ဖမ်းဆီးခံကျောင်းသားများလွှတ်ပေးရေးအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ကျောင်းသားများနှင့် နိုင်ရေးတက်ကြွလှုပ်ရှားသူများက မေလ ၁၃ ရက်နေ့က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အကသကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၂၀ ခန့်မှ ဖမ်းဆီးခံကျောင်းသားများ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် တရားစီရင်မှု မျှတရေးတို့အတွက် ဆန္ဒဖော်ထုတ် တောင်းဆို ခဲ့ကြောင်း သိရသည်။
“ဒီမိုကရေစီအစိုးရသစ်လို့ကြွေးကြော်နေတဲ့ခေတ်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိသင့်ဘူး ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ ဒါပဲတောင်းဆိုချင်တယ်။” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ အခြေခံပညာကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်မင်းခိုင်က ပြောသည်။
ဆန္ဒဖော်ထုတ်သူများသည် ပြည်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်၊ ဗိုလ်ချုပ်လမ်း၊ မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းရှည်လမ်း လမ်းမတော်တစ်လျှောက် ဆန္ဒဖော်ထုတ်ခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြသည်။
“အလုပ်သမားတွေလယ်သမားတွေကို ထောင်ချနေတုန်းပဲ NLD အစိုးရတက်လာတာတောင် နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်သေးဘူး။”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်က ပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင် FREE OUR STUDENTS ၊ ဖမ်းဆီးထောင်ချခံရသော ကျောင်းသားလေးဦး လွတ်မြောက်ရေး၊ စာတန်းပါ ဗီနိုင်းပိုစတာများကိုကိုင်ဆောင်ခဲ့ပြီး ကျောင်းသားများလွှတ်ပေးရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်က မန္တလေးမြို့တွင် ကျောင်းသားလေးဦးဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ်မ ၁၉ ဖြင့် တရားရုံးတင်ကာ ထောင်သုံးလနှင့် တရားရုံးမထီမဲ့မြင်ပြုလုပ်သည်ဟုဆိုကာ ထောင် ၁ လချမှတ်ခဲ့ပြီး မေလ ၁၁ ရက်ကလည်း ဗကသကျောင်းသားဟောင်း ကိုသန်းထိုက်ကို မန္တလေးမြို့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
သီဟလွင် (မြစ်မခ)
No comments:
Post a Comment