Latest News

Tuesday, May 9, 2017

လမ်းဘေးက အနာဂတ်

လမ်းဘေးက အနာဂတ်

[တချို့တွေဆို လမ်းဘေးက အမှိုက်တွေကို ကောက်ပြီး အသက်မွေးဝမ်းကျောင်း တတ်လာတယ်။]

ပုသိမ်၊ မေ ၃ – ပုသိမ်မြို့ရဲ့ အထင်ကရ ရေပေါ်ဈေး ရှိရာ ငဝန်မြစ်ဘေး ကမ်းစပ် တစ်လျှောက်မှာ ညစ်ထေးထေး အဝတ်အစားတွေနဲ့ သုံးယောက် တစ်စု၊ နှစ်ယောက် တစ်စု ကလေးငယ်တွေ အစုလိုက် ရှိနေတတ်ပါတယ်။

အဝါရောင် ဘူးဝိုင်း၊ ပလတ်စတစ် ဘူးလို သေးသေးလေး တွေဟာ သူတို့ အားလုံးရဲ့ လက်ထဲမှာ ကိုယ်စီ ရှိနေပြီး လိုလိုလားလား ရှူရှိုက်နေကြတာပါ။

ဖိုးသားတို့ အုပ်စုမှာ အသက် အကြီးဆုံး ကတော့ ၁၁ နှစ် အရွယ် ကောင်လေး တစ်ယောက် ရှိတယ်။

တခြားသူတွေက ဆယ်ကျော် သက်အရွယ် လို့တောင် ပြောလို့ မရသေးဘူး။ သူတို့အုပ်စုထဲမှာ မူကြိုနေ အရွယ်ကလေး တစ်ယောက်တောင် ပါနေပါသေးတယ်။ ဖိုးသားတို့ အဖွဲ့ကတော့ ခြောက်ယောက်လောက် ရှိပါတယ်။

သူတို့အားလုံးရဲ့ လုပ်ငန်းခွင်ကတော့ ပုသိမ် ရေပေါ်ဈေးက တောက်တို မယ်ရ အလုပ်တွေ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေက ပန်းကန် ခေါ် ဆေးခိုင်းတာတွေကို ရှာလုပ်တာပါ။ အလုပ်ရှာ မရတဲ့ အချိန်တွေမှာတော့ သူတို့က အိတ်ဆွဲ၊ ပလုံကောက် နေကြသူတွေပါ။ ပုသိမ် ရေပေါ်ဈေး ကမ်းနားလမ်း ရေဆင်း တန်ဆောင်းက ဓမ္မာရုံ အပြင် ဘက်က ထိုးထွက်နေတဲ့ အုတ်ခုံဟာလည်း သူတို့ရဲ့ အိပ်ရာပါ။

ရေပေါ်ဈေးမှာ ရှိတဲ့ လူတွေကတော့ ဈေးအောက် တည့်တည့်က ဂလိုင်လို ဖြစ်နေတဲ့ နေရာတွေမှာ အဲသည် ကလေးတွေ အလုံးအရင်း ရှိနေ တတ်ကြတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ‘Sex ဆိုတာကလဲ အဲဒီကလေးငယ်တွေ အကြားမှာ ထမင်းစား ရေသောက်ပါပဲလို့ မှတ်ချက် ပြုကြပါတယ်။

‘ဧည့်သည် လာတယ်၊ သိမ်းထားဆိုတဲ့ အော်သံကြောင့် ရေပေါ်ဈေး အောက် ကမ်းစပ်ကနေ အသက် ကိုးနှစ် နီးပါးလောက် ရှိပြီလို့ ခန့်မှန်း ရတဲ့ ဖိုးသားနဲ့ အတူ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူဟာ လက်ထဲမှာ ကိုယ်စီ ရှိနေတဲ့ ဘူးတွေကို ဘောင်းဘီကြားထဲ ဝှက်လိုက်ပါတယ်။ ပြီးတော့ ရေပေါ် ဈေးပေါ်ကို တက်လာလိုက်ပါတယ်။

ဖိုးသားတို့ ကမ်းပေါ်ကို ရောက်ရှိချိန်ဟာ အနီးမှာရှိတဲ့ အပန်းဖြေစရာ ထိုင်ခုံပေါ်က လေညှင်းခံ နေသူတွေ ဟာလည်း အလိုအလျောက် ထသွားပါတော့တယ်။
ထသွားသူတွေကို ဖိုးသား တစ်ယောက် မျက်ထောက်နီနဲ့ စိုက်ကြည့်နေရင်း ဆရာမ သားတို့ကို မခေါ်သေးဘူးလား လို့ ရေရွတ်ကာ လွတ်သွားတဲ့ ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ပါတယ်။

ဖိုးသားနဲ့အတူ ပါလာတဲ့ ဝေယံ (အမည်လွှဲ) ဆိုသူ ကလည်း မြန်မြန် လာခေါ်ပါ ဆရာမ၊ ဒီမှာ မနေချင် တော့ဘူး လို့ ဆိုပြန်ပါတယ်။

ဖိုးသား တစ်ယောက် စိတ်ပျက် လက်ပျက် ညည်းညူရင်း ပြောလိုက်တာက ပုသိမ်မြို့မှာ ရှိတဲ့ လမ်းဘေး ကလေးငယ်တွေကို ခေါ်ယူ စောင့်ရှောက်ဖို့၊ ကျောင်းထား ပေးဖို့ ဆောင်ရွက် နေသူကို ဖြစ်ပါတယ်။ သူက " အိပ်မက်ပန်းခင်း " ဂေဟာ နာမည်နဲ့ လမ်းဘေး ကလေးငယ် တွေကို ကူညီပေးနေတဲ့ စာရေးဆရာမ ငွေကြယ်စင် (ခ) ဒေါ်နီလာဝင်းပါ။

ဖိုးသား တို့လို ဘဝတွေမှာ ကျောင်းဆိုတာ မရှိဘူး။ ကျန်းမာရေး၊ ပညာရေး မရှိဘူး၊ လူမှုရေး မရှိဘူး၊ ဒါတွေ သူတို့ သိခွင့် မရသေးပါဘူး။

သူတို့ သိနေတာက ငတ်မွတ် ခေါင်းပါးမှု၊ ခွဲခြား ဆက်ဆံမှုတွေပါ။ ဒါပေမဲ့ နေစရာ၊ အိပ်စရာ မရှိတာကြောင့် လမ်းဘေးအိပ် လမ်းဘေးစား ကြုံရာမှာ ကြုံသလို ဖြေရှင်းတတ် လာတာကတော့ သူတို့ရဲ့ ကျွမ်းကျင်မှု အသက်မွေး ဝမ်းကျောင်း ပညာပါ။

နောက်ပြီး သူတို့ ခြောက်ယောက်ကို မိတ်ဆွေ ဖွဲ့လိုတဲ့ သူတို့အရွယ် သူငယ်ချင်းတွေ မရှိဘူး။

တချို့တွေဆို တောင်းရမ်း စားသောက်တတ် လာတယ်။ တချို့တွေဆို လမ်းဘေးက အမှိုက်တွေကို ကောက်ပြီး အသက်မွေး ဝမ်းကျောင်းတတ် လာတယ်။ ဗိုက်ဆာ နေချိန စားစရာ မရှိတဲ့ အတွက် ကော်ရှူရင်း ဗိုက်ဖြည့်တတ် လာတယ်။ လုယက် ရမ်းကားတတ် လာတယ်။ တဖြည်းဖြည်းနဲ့ လေလွင့် ကလေးဆိုးတာတွေ ပိုပို များလာပါတယ်။

ကလေး အများစုဟာ ဆေးလိပ်၊ ကွမ်းယာ စတာတွေဟာ လက်ယဉ်ပြီးသား ဖြစ်နေတတ်ကြပါတယ်။ ကိုယ်တိုင် လိင်စိတ် ဖျော်ဖြေမှု၊ လိင် ဆက်ဆံမှုတွေလည်း ရှိနေတတ် ကြပါတယ်။ သူတို့ရှူတာက ရေပိုက်ဆက်တဲ့ ကော်တွေကို ရှူတာ ဖြစ်ပြီး တစ်နေကုန် တစ်နေခန်း ရှူကြကာ ကော်ကြောင်တဲ့ အခါမှာလည်း ရိုင်းစိုင်း ကြမ်းတမ်း လာတတ်ပြီး ရန်ပြုမှုတွေကို တုံ့ပြန်ဖို့လည်း အချိန်နှင့် အမျှ အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။

လမ်းပေါ်မှာ ကိုယ့်ဘဝ ကိုယ် ကျောင်းနေရတဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း သူခိုး၊ ဂျပိုး၊ အလစ် သုတ်သူတွေ အဖြစ် လူ့အဖွဲ့အစည်းက သတ်မှတ်ပြီးတော့ မောင်းထုတ်တာ၊ ရှောင်ဖယ်တာ၊ သံသယ မျက်လုံးနဲ့ စောင့်ကြည့်ကြလေ့ ရှိပါတယ်။ ဒါတွေကို ဖိုးသား တို့ သူငယ်ချင်းတွေ လက်မခံချင်သေးဘူး ဆိုပေမဲ့ နေသားကျ နေကြပါပြီ။

ဆရာမ ငွေကြယ်စင်က သူတို့ကို လူ့အဖွဲ့အစည်းက လက်ခံသူ နည်းပါးပါတယ် လို့ ပြောတယ်။ သည်လို ကလေးတွေ အတွက် စားဝတ် နေရေး သာမက လူသား တစ်ဦးအဖြစ် အသိအမှတ် ပြုပေးမယ့် ကြင်ကြင်နာနာနဲ့ ပြုပြင် ပျိုးထောင်ပေးမယ့် နေရာတစ်ခု လူ့ အဖွဲ့အစည်းမှာ လိုအပ်လာပြီလို့ ဆရာမ ငွေကြယ်စင်က ဆိုပါတယ်။

ဖိုးသားတို့ အုပ်စုမှာ အခုနှစ် မေလ မတိုင်ခင် ဧပြီလထဲမှာ ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ရှိနေပါတယ်။

သက်ငယ် မုဒိမ်းမှုကို ရှုတ်ချနေတဲ့ လူ့အဖွဲ့အစည်း အတွက်တော့ အော့နှလုံး နာချင်စရာပါ။

ဧပြီလရဲ့ နောက်ဆုံး အပတ်ထဲမှာ အသက် ၂၀ အရွယ် အမျိုးသား တစ်ယောက်က မုန့်ဝယ် စားမယ်၊ ရုပ်ရှင် ကြည့်မယ် ဆိုပြီး ဖိုးသားတို့ အုပ်စုထဲက အသားညိုညို၊ ပိန်ပိန်ပါးပါးနဲ့ ညစ်ထေးထေး ပုံစံရှိတဲ့ အသက် ၁၁ နှစ် အရွယ် ကောင်မလေး တစ်ယောက်ကို ကမ်းလှမ်းခဲ့ ပါတယ်။

အဲသည်လို ကမ်းလှမ်းချက်က ဖိုးသားတို့ ကလေးငယ် အုပ်စု အတွက် မကြုံစဖူး ရတောင့်ရခဲ အခွင့်အရေး ဖြစ်နေပြန်ပါတယ်။ အဲသည် ကောင်မလေးက ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။

သည်နောက် လူအသွားအလာ နည်းပါးပြီး ရေပေါ်ဈေးနဲ့ တစ်မိုင်လောက် ကွာဝေးတဲ့ (မြစ်ကျွန်းသာ အိမ်ရာ အနီး) ရောက်တဲ့ အခါမှာ မုဒိမ်းပြုကျင့်ဖို့ ကြံစည်ခံခဲ့ရပါတယ်။

ဒါပေမဲ့ မပြီးမြောက်ခင် အချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့တယ် လို့ ဆရာမ ငွေကြယ်စင်က ပြန်ပြောပြတယ်။

‘သူတို့ မိဘတွေ ကတော့ ဂရုစိုက် တစ်ချက်၊ မစိုက် တစ်ချက်ပေါ့၊ ရဲကနေဒီ ကလေးကို ခေါ်ထားပေးဖို့ အကူအညီ တောင်းလို့ အစ်မတို့ ဂေဟာမှာ ခေါ်ထားဖို့ ဆုံးဖြတ်လိုက်တာ၊ လိပ်စာကလဲ မရှိတော့ စုံစမ်းရင်း ရေပေါ်ဈေးနားမှာ ကော်ရှူနေကြတဲ့ ကလေးတွေနဲ့ တွေ့တယ်၊ ကြောက်နေမှာလား၊ လူတွေကို ရှက်နေမှာလား၊ လားပေါင်းစုံနဲ့ပေါ့၊ ဘာပြဿနာမှ မဖြစ်ခဲ့သလိုဘဲ လို့ ဆရာမ ငွေကြယ်စင်က ပြောတယ်။

အဲသည်အချိန်မှာပဲ ဆရာမ ငွေကြယ်စင်နဲ့ စကား ပြောနေတဲ့ ကောင်မလေး အနီးကို အရွယ်တူ ကောင်လေး တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒါကြောင့် ကောင်မလေးက ငါဟိုနေ့က ကိစ္စကို ဆရာမ ပြန်ပြောပြ နေတာ လို့ တစ်ချက်လှည့် ပြောရင်း အဲသည် ကောင်လေး က သူ့ယောကျာ်းပါ လို့ ဆရာမ ငွေကြယ်စင်ကို မိတ်ဆက် ပေးပါတယ်။

‘ကျွန်မဘာမှ မပြောနိုင်တော့ဘူး၊ သူတို့အားလုံး ၁၀ နှစ် သာသာ လေးတွေ၊ ကျွန်မ အမြင်မှာ အပျိုတောင် မဖြစ်သေးဘူး လို့ ဆရာမ ငွေကြယ်စင် က ပြောပါတယ်။

ပုသိမ်မြို့မှာ ဖိုးသား တို့အုပ်စုလိုပဲ လမ်းပေါ်မှာနေ၊ တောင်းရမ်း စားသောက်သူ ဦးရေ ၁၅၀ ကျော် ရှိပါတယ်။
ပုသိမ် တက္ကသိုလ်၊ အဝေးပြေး ကားဂိတ်၊ ဘုရား စေတီများ ပေါ်နဲ့ ကန်သုံးဆင့် ကန်ပတ်လမ်း စတဲ့ နေရာ တွေဟာ တောင်းရမ်း ကလေးငယ်တွေ အများစု ရှိပါတယ်။ တောင်းရမ်း စားသောက်နေတဲ့ ကလေးတွေရဲ့ နောက်ကွယ်မှာ တောင်းရမ်းဖို့ ဖိအားပေး ခိုင်းစေတဲ့ အဖွဲ့တွေလည်း ရှိနေတတ်ပါတယ်။

■ကျင်လည်တတ်ပြီ

‘သမီးအမေ ကတော့ နင့်အသက် ကိုးနှစ်ရှိပြီလို့ ပြောတယ်၊ သမီးကတော့ မသိဘူးလို့ ကြည့်လိုက်ရင် ခန္ဓာကိုယ် သေးသေး ကွေးကွေး ပိုင်ရှင် မနှင်းနှင်း က ပြောပါတယ်။
မနှင်းနှင်း (အမည်လွှဲ) ကစကားကို လုံးစေ့ ပတ်စေ့ နားလည်အောင် ချွဲ ချွဲနွဲ့နွ့ ပြောဆိုတတ်နေပါပြီ။

အခုချိန်ထိတော့ သူကျောင်းစာနဲ့ မထိတွေ့ဖူးသေးပါဘူး။
ဒါပေမဲ့ နှင်းနှင်း က သူ့ရဲ့ညီမ ဖြစ်သူ စကားပြောနိုင်ပြီး လမ်းလျှောက် နိုင်ပြီ ဆိုတဲ့ အချိန်ကတည်းက ပုသိမ်မြို့ လမ်းမတွေ ပေါ်က လူစည်ကားရာ နေရာတွေကို ကျွမ်းကျွမ်း ကျင်ကျင် သွားတတ်နေပါပြီ။ အဲဒါကတော့ အဘွားလို့ ဆိုသူ မနှင်းနှင်းနဲ့ သွေးသား မတော်စပ်သူ အမျိုးသမီး တစ်ဦးရဲ့ ကူညီမှုကြောင့်လို့ ဆိုရမှာပါ။

‘အဘွားက သမီးတို့ကို တောင်းဖို့ သင်ပေးတယ်၊ သမီးတို့ ပြောနိုင်လာတော့ နင့်အမေ နေမကောင်းဘူး ဆိုပြီး တောင်းရတယ် လို့ နှင်းနှင်း က ပြောပါတယ်။

သူတို့ မိသားစု ဆင်းရဲလွန်းတာက နေစရာ အိမ်ကို ဝါးလုံးတွေနဲ့ ကြမ်းခင်းထားပြီး အကာအရံ မရှိတဲ့ အမိုးအောက်မှာ ပတ်ဝန်းကျင်ရဲ့ နှိမ်ချ ဆက်ဆံမှုတွေနဲ့ နေရတာပါ။

နှင်းနှင်းတို့ ညီမနှစ်ယောက် အတွက် အပြင်ထွက် တောင်းတဲ့ အချိန်မှာ ပိုက်ဆံ၊ ပစ္စည်း တစ်ခုခု ရလာတဲ့ နေ့တွေ အတွက်တော့ သာသာ ယာယာ ရှိပါတယ်။
အဲသည်လို မဟုတ်ရင်တော့ စကားပြောတတ်စ၊ လမ်းလျှောက် တတ်စ ကလေးငယ် သာသာ နှင်းနှင်းတို့ ညီအစ်မ နှစ်ယောက် အတွက် ခါးသီးစရာ အဖြစ် အပျက် တွေကို ကြုံရတော့တာပါပဲ။

‘တစ်ခုခု ပါလာရင် ရတယ်၊ မရတဲ့အခါ ဆိုရင် အဘွားက သမီးတို့ကို ရိုက်ဖို့ မေမေကြီးကို ခိုင်းတယ်၊ ကြေးကြိုးကြီး တွေနဲ့ ရိုက်ခိုင်းတာ၊ မေမေက မရိုက်ချင်လဲ ရိုက်ရတာ၊ အဘွားက သမီးတို့နဲ့ ဘာမှ အမျိုးမတော်ဘူး လို့ မေမေက ပြောဖူးတယ် လို့ နှင်းနှင်း က ပြန်ပြောပါတယ်။

သူက ဆက်ပြီး ‘တောင်းလို့ မရတဲ့ ရက်ဆိုရင် ဘာမှ မစားရဘူး၊ နောက်တစ်ကြိမ် ထပ် တောင်းခိုင်းတယ်၊ ကလေး ငယ်ငယ်လေး ထည့်ပေးလိုက်တယ် လို့ ပြောပါတယ်။

နှင်းနှင်းတို့ဟာ လေးနှစ်လောက် ပုသိမ် လမ်းမတွေ ပေါ်မှာ တောင်းရမ်း စားသောက်ပြီး နေထိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ ရက်နေ့ မှ စတင်ကာ ပုသိမ် ရဲတပ်ဖွဲ့နဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေး တို့ ပူးပေါင်းပြီး ပုသိမ် တက္ကသိုလ် အနီးတစ်ဝိုက်မှာ တောင်းရမ်း စားသောက်နေတဲ့ ကလေး သူငယ်တွေကို ခေါ်ယူ ထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲသည်လို ပြုလုပ်ရာမှာ နှင်းနှင်းတို့ ညီအစ်မ နှစ်ယောက်လည်း ထိန်းသိမ်းခံ လိုက်ရပါတယ်။

မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်းထားတဲ့ ကလေးငယ် တွေကို ဆရာမ ငွေကြယ်စင် ဦးစီးတဲ့ အိပ်မက်ပန်းခင်း ဂေဟာကို ပို့ဆောင်ပေး ခဲ့ပါတယ်။ အဲသည်အထဲမှာ နှင်းနှင်း တို့ ညီအစ်မလည်း ပါဝင်နေပါတယ်။ အဲသည် ဂေဟာမှာ ကလေးငယ်တွေကို စာပေ၊ ဂီတ၊ အနုပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာနဲ့ ပတ်သက် တာ တွေကို သင်ကြားပေးနေပါတယ်။

■ဝိုင်းဝန်းထိန်းသိမ်း

ကလေးတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ကျောင်းသူ ကျောင်းသား တွေ အဖြစ် ရပ်ကွက်၊ မြို့ ၊ နိုင်ငံသားတွေ အဖြစ်နဲ့ သိမှတ် ခံစားမှု ရှိလာစေအောင် ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ ဆရာမ ငွေကြယ်စင်က ပြောပါတယ်။

အများက အထင်အမြင်သေး၊ ပစ်ပယ်ထားတဲ့ လမ်းဘေးသားများ အဖြစ် တစ်သက်တာ မှတ်ယူသွားရင် သူတို့ဘဝ အနေနဲ့ ဆက်လက် ဖြတ်သန်းဖို့ မလွယ်ကူတော့ သလို တစ်ဖက်မှာလည်း လူ့အဖွဲ့ အစည်းအတွက် မခန့်မှန်းနိုင်တဲ့ ထိခိုက် ဆုံးရှုံးမှုတွေရှိလာ နိုင်တာကြောင့် ဖြစ်ပါတယ်။

‘ဒီလိုကလေးတွေက အခုတော့ နည်းသွားပါပြီ၊ ကျွန်တော်တို့ စီမံချက်နဲ့ လိုက်ထိန်းသိမ်းပေးပြီး အိပ်မက် ပန်းခင်းကို ပို့တာပေါ့၊ သူတို့နဲ့ ပတ်သက်တဲ့ ပြစ်မှုလဲ လျော့သွား ပါတယ်လို့ ပုသိမ်မြို့မ ရဲစခန်းက နယ်ထိန်း အရာရှိ ရဲအုပ် ဇော်မင်းထွန်း က ပြောပါတယ်။

၂၀၁၆ ခုနှစ်က ပုသိမ်မြို့မှာ လမ်းဘေး ကလေးငယ် တွေကြောင့် လုယက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲသည်ထဲက သုံးကြိမ်ဟာ ဘဏ်မှ ငွေထုတ် လာသူတွေ နောက်လိုက်ကာ လုယက်တာ ဖြစ်ပြီး ကျန်တဲ့ သုံးကြိမ်ကတော့ ဆိုင်ကယ်ပေါ်က လုယူတာ ဖြစ်တယ်လို့ သိရပါတယ်။

လေလွင့် ကလေးသူငယ်တွေ မတိုးပွားရအောင် သက်ဆိုင်ရာ အနေနဲ့ ကြိုတင် ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး စီမံချက်အရ လက်ရှိနိုင်ငံ တစ်ဝန်းလုံးမှာ လူငယ်ရိပ်သာပေါင်း ၇၀ ထားရှိ ပေးထားပြီး အသက် ရှစ်နှစ်မှ ၁၈ နှစ် အထိ ကလေး၊ လူငယ်ပေါင်း ၇၅၀ဝ ကျော်ကို စောင့်ရှောက် ထားနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ် မှာတော့ အိပ်မက်ပန်းခင်းဂေဟာမှာ ကလေးငယ် ၁၀ ဦးခန့်ရှိပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ ပုသိမ်မြို့ရှိလမ်းပေါ်က ကလေးငယ် အများစုဟာ ကော်ရှူတာ၊ စရိုက်ကြမ်း နေတာတွေ ဖြစ်နေလို့ ချက်ချင်းခေါ်ယူဖို့ မဖြစ်နိုင်သေးဘူး။

အခုချိန်မှာတော့ နှင်းနှင်းတို့ ညီအစ်မ နှစ်ယောက်ဟာ ဘဝသစ်စဖို့ ရှေးရှုနေကြပါတယ်။ နောက်နှစ် ကျောင်းဖွင့်ချိန် မှာ သူတို့ ကျောင်းတက်ဖို့ ပြင်ဆင် နေကြတာပါ။

ဖိုးသားတို့ အုပ်စုကလည်း အိပ်မက်ပန်းခင်း ဂေဟာကို လျှောက်လှမ်းဖို့ စိတ်ကူးနေကြပါတယ်။ ပိုက်ဆက် ကော်ရှူတာကို ဖြတ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

‘သားတို့ ဆရာမဆီမှာ သွားနေမယ်၊ ဆရာမက စာသင် ရအောင် ကူညီပေးမယ်၊ အဲဒါကြောင့်သွားမှာ၊ စာမသင်ရရင် အဆိုတော် မလုပ်ရဘဲနေမှာ ကြောက်လို့ လို့ ဖိုးသား က ပြောပါတယ်။

Author – ချမ်းသာ
Kumudra



No comments:

Post a Comment