Latest News

Friday, May 5, 2017

ဧရာဝတီတိုင်းဒေသကြီး၌ အစိုးရမှ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်းရာ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ထည့်သွင်းဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီး၌ အစိုးရမှ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်းရာ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ထည့်သွင်းဖွဲ့စည်းမည်

ဟင်္သာတ မေ ၎

ဧရာဝတီတိုင်းဒေသကြီး၌ အစိုးရမှ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်းရာ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ထည့်သွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးဦးဝင်းဌေး၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မေလ ၃ ရက်တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၀န်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ရမယ်။ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တဲ့ သတင်းအချက်အလက်တွေပေးတဲ့နေရာမှာ ထိထိရောက်ရောက်ဖြစ်အောင် ပိုပြီးအားစိုက်ပြီးလုပ်မယ်။ ရေမတက်ခင်ကတည်းက ကြိုလုပ်မယ်ဆိုတဲ့ကိစ္စတွေ ၀န်ကြီးချုပ်က ပြောတယ်။ အဓိကကတော့ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေမှာ CSO တွေကိုလည်း တရားဝင်ထည့်မယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ်က သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ပထမဦးဆုံးအတွေ့အကြုံကို သင်ခန်းစာယူကာ ယခုနှစ်အတွက် သဘာဝဘေးဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများနှင့် အရေးပေါ်ကာလစီမံခန့်ခွဲမှုများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၌ မိုးတွင်းကာလ မြစ်ရေကြီးမှုအခြေအနေမှာ နှစ်စဉ် ဇူလိုင်လကုန် နှင့် သြဂုတ်လဆန်းတွင် စတင်ကြုံတွေ့ရလေ့ရှိသဖြင့် လက်ရှိတွင် ပရဟိတအဖွဲ့များမှ ရေဘေးကာလမတိုင်ခင် ကြိုတင် ပြင်ဆင်မှုများလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဟင်္သာတခရိုင်က ဧရာဝတီတိုင်းမှာ ရေဘေးအဓိကကြုံတွေ့တဲ့နေရာဖြစ်တဲ့ အတွက် အရေးပေါ်ကူညီမှုကိစ္စတွေကို အချိန်မီတုံ့ပြန်နိုင်ဖို့ ခရိုင်တွင်း မြို့နယ်တွေက ပရဟိတအဖွဲ့ တွေချိတ်ဆက်ပြီး ကွန်ရက်ဖွဲ့စည်းထားပါတယ်။ ခရိုင်ကွန်ရက်အနေနဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲ မှုသင်တန်း၊ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းနဲ့ တာတမံကာကွယ်ရေးဆိုင်ရာသင်တန်း တွေ ကြိုတင်စီမံထားပါတယ်။ ရေဘေးအတွက် DATA SURVEY ကောက်ယူမှုကိုလည်း ဆောင်ရွက်ဖို့ စီမံနေပါတယ်။ အစိုးရနဲ့အလှူရှင်တွေရဲ့ ချိတ်ဆက်ပံ့ပိုးမှုလည်း အဓိကလိုအပ်နေပါတယ်”ဟု ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက် ရုံးအဖွဲ့မှူး ဦးအောင်နိုင်ဦး ကပြောကြားသည်။

မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးသည် မိုးတွင်းကာလ မြစ်ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဝင်ရောက်မှုစသည့် သဘာဝဘေးဆိုင်ရာအခြေအနေများ  နှစ်စဉ် ကြုံတွေ့ရသည့်ဒေသဖြစ်သည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment