Latest News

Sunday, May 7, 2017

မန္တလေးမြို့ရှိ မဟာမုနိ၊ ကုသိုလ်တော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်

မန္တလေးမြို့ရှိ မဟာမုနိ၊ ကုသိုလ်တော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်

မန္တလေးတိုင်းဒေသကြီး ဆေးလိပ်ငွေ့ကင်းစင်ရေးကော်မတီမှ မန္တလေးမြို့ရှိ မဟာမုနိ၊ ကုသိုလ်တော်နှင့် ကျောက်တော်ကြီးဘုရားများ၏ ပရဝဏ်အတွင်းတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ပထမဆုံးသတ်မှတ်ခဲ့ပြီး ဘုရားများ ပရဝဏ်အတွင်း ဆေးလိပ်မသောက်ခြင်းဖြင့်ကုသိုလ်ယူပါ ဆိုင်းဘုတ်များ ချိတ်ဆွဲတပ်ဆင်သွား မည်ဖြစ်​ကာ မြို့တည်၊နန်းတည် သတ္တဌာနအဆောင်များ၌လည်း ​ဆေးလိပ်​အန္တရာယ်​သတိ​ပေးဆိုင်းဘုတ်​များ မေ ၅ ရက်မှ စ၍ ချိတ်ဆွဲဆိုက်ထူထားပြီးဖြစ်ကြောင်း သိရသည်​။

ထို့ပြင် မန္တလေးဆေးတက္ကသိုလ်တွင် ဇန်နဝါရီ ၁၁ ရက်မှ စ၍ ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်အဖြစ် သတ်မှတ်ကာ ကျောင်းဝင်ပေါက်၌ ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်ဟု ဗွီနိုင်းဖြင့် ရေးသားချိတ်ဆွဲထားပြီး ကျောင်းအတွင်း၌လည်း ဆေးလိပ်သောက်ခွင့်မရှိသော နေရာအဖြစ် သတိပေးဗွီနိုင်းများရေးသားချိတ်ဆွဲထားကြောင်း မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်က ပြောကြားသည်။

''ကျွန်တော်တို့ ကျောင်းအတွင်းမှာ ဆေးလိပ်သောက်တာတွေ့ရင် ပထမအကြိမ် ခေါ်ယူသတိပေးမယ်။ ဒုတိယအကြိမ် မိဘကိုခေါ်ပြောမယ်။ တတိယအကြိမ်ဆိုရင်တော့ ငွေကျပ်သုံးသောင်း ဒဏ်ငွေဆောင်ခိုင်းမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆေးလိပ်စွဲနေတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ဆေးလိပ် ဖြတ်နိုင်မယ့်နည်းလမ်းတွေ ပညာပေးလုပ်ဆောင်ဖို့အထိစီစဉ်ထားပါတယ်''ဟု ပြောသည်။

အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများကို မန္တလေးမြို့အတွင်း၌လည်း အများပြည်သူသွားလာရာ၊ စုဝေးရာနေရာများဖြစ်သည့် ဆေးရုံ၊ ဘဏ်၊ ကျောင်း၊ တက္ကသိုလ်၊ အစိုးရရုံးများ၊ ရထားဘူတာရုံများနှင့် လေဆိပ်များ စသည့်နေရာများတွင် ဆက်လက်သတ်မှတ်ပေးမည်ဖြစ် သကဲ့သို့ ဆေးလိပ် သောက်ရန် နေရာများကိုလည်း တစ်ပြိုင်နက်တည်း သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းကိုကို(MDY News)

No comments:

Post a Comment