နန်စီပွန်ရတနာနယ်မြေ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန် ရတနာနယ်မြေမှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
လာမယ့် မေ ၂၃ ရက်နေ့ အင်္ဂါနေ့လောက်မှာ အခင်းဖြစ်ပွားခဲ့တဲ့ မြေပြင်အခြေအနေကို သွားရောက်စစ်ဆေးမယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။
"ဟုတ်တယ် ကျနော်တို့လည်း မနေ့ကမှသိရတယ်၊ အဲဒါကြောင့် အင်္ဂါနေ့လောက်ပြန်မယ် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ အောက်ခြေ မြေပြင်က အဖြစ်အပျက်ကို ကိုယ်တိုင်သွားပြီးစစ်ဆေးမယ်"
စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ထွန်းက ဥက္ကဌ ဖြစ်ပြီး ခန္တီးမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် စုစုပေါင်း (၈) ဦး ပါဝင်ပါတယ်။
ခန္တီးမြို့နယ်၊ နန်စီပွန် ရတနာနယ်မြေက ရေမဆေးကျောက်ရှာဖွေသူ ၇ဝဝ ကျော်ဟာ ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့က ဦးပိုင်ကုမ္ပဏီလုပ်ကွက်ထဲကို ဝင်ရောက်ပြီး မြေစာပုံမှာ ကျောက်ရှာဖွေခဲ့တာကြောင့် လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ရေမဆေး ကျောက်ရှာဖွေသူ ၃ ဦးသေဆုံး ပြီး ၅ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် ဆီသိုလှောင်ကန် ၃၈ လုံးပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လာမယ့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြဖို့ညွန်ကြားထားတယ်လို့ သိရပါတယ်။
Photo: Aung San Myint
Subscribe to:
Post Comments (Atom)
No comments:
Post a Comment