Latest News

Friday, May 5, 2017

ခုနစ်ဘီလီယံလိုကိစ္စမျိုး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းရှိတယ်လို့ ဦးဝင်းထိန်ပြော

ခုနစ်ဘီလီယံလိုကိစ္စမျိုး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းရှိတယ်လို့ ဦးဝင်းထိန်ပြော

မကွေးတိုင်းဒေသကြီးမှာလို့ ဖြစ်စဉ်မျိုး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားကြောင်း သိရပါတယ်။

‘‘တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အစတွေ ထွက်နေပြီ။ အဲဒီအစတွေဟာ ဘယ်လောက်အထိ ခိုင်မာမလဲ၊ ဘယ်လောက်အထိကြီးမယ်။ အဲဒါတွေက တဖြည်းဖြည်းနဲ့ လာပါလိမ့် မယ်’’ လို့ မေလ ၄ ရက်က မီဒီ ယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။


အစိုးရအပြောင်းအလဲကာလမှာ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းမှရရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ၄ဘီလီယံနဲ့ မော်တော်ယာဉ်အချို့စာရင်းပျောက်ဆုံးမှုကို စိစစ်တွေ့ရှိပြီး အဆိုပါငွေကြေးနဲ့ ပစ္စည်းတွေကို ၂၀၁၇ ဧပြီ ၃၀ ရက်နောက်ဆုံးထားကာ ပြန်လည် လွှဲပြောင်းပေးအပ်ဖို့ ယခင်မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေထံ အသိပေးအကြောင်းကြားစာကို သမ္မတရုံးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

‘‘ဒါတွေကို ကျွန်တော်တို့ နောက်ကြောင်း ပြန်လှန်လို့ရတယ်။ အချိန်မရွေးလှန်လို့ရတယ်။ သို့သော် မလုပ်ချင်ဘူး။ အမျိုးသားရင်ကြားစေ့ရေးကို မူတည်တဲ့အတွက် သူတို့ကို တရားမစွဲဘဲနဲ့ပြန်တောင်းတာ။ အမှန်က ချက်ချင်းတရားစွဲလို့ရတယ်။ တရားစွဲလိုက်ရင် ရှုပ်ယှက်ခတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခဲ့တဲ့ မူဝါဒနဲ့မညီလို့ ပြန်တောင်းတယ်။ သူတို့ကလည်း ပြန်ပေးမယ်ပြောတယ်။ သို့သော် ဘယ်လောက်အထိ ကြာမလဲကတော့ စာရင်းစစ်ချုပ်ရုံးရဲ့ Report ပေါ်မှာမူတည်တယ်’’ လို့လည်း ဦးဝင်းထိန်က ပြောကြားထားတာ ဖြစ်ပါတယ်။


အဆိုပါကိစ္စနဲ့ပတ်သက်လို့ ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းဝန်ကြီးချုပ်ကို တာဝန်ပေးထားတယ်လို့လည်း ပြောကြားထားပါတယ်။
အဆိုပါငွေတွေကို ကိုင်တွယ်သုံးစွဲခဲ့တဲ့အချိန်က မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးလှဆန်းလည်း စာရင်းစစ်အဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်လို့ မေးမြန်းရာ ‘‘ပါနေရင်လည်း ပါနေတဲ့ အတိုင်းအတာအရ သူတို့တာဝန် ယူရမှာပေါ့’’ လို့ ဦးဝင်းထိန်က ပြန်လည်ဖြေကြားထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Source: 7Day Daily
Photos: mcn tv , DVB, Frontier Myanmar
Duwun News

No comments:

Post a Comment