပြောင်းလဲလို့ရမှာလေ။

တစ်ခုတော့ရှိပါတယ်။ အတိတ်က ပြုခဲ့ဖူးတဲ့အကုသိုလ်ကံအကြွင်းအကျန်ရှိရင်တော့ ၀ဋ်ကြွေးဆပ်ရဦးမှာပါ၊ ဒါပေမဲ့ ကိုယ်က အကုသိုလ်အသစ်မပြုဘူးဆိုရင်တော့ဒီလက်ရှိဘ၀မှာ အကုသိုလ်အကြွင်းအကျန်ကိုပဲ ခံစားရမှာ၊ အကုသိုလ်အသစ်မရှိတဲ့အတွက် ကောင်းလာဖို့ပဲရှိမယ်လို့ယုံကြည်မိတယ်။

ဒါကြောင့်လက်ရှိ ဘ၀မှာ အားလုံးကောင်းမွန်ဖို့ဆိုတာ အရင်တုန်းက ကောင်းခဲ့သလားဆိုတဲ့ ပေါ်မှာ မူတည်နေပြီးတော့ နောင် ကောင်းမလားဆိုတာကတော့ အခု ကောင်းသလား ဆိုတဲ့ ပေါ်မှာ မူတည်နေတယ်လို့ နားလည်မိပြန်တယ်။

တကယ်လို့များ ကိုယ်က ကောင်းတဲ့မွန်တဲ့သူအဖြစ်ပြောင်းမယ်လို့ဆုံးဖြတ်လိုက်ရင်တော့ပြောင်းပါလို့ပဲ တိုက်တွန်းချင်တယ်။ ဒီကနေ့က စပြီး ပြောင်းရင် မနက်ဖြန်ဆိုတာ ကိုယ့်အတွက်ကောင်းပြီပေါ့… ကျွန်မက ဒီလို ယုံကြည်တဲ့သူပါ။

ကိုယ်ကတော့ကောင်းပါလျက်နဲ့သူက မကောင်းရင်ရောလို့… မေးတတ်ကြပါတယ်။ သူမကောင်းတာကို အာရုံမစိုက်ပါနဲ့…သူမကောင်းတာကို အာရုံစိုက်လိုက်တဲ့အခါ ကိုယ့ိစိတ်ထဲမှာ ကိုယ့်ရဲ့ကောင်းမွန်ခြင်းကို သံသယ ၀င်လာမိတတ်ပါတယ်။

သူမကောင်းလည်း ကိုယ်ကောင်းမယ်ဆိုရင်…သေချာပါတယ်။ ကိုယ့်မနက်ဖြန်ဟာ ကောင်းပါမယ်။ ကောင်းတဲ့ မနက်ဖြန်မှာ မကောင်းတဲ့သူ ပါချင်မှပါပါလိမ့်မယ်။ အဲဒီ တရားသဘောကို နှလုံးသွင်းမယ်ဆိုရင်တော့… ကောင်းမွန်တဲ့ အိမ်ထောင်ဘက်ရရှိထားသူတွေကလည်း ပိုပြီးကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ပြင်ဆင်နိုင်မှာပါ။

အိမ်ထောင်ဘက်ကောင်း မရဘူးလို့ မြင်နေတဲ့ထင်နေတဲ့သူတွေကလည်း ကိုယ့်ရဲ့ မနက်ဖြန်ကို ပိုကောင်းအောင် ကောင်းမွန်ခြင်းတွေနဲ့ ဒါန၊သီလ ၊ဘာဝနာတရားတွေကို ပိုပြီး အာရုံစိုက် နိုင်မယ်လို့ကျွန်မတော့ယုံကြည်မိတယ်ရှင်။

ဒါကြောင့်ဒီကနေ့စပြီး ကောင်းကြရအောင်ပါနော်။
မနက်ဖြန်လည်း ဆက်လက်ရေးသားပါဦးမယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment