ပြင်သစ်သမ္မတ မက်ခရွန် ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်း
ပဲရစ်၊ မေ ၁၅
ပြင်သစ်သမ္မတသစ် အီမန်နျူရယ် မက်ခရွန်သည် သမ္မတအဖြစ် ရုံးစတင်ထိုင်သော မေ ၁၅ ရက် ပထမဆုံးနေ့မှာပင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့်တွေ့ဆုံဆွေးနွေးခြင်းနှင့်ပြင်သစ်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ အသက် (၃၉) နှစ်ရှိဗဟိုဝါဒီ သမ္မတမက်ခရွန်သည် အယ်လီဆီး နန်းတော်၌ သမ္မတတာဝန်လွှဲပြောင်းရယူခဲ့သော မေ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ ပုံရိပ်ကောင်းမွန်စေရန်နှင့်ဥရောပသမဂ္ဂတွင် ပြင်သစ်ပါဝင် ကာတက်တက်ကြွကြံဆောင်ရွက်ရေးတို့ကိုပြည်သူများသို့ချပြဆောင်ရွက်ခဲ့သည်။
အသက် (၄၆)နှစ်အရွယ်ရီပတ်ဘလီကန်ပါတီမှ အလယ်အလတ် သဘောထားရှိသူ အက်ဒွတ်ဖိလစ်အား ပြင်သစ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပေးမှုကို သမ္မတဖြစ်လာပြီးနောက် ပထမဆုံးပြုလုပ်ပေးခဲ့သည်။ ယင်းသို့ရွေးချယ်ခန့်အပ်လိုက်ခြင်းသည် ရီပတ်ဘလီကန်ပါတီမှ ငယ်ရွယ်သော၊ တိုးတက်သော စိတ်သဘောထားရှိသူများကို နေရာပေး ခြင်းပင်ဖြစ်သည်။
လက်ဝဲယိမ်းပြင်သစ်သမ္မတဟောင်း ဖရန်ဆွာဟော်လန်ဒေး အစိုးရအဖွဲ့တွင် မက်ခရွန်သည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ဖိလစ်သည်လည်း ပြင်သစ်နိုင်ငံ မြောက်ပိုင်းဆိပ်ကမ်းမြို့နံလေမန မြို့တော်ဝန်ဖြစ်သည်။ မေ ၁၅ ရက်မွန်းလွဲပိုင်းတွင် မက်ခရွန်သည် ဂျာမနီနိုင်ငံဘာလင် မြို့သို့သွားရောက်ကာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျာမနီဝန်ကြီးချုပ်က မက်ခရွန်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအား ကြိုဆိုလိုက်ပြီး ပြင်သစ်ပြည်သူများနည်းတူ ဂျာမနီ ပြည်သူများက ဥရောပအတွက် မက်ခရွန်အပေါ်မျှော်လင့်ယုံကြည်ထားပါကြောင်း ပြောကြားလိုက်သည်။
Ref:AFP
Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment