ထိုင်းတောင်ပိုင်းက စူပါမားကတ်တွင် ဗုံးနှစ်လုံး ပေါက်ကွဲ၍ လူ ၄၀ ဒဏ်ရာရ
သောင်းကျန်းသူများ အုံကြွမှုရှိနေရာ ထိုင်းတောင်ပိုင်းက မြို့တစ်မြို့တွင် ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်၍ လူအနည်းဆုံး ၄၀ ဒဏ်ရာရကြောင်း ရဲက ပြောပြီး ငြိမ်းချမ်းရေးအားထုတ်မှု တန့်ရပ်အောင် သူပုန်များက တိုက်ခိုက်မှု ကျုးလွန်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သံသယရှိထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေးအတွက် ဗုဒ္ဓဘာသာအများစုပြည်နယ်ကို တိုင်းရင်းမလေးသောင်းကျန်းသူများက တိုက်ခိုက်နေခြင်းကြောင့် ဆယ်စုနှစ်တစ်ခုမျှ မွတ်စလင်လူနည်းစု နယ်စပ်ဒေသတွင် မတည်မငြိမ်ဖြစ်နေသည်။
ယခုနောက်ဆုံးတိုက်ခိုက်မှုသည် ပတ္တာနီမြို့တွင် နေ့လည် ၂ နာရီဝန်းကျင်က ဖြစ်ပွားခြင်းဖြစ်သည်။ မြို့လယ်ရှိ စူပါမားကတ်အပြင်ဖက်တွင် ဗုံးနှစ်ကြိမ်ဆင့် ပေါက်ကွဲခြင်းဖြစ်သည်။
“ပထမဗုံးက သေးငယ်တယ်။ ဒဏ်ရာရသူတစ်ယောက်မျှ မရှိခဲ့ဘူး။ ဒုတိယဗုံးကတော့ ပေါက်ကွဲအား ကြီးတယ်။ ကားဗုံးလား ဘာလား ကျွန်တော်လည်း သေချာတော့ မသိဘူး။”ဟု ပတ္တာနီပြည်နယ်ရဲမှူး ပရာချူချိုင်းက အေအက်ဖ်ပီသို့ ပြောသည်။
“လက်ရှိအထိ ဒဏ်ရာရသူ ၄၀ နီးပါးရှိနေတယ်။ တစ်ယောက်တော့ အခြေအနေစိုးရိမ်ရတယ်။”ဟု ၎င်းက ဆိုသည်။
စူပါမားကတ် ကားပါကင်မှ မီးခိုးလုံးများ လွင့်တက်နေသည့် ဓာတ်ပုံများကို ကယ်ဆယ်ရေးလုပ်သမားများတင်သည့် တွစ်တာအကောင့်များတွင် တွေ့ရသည်။
ယင်းတောင်ပိုင်းနယ်မြေတွင် ၂၀၀၄ ခုနှစ်ကစကာ နေ့စဉ်နီးပါး ပစ်ခတ်မှုများနှင့် ဗုံးခွဲမှုများကြောင့် လူပေါင်း ၆၈၀၀ ကျော် သေဆုံးခဲ့သည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment