ဇလွန်မြို့နယ်၌ ကမ်းပြိုမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသည့် ဒေသခံများ မြေနေရာအခက်အခဲ မရှိစေရေး တိုင်းအစိုးရမှ ကူညီမှုပေးရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ လမ်းညွှန်မှာကြား
ဇလွန် မေ ၁၆
ဇလွန်မြို့နယ်၌ ကမ်းပြိုမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသည့် ဒေသခံများ မြေနေရာ အခက်အခဲ မရှိစေရေး တိုင်းအစိုးရမှ ကူညီမှုပေးရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ကမ်းပြိုမှုကြောင့် အိမ်ခြေများရွှေ့ပြောင်းနေရသည့် ကူးတို့ဆိပ်ကျေးရွာသို့ မေလ ၁၆ ရက်တွင် ကွင်းဆင်းကြည့်ရူစဉ် ဒုတိယသမ္မတက ထိုသို့လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ခရီးစဉ်မှာ ဒုတိတသမ္မတကြီးအနေနဲ့ ကူးတို့ဆိပ်ကျေးရွာအုပ်စုနဲ့ သာဓုချောင်းကျေးရွာ အုပ်စုမှာ ရွှေ့ပြောင်းတဲ့ပြည်သူများ မြေနေရာအခက်အခဲမရှိနိုင်စေရေးအတွက် သူတို့ ရွှေ့ပြောင်းတဲ့ နေရာသစ်များမှာ မြေနေရာရရှိနိုင်ရေး လိုအပ်ခဲ့ရင် တိုင်းဒေသကြီးအစိုးရက ကူညီမှုပေးဖို့ လမ်းညွှန်မှု ပြုခဲ့ပါတယ်”ဟု ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။
“ကျွန်တော်တို့အုပ်ချုပ်မှုပိုင်းအနေနဲ့လည်း ကူးတို့ဆိပ်ကျေးရွာနဲ့ သာဓုချောင်းအုပ်စု ဂုန်ညှင်းတန်းရွာတို့မှာ ရွှေ့ပြောင်းနေရတဲ့ အိမ်ထောင်စုများအနေနဲ့ သူတို့ဝယ်ယူ ရရှိနိုင်တဲ့ မြေနေရာရှိရင် မြေနေရာတန်ဖိုးတွေကို တိုင်းဒေသကြီးကို တင်ပြပြီးမှ အဲဒီ့နေရာတွေမှာ အကွက်ချ၊ အကွက်ရိုက်ပြီးပြောင်းရွှေ့နိုင်ရေးအတွက် လိုအပ်တဲ့အချက်အလက်မှန်သမျှကို ကျွန်တော် တို့ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
ဒေသခံများကြုံတွေ့နေရသည့်အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက “ကူးတို့ဆိပ်ရွာက ကမ်းပြိုမှုဒဏ်အကြိမ်ကြိမ်ခံထားရတယ်။ အခုမေလ အတွင်းမှာတင် သုံးကြိမ်လောက်ကမ်းပြိုလို့ အိမ်ခြေ ၅၀ လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေရ တယ်။ သာဓုချောင်းအုပ်စုကတော့ ပြီးခဲ့တဲ့မိုးတွင်းမှာ ပန်းတာကျိုးပေါက်သွားတဲ့အတွက် အိမ်တွေ ပြောင်းရွှေ့ခဲ့ရတယ်။ ဂုန်ညှင်းတန်းအထက်တန်းကျောင်းကလည်း အခုလက်ရှိမှာ ကမ်းနဲ့ပေ ၂၀၀ လောက်ပဲ ဝေးတော့တဲ့အတွက် ပေနှစ်ထောင်ကျော်ဝေးတဲ့နေရာမှာ ယာယီကျောင်းဆောင် ဆောက် နေရတယ်။ ကျောင်းသားဦးရေက ၁၂၀၀ ကျော်ရှိတဲ့အတွက် ကျောင်းဆောင်မလုံလောက်လို့ အခက်အခဲရှိနေတဲ့အကြောင်း ရွာသားတွေက ဒုတိယသမ္မတကို တင်ပြတယ်။ ပွင့်လင်းရာသီမှာတော့ ကျောင်းဆောင်သစ်ဆောက်ပေးဖို့ လွှတ်တော်က ဘတ်ဂျက်ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်”ဟု ပြော ကြားသည်။
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၌ ကမ်းပြိုမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည့်အိမ်ခြေ များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ ထားသည့်အပြင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကလည်း ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Wednesday, May 17, 2017
ဇလွန်မြို့နယ်၌ ကမ်းပြိုမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသည့် ဒေသခံများ မြေနေရာအခက်အခဲ မရှိစေရေး တိုင်းအစိုးရမှ ကူညီမှုပေးရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ လမ်းညွှန်မှာကြား
ဇလွန်မြို့နယ်၌ ကမ်းပြိုမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသည့် ဒေသခံများ မြေနေရာအခက်အခဲ မရှိစေရေး တိုင်းအစိုးရမှ ကူညီမှုပေးရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ လမ်းညွှန်မှာကြား
Reviewed by Ar Ti
on
2:48 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment