မက္ကစီကို မူးယစ်မှောင်ခိုအကြောင်းရေးသားခဲ့တဲ့ သတင်းထောက် ပစ်သတ်ခံရ
သတင်းထောက် ဗောဒက်ဇ်ဟာ မူးယစ်မှောင်ခိုအကြောင်း ၎င်းရဲ့ သတင်းရေးသားမှုတွေအတွက် ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မူးယစ်မှောင်ခိုအကြောင်း ရေးသားခဲ့တဲ့ မက္ကစီကိုသတင်းထောက် ဗောဒက်ဇ် ပစ်သတ်ခံရမှု
မက္ကစီကိုနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုအကြောင်း သတင်းရေးသားခဲ့တဲ့ သတင်းထောက် ဂျာဗီယာဗောဒက်ဇ် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။ သတင်းထောက် ဗောဒက်ဇ်ဟာ မူးယစ်မှောင်ခိုအကြောင်း ၎င်းရဲ့ သတင်းရေးသားမှုတွေအတွက် ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဗောဒက်ဇ်ကို အမည်မသိ သေနတ်သမားတွေက မက္ကစီကို အနောက်မြောက်ပိုင်း စီနာလိုအာပြည်နယ် ကူလီအာကင်မြို့မှာ တနင်္လာနေ့ (မေလ ၁၅ ရက်) က ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဗောဒက်ဇ်ဟာ အဆိုပါမြို့မှာ နေထိုင်ပြီး သတင်းစာလုပ်ငန်း လုပ်ကိုင်နေပါတယ်။ အသက် ၅၀ အရွယ် ဗောဒက်ဇ်ဟာ မက္ကစီကိုမှ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုအကြောင်း သတင်းရေးသားခဲ့မှုအတွက် Committee to Protest Journalists (CPJ) က ချီးမြှင့်တဲ့ International Press Freedom ဆုကို ၂၀၁၁ ခုနှစ်က ၂၀၁၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ မက္ကစီကိုမှာ ဗောဒက်ဇ်အပြင် ယခုနှစ်အတွင်း အခြား သတင်းထောက်တွေလည်း အသတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဗောဒက်ဇ်ကို ၎င်း တည်ထောင်ထားတဲ့ Ríodoce မက္ကစီကို အပတ်စဉ်ထုတ် သတင်းစာတိုက်အနီး လမ်းမပေါ်မှာ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဗောဒက်ဇ်ရဲ့ Ríodoce အပတ်စဉ်သတင်းစာက မက္ကစီကိုနိုင်ငံအတွင်းမှ မူခင်းတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု သတင်းတွေကို အဓိက ရေးသားဖော်ပြနေပါတယ်။
ဗောဒက်ဇ်ဟာ ၎င်းရဲ့ သတင်းသမားဘဝ နှစ်ပေါင်း ၃၀ နီးပါးအတွင်း မက္ကစီကိုမှ နာမည်ကြီး စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းအပါအဝင် မူးယစ်မှောင်ခိုမှုတွေနဲ့ အုပ်စုဖွဲကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သူ ဖြစ်ပါတယ်။ မက္ကစီကိုကနေ အမေရိကန်ကို မှောင်ခိုတင်သွင်းတဲ့ မူးယစ်ဆေးဝါး ၂၅ ရာခိုင်နှုန်းဟာ စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်နွယ်နေကြောင်းလည်း သိရပါတယ်။
စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းကို အယ်လ်ချက်ပိုလို့လည်း သိထားကြတဲ့ ဂျိုအာကွင်းဂုဇ်မန်းက တည်ထောင်ခဲ့ပါတယ်။ အယ်လ်ချက်ပိုဟာ မက္ကစီကို အကျဉ်းထောင်တွေမှ ၂ ကြိမ် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီးရမိကာ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ မက္ကစီကိုသမ္မတ အန်းနရစ်ပီနာ နီယာတိုက သတင်းထောက်ဗောဒက်ဇ် အသတ်ခံရမှုကို ရှုတ်ချခဲ့ပြီး အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
စီနာလိုအာ ရှေ့နေချုပ် ဂျူအန်ဂျိုစ်ရီအို့စ်က ဗောဒက်ဇ် ပစ်သတ်ခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ၎င်းရဲ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကာအကွယ်ပေးသွားမယ်လို့ ပြောပါတယ်။ CPJ အဖွဲ့အစည်းရဲ့ မက္ကစီကိုနိုင်ငံ ကိုယ်စားလှယ် ဂျန်အဲလ်ဘတ် ဟော့တ်ဆန်က ဗောဒက်ဇ် အသတ်ခံရခြင်းဟာ သတင်းစာပညာနဲ့ မက္ကစီကိုတစ်ဝှမ်းရှိ သတင်းထောက်တွေကို တိုက်ခိုက်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗောဒက်ဇ်ဟာ ပစ်သတ်မခံရမီက အသက်အန္တရယ် ခြိမ်းခြောက်ခံရမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: CNN, Aljazeera, RT, BBC:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment