အိုးမြေတွင်းမန်းချောင်းကူးတံတား ပြီးစီးပြီဖြစ်၍ ရွှေစက်တော်သို့ ရာသီမရွေး သွားလာနိုင်ပြီ
ငဖဲ မေ ၅
ငဖဲမြို့နယ် အိုးမြေတွင်းမန်းချောင်းကူးတံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ မေ ၁ ရက်တွင် တံတားကြီးပေါ်မှ ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်ရာ ဒေသခံပြည်သူများအတွက် အကျိုးပြုသည့်အပြင် မန်းရွှေစက်တော်ရာဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သည်။
ငဖဲမြို့နယ် အိုးမြေတွင်းမန်းချောင်းကူးတံတားမှာ ယခင်က သစ်သားတံတားအမျိုးအစားဖြစ်ပြီး ပေ (၃ဝဝx၁၂x၁၁) အတိုင်းအတာရှိကာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေကျပ် ၃၉ သန်း
နှင့် တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေ ၁၄ ဒသမ ၅ဝ သန်း စုစုပေါင်း ၅၃ ဒသမ ၅ဝ သန်းဖြင့် ငဖဲမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မန်းချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ၂ဝ၁၅ ခုနှစ် သြဂုတ် ၁ ရက်တွင် ငဖဲ-ရွှေစက်တော်လမ်းပေါ်ရှိ အိုးမြေတွင်းမန်းချောင်းကူး သစ်သားတံတားမှာ အလယ်ခုနစ်ခန်းပေ ၁၄ဝ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
မန်းချောင်းရေကြီးရေလျှံမှုကြောင့် ချောင်းအကျယ်တိုးလာသည့်အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၂ဝ ဖြင့် အရှည်ပေ ၉၂ဝ သံကူကွန်ကရစ်တံတားတည်ဆောက်ရန် လျာထားတင်ပြခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဦးစီမှူး ဦယုနိုင်လင်းထံက သိရ သည်။
အဆိုပါ အိုးမြေတွင်းမန်းချောင်းကူးတံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ခွင့်ပြုငွေကျပ်သန်း ၉၂ဝ ဖြင့် မန်းဧရာဝတီကုမ္ပဏီမှ တင်ဒါအောင်မြင်၍ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အရှည်ဆုံးတံတားဖြစ်ကြောင်း သိရသည်။
အိုးမြေတွင်းမန်းချောင်းကူးတံတားမှာ Bored Pile အုတ်မြစ် သံကူကွန်ကရစ်ကိုယ်ထည်၊ သံပေါင်ယက်မသံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားပြီး ပေ ၄ဝ၊ အခန်း ၂၃ ခန်း၊ ရေလယ်တိုင် ၂၂ တိုင်နှင့် ၁၄ ပေအကျယ် အခန်း ၂ဝ နှင့် ၁၈ ပေ အကျယ် ကားရှောင်ခန်းသုံးခန်းပါဝင်ပြီး တံတားတစ်ဖက်တစ်ချက်တွင် ပေ ၁၅ဝ အကျယ်၊ ၁၈ ပေ ချဉ်းကပ်လမ်းများပါဝင်ကာ မတ် ၃ဝ
ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ ပြည်သူများ တံတားကြီးပေါ်မှ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းနှင့် အိုးမြေတွင်းမန်းချောင်းကူးတံတား တည်ဆောက်ခြင်းဖြင့် ငဖဲမြို့ ရပ်ကွက်(၂)ရပ်ကွက် ကျေးရွာ ၁၈ ရွာ အိမ်ခြေ ၃၃၁၅ လူဦးရေ ၁၈၇၃၇ ဦးတို့အား အကျိုးပြုသည့်အပြင် ရွှေစက်တော်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ရာသီ
မရွေး ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment