စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟောင်း ရန်ပုံငွေမအပ်ဆိုတဲ့သတင်း မှားယွင်း
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဟောင်းအဖွဲ့က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းပေါင်း ကိုးထောင် ကျော်ကို လွဲပြောင်းပေးခဲ့ခြင်းမရှိဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဟာ မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ငြင်းဆိုလိုက်ပါတယ်။
ဒီနေ့ထုတ် The Voice သတင်းစာပါ သတင်းဟာ လွဲမှားနေပြီး ငွေကျပ်သိန်းကိုးထောင်ကျော် လွှဲပေးခဲ့တယ်လို့ ဖြေကြားမှုအပေါ် နားလည်မှုလွဲပြီး သတင်းစာက ဖော်ပြခဲ့တာဖြစ်တယ်လို့ အဖွဲ့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။
"The Voice သတင်းထောက်က နားလည်မှုလွဲမှားတာ၊ တကယ်တမ်းကျရင် ဒီဟာက သူတို့လွှဲပေးသွားတဲ့ amount (ပမာဏ) ကိုပြောတာ၊ အဲဒါကိုပြောတာ သူက ဘယ်လိုခေါ်မလဲ မလွှဲဘူးဆိုတဲ့ပုံစံမျိုးပြောလို့ ရှင်းရှင်းပြောရရင် နားလည်မှုလွဲတာပေါ့"
ဒီနေ့ထုတ် The Voice သတင်းစာ မျက်နှာဖုံးမှာပါရှိတဲ့ "စစ်ကိုင်းတွင်လည်း တိုင်းအစိုးရဟောင်း၏ ငွေကြေးအရှုပ်တော်ပုံပေါ်ပေါက် ရန်ပုံငွေ သိန်း ကိုးထောင်ကျော် တိုင်းအစိုးရဟောင်း မလွှဲပေးခဲ့" ခေါင်းစဉ်ပါသတင်းကို အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။
အစိုးရအကူးပြောင်းကာလမှာ စစ်ကိုင်းတိုင်းအစိုးရဟောင်းက လက်ရှိတိုင်းအစိုးရဖွဲ့ကို ရန်ပုံငွေ ကျပ်သိန်းပေါင်း ၉ဝဝဝ ကျော်ကို လွှဲပြောင်းပေးထားခဲ့ပြီး အဲဒီရန်ပုံငွေတွေက ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကယ်ဆယ်ရေးတွေမှာ အသုံးပြုမယ့် ရန်ပုံငွေတွေဖြစ်တယ်လို့ ပြောပါတယ်။
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာတော့ အရင်အစိုးရဟောင်းက လက်ရှိ သက်ဆိုင်ရာ တိုင်းအစိုးရတွေကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေ လွဲပြောင်းပေးခြင်းမရှိခဲ့တဲ့အတွက် ပြန်လည်စစ်ဆေးဆောင်ရွက်မှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မကွေးတိုင်းအစိုးရဟောင်းက လွှဲပေးရမယ့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတစ်ချို့ကိုလည်း လက်ရှိ မကွေးတိုင်းအစိုးရကို အရစ်ကျပြန်လည် လွှဲပြောင်းပေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment