ပြင်သစ်ပြတိုက်မှ ကျောက်မျက် ၁၈၀၀ နီးပါး မြှပ်ထားသော ၁၉ ရာစုမှသရဖူ ခိုးယူခံရ
ကျောက်မျက် ၁၈၀၀ နီးပါးမြှုပ်ထားသည့် ၁၉ ရာစုမှ သရဖူတစ်ခုသည် ပြင်သစ် နိုင်ငံအလယ်ပိုင်းရှိ ဘာသာရေး အနုပညာပြတိုက်မှ ခိုးယူခံခဲ့ရသည်ဟု ပြတိုက်တာဝန်ရှိသူများက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
မေ ၁၂ ရက်က လိုင်ယွန်မြို့ရှိ Fourviere ပြတိုက်တွင် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူခိုးများသည် ပြတိုက်၏ အဆင့်မြင့် လုံခြုံရေးစနစ်များကို ကျော်လွှားနိုင်ခဲ့ကြကြောင်း ပြတိုက်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ သူခိုးများ ခိုးယူသွားခဲ့သည်မှာ ပြတိုက်တွင် စုဆောင်းထားသော ပစ္စည်းများအနက် အခရာဖြစ်သော Crown of the Virgin ဖြစ်သည်။ ထိုသရဖူကို ၁၈၉၉ ခုနှစ် က လိုင်ယွန်မြို့မှ ချမ်းသာကြွယ်ဝသော မိသားစုများက လက်ဆောင်ပေးသော အဖိုးတန် ကျောက်များ၊ ပုလဲများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသရဖူ၏တန်ဖိုးသည် ယူရိုတစ်သန်း ကျော်လိမ့်မည်ဟုသိရပြီး သရဖူတွင် ပါဝင်သည့် ကျောက်မျက်ရတနာတိုင်းကို ယမန်နှစ်က သုတေသနအဖွဲ့တစ်ဖွဲ့သည် ခက်ခက်ခဲခဲ မှတ်တမ်း တင်ထားခဲ့သည်ဟု သိရသည်။
သူခိုးများသည် သရဖူအပြင် ပြတိုက်ထဲမှ လက်စွပ်တစ်ကွင်းနှင့် စပျစ်ရည်ထည့်သည့် ဖလားတို့ကိုလည်း ယူဆောင်သွားခဲ့ကြသည်။
ကုန်းမြင့်တစ်ခုပေါ်ရှိ အမိုးခုံးဘုရား ကျောင်းကြီးတစ်ခု၏ နံဘေးတွင်ရှိသော ယခု ပြတိုက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ် ကာလအတွင်း ပိတ်ထားမည်ဖြစ်သည်။ ထို ပြတိုက်သည် အဆိုပါဘုရားကျောင်းမှ ရတနာများကို ပြသထားခြင်းဖြစ်သည်။ ထိုရတနာများသည် ၁၉ နှင့် ၂၀ ရာစုအတွင်းက ရွှေပန်းထိမ်လုပ်ငန်း၏ လက်ရာများကို ကိုယ်စားပြုလျက်ရှိသည်။
Photo: AFP
Ref: AFP
Eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment