“အမယ်သားက ဒီနေ့ပြုံးပြုံးနဲ့ ဘာတွေများ တွေ့လို့တုံး”
“တွေ့တာတော့ မဟုတ်ဘူးဖေဖေရေ။ ကြားတာကြားတာ”
“ဘာတွေများ ကြားလို့တုံးသားရေ။ ဆိုစမ်းပါဦး”
“ဒီလိုဖေဖေရေ။ တစ်နေ့က ဖေဖေနဲ့ပြောကြတဲ့ ဆေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ အကြောင်းကို ဆောင်ပါးလေး ရေးလိုက်တော့ မိတ်ဆွေတစ်ယောက်က ဖုံးဆက်လာတယ်။ အခွင့်ရရင် နှလုံးရောဂါဆေး အကြောင်းလေးလည်း ရေးပေးပါဦးတဲ့။ သူက နှလုံးရောဂါသမားလေ…”
“ဟားဟားဟား။ သားက ပွဲတောင်းခံရလို့ ၀မ်းသာနေသပေါ့။ ဟုတ်တော့ဟုတ်တယ်သားရေ။ တို့ အနုပညာရှင်တွေက လက်ခုတ်သံကြားရင် ထကချင်သကိုး။ တစ်ခါတစ်ခါကြတော့လည်း အကလွန်သွားပြီး မှောက်ရက်လဲတတ်တာတွေလည်း ရှိတယ်သားရေ။ ဒါ့ကြောင့် စင်ပေါ်မှာ၊ ကင်မရာရှေ့မှာ အပြောအဆို၊ အနေအထိုင် သိပ်သတိထားရတယ်။ ကိုယ်ကြောင့် ကိုယ်ပရိဿပ်ကို ဒုက္ခမပေးရအောင် နေထိုင်ပြုမူ ပြောဆိုရတယ်”
“ဟုတ်ကဲ့ပါဖေဖေ။ သားကြောင့်၊ သားရေးတဲ့စာတွေကြောင့် လူအများကို ဒုက္ခမပေးရလေအောင် သားဂရုစိုက်ပါ့မယ်”
“သာဓုပါကွယ်။ ဒါထက် သားက နှလုံးရောဂါနဲ့ ပါတ်သက်တဲ့ ဆေးတွေအကြောင်း သိလို့လား”
“ဒီလောက်တော့ မသိဘူးဖေဖေ။ မေမေရဲ့ နှလုံးသွေးကြောကလေးတွေ ပိတ်ဆို့လို့ သောက်တဲ့ ဆေးအကြောင်းကလေးတွေတော့ နည်းနည်းပါးပါး လေ့လာဘူးပါတယ်။ ခက်တာက သားတို့တစ်တွေ လွယ်လွယ်ကူကူနဲ့ နှလုံးရောဂါလို့ ပြောနေပေမဲ့ ဖြစ်ရတဲ့ အကြောင်းအရာတွေက အမျိုးမျိုးရှိသလို သောက်ရတဲ့ဆေးတွေကလည်း အမျိုးမျိုးရှိပါတယ် ဖေဖေ။ ဒါ့ကြောင့်ညကတော့ အင်တာနက် လိုင်းကလေး ကလည်း ကောင်းနေတာကြောင့် ပါတ်သက်မယ်ထင်တဲ့ ဆေးကလေးတွေတော့ စုံအောင်ဖတ်ခဲ့ပါတယ်”
“အေးကောင်းတယ်သား။ အဖေ့ထက် သားတစ်လကြီး သင်တန်းစကြစို့”
“ဟားဟားဟား။ ဖေဖေကတော့ ပြောတော့မယ်။ မဟုတ်ကဟုတ်က”
“ဟုတ်တာတွေပြောတာပါသားရယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီးက ကိုယ့်ထက်သာတာကို အလိုရှိစမြဲပဲ။ ကဲကဲ စကြစို့”
“ပထမဆုံး ပြောမှာက ကယ်လဆီယမ်နဲ့ ပါတ်သက်တဲ့ဆေး၊ ကယ်လဆီယမ်ဓါတ်ကို ထိမ်းသိမ်းတဲ့ ဆေးပါဖေဖေ”
“ဟဲ့သားရဲ့ ကယ်လဆီယမ်ဆိုတာက အရိုးတို့သွားတို့ကို အထောက်အကူပြုတာ မဟုတ်ဘူလား။ ဘာလို့ထိမ်းသိမ်းရမှာလဲကွ”
“ဟုတ်ပါတယ်ဖေဖေ။ ဒါပေမဲ့ ကယ်လဆီယမ်မှာ ကြွက်သားတွေကို ကြုံ့စေတဲ့ သတ္တိလည်း ရှိတယ်ဖေဖေ။ နှလုံးသွေးကြော ကျဉ်းတဲ့သူတွေအတွက်၊ သွေးတွေသိပ်တိုးနေသူတွေအတွက် ကြွက်သားကို ကျယ်စေပြီး၊ သွေးဖိအားကို ကျစေဖို့ ဒီဆေးကို သုံးတတ်ပါတယ် ဖေဖေ။ တစ်ခါတစ်ခါကျတော့ သွေးကြောလေးတွေ တုံ့ဆွဲနေရင်လည်း သုံးတတ်သတဲ့။ ဘာ့ကြောင့်သုံးတယ်။ ဘယ်လောက်သုံးတယ်ဆိုတာ သားက သေသေချာချာ မသိလို့ အသေးစိတ်မပြောတော့ပါဘူး ဖေဖေ။ ဒီမှာပြောချင်တာက ဒီဆေးသောက်ရင် ဘယ်လို ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်တယ် ဆိုတာကိုပါပဲ ဖေဖေ”
“အေးကောင်းတယ်သား။ ဆက်ပြောသား”
“ဒီလို ကယ်လဆီယမ်ကို ထိမ်းကြောင်းတဲ့ ဆေးတွေကြောင့် ခေါင်းကိုက်ခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း၊ အဖျားရှိသလိုဖြစ်ခြင်း၊ မျက်နှာများ ထူအမ်းခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ သွေးခုန်နှုံးမြန်ခြင်း၊ နှေးခြင်းများနဲ့ ဖေါ်ယောင်ခြင်းတွေ ဖြစ်သတဲ့”
“အောင်မယ်လေးလေး။ ပေးဆပ်ရတာတွေကလည်း မနည်းပါလားကွယ်”
“ဟုတ်တယ်ဖေဖေရေ့။ တစ်လက်စတည်း ပြောပြချင်တာကတော့ ဇီဝဓါတ်ကို ထိမ်းရင်းကနေ ဒီလိုပဲ သွေးဖိအားကို လျော့စေတဲ့ ဆေးတစ်မျိုးကြောင့် ဖြစ်စေတဲ့ ဆိုးကျိုး တွေအကြောင်းပါ”
“စောစောက ဆေးကလည်း သွေးကြောကို ကျယ်စေပြီး၊ သွေးဖိအားလျှော့စေတာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်ဖေဖေ။ ဒီဆေးကတော့ မလိုလားအပ်ပဲ၊ လိုတာထက်ပိုနေတဲ့ ဇီဝဓါတ် ဟိုမုန်းဓါတ်တစ်မျိုးကို ထိမ်းချုပ်တဲ့ ဆေး ACE Inhibitor(Angiotensin Converting Enzyme Inhibitor)ကိုသုံးပြီး သွေးဖိအားကို လျော့ကျစေတဲ့ဆေးပါ ဖေဖေ။ ဆေးရဲ့ ရည်ရွယ်ချက်က တူပေမဲ့၊ ဆိုးကျိုးတွေကတော့ နည်းနည်းလေး ကွဲတာလေးတွေ ရှိပါတယ်ဖေဖေ”
“ဘယ်လိုကွဲသလဲ သား”
“တစ်ချို့သော ဝေဒနာရှင်တွေကတော့ သလိပ်မပါသော ချောင်းခြောက်လိုမျိုးတွေ ဆိုးတတ်သတဲ့။ ပြီးတော့ သွေးကြောတွေ ဖေါင်းဖွလို့ မျက်ခွံ၊ နှပ်ခမ်းတွေ ဖူးရောင်သလိုဖြစ်နေတတ်ပြီး၊ လည်ချောင်းနဲ့ လေပြွန်တွေ ဖေါ်ယောင်တာကြောင့် အသက်ရှူကျပ်တာတွေလည်း ဖြစ်နိုင်သတဲ့”
“ကြောက်စရာကြီးပါလားကွယ်”
“ဟုတ်တယ်ဖေဖေ။ ဒါကြောင့် ဆရာဝန်ကြီးတွေက ဆေးပေးတဲ့နေရာမှာ အင်မတန်မှ သတိထားကြတယ်။ သွေးအားနည်းသူနဲ့ သက်ကြီးရွယ်အိုတွေကို ဒီဆေးပေးတော့မယ်ဆိုရင် ပထမ နည်းနည်းခြင်းပေးပြီ၊ သွေးပေါင်ချိန်ကို တိုင်းရင်း၊ စောင့်ကြည့်ရင်းကနေ တစ်ဖြည်းဖြည်း ဆေးကို တိုးပေးတတ်ကြတယ်။ လူနာတွေကလည်း မိုက်ကနဲဖြစ်တာတို့ ဒယိမ်းဒရိမ်ဖြစ်လာရင် အမြန်ဆုံး ဆရာဝန်ကြီးတွေကို ပြောပြ သင့်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရင်လည်း ဆရာဝန်တွေကို ပြောသင့်ပါတယ်”
“ဒါပေါ့သားရဲ့။ ဆရာဝန်ကြီးတွေမှာလည်း ဆရာဝန်ကြီးတွေရဲ့ တာဝန်ရှိသလို၊ လူနာမှာလည်း လူနာရဲ့ တာဝန်ဆိုတာ ရှိပါတယ်”
“အန္တရာယ်အရှိဆုံးကတော့ ကျောက်ကပ်မကောင်းသူတွေနဲ့ ကျောက်ကပ်ဆေးနေရသူတွေပါ။ တစ်ချို့ ဆရာဝန်ကြီးတွေဆိုရင် ဒီဆေးကို ပေးတောင် မသောက်ဘူးလို့ ကြားဘူးပါတယ် ဖေဖေ။ ပြီးတော့ မှားယွင်းစွာ သောက်မိရင်လည်း ဘေးများတာမို့ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်”
“ဟုတ်ပါ့ဗျား”
“နောက်တစ်ခုကတော့ ဂျပန်ပြည်က ဆေးရုံတွေမှာ အသုံးများတဲ့ သွေးကြောကို ချဲ့ပြီး၊ နှလုံးကို သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ အဲအဲ.. ဆေးတစ်မျိုးဆိုပေမဲ့ အသေးစိတ်ပြောရရင်တော့ သုံးမျိုးသုံးစားကွဲတယ်ဖေဖေ”
“ဘယ်လို၊ ဘယ်လိုသားရဲ့”
“ဒီလိုပါ ဖေဖေ။ ပထမတစ်မျိုးကတော့ သောက်ဆေးပါ။ ဒုတိယ တစ်မျိုးကျတော့ တိပ်လိုမျိုး ခန္တာကိုယ်မှာ ကပ်ရတာ။ နောက်ဆုံးတစ်ခုကတော့ သိပ်ပြီး ဝေဒနာ ပြင်းထန်နေရင် သုံးရတဲ့ဆေး”
“အော်အော် ဒါတော့ ဖေဖေသိပြီ။ မင်းမေမေ ရန်ကုန်ဆေးရုံကြီးပေါ်မှာ လဲကျသွားတုံးက လျှာအောက်ကို ထည့်ရတဲ့ ဆေး မို့လား။ နိုက်ထရိုးဆိုလား နီထရိုးဆိုလား။ ဖေဖေတော့ သိပ်မခေါ်တတ်ပါဘူး”
“ဟုတ်တယ်ဖေဖေ။ အခုနောက်ပိုင်းမှာ လျှာအောက်ကို ထည့်တာအပြင်၊ spray တိုက်မျိုးလည်း ရှိတယ်ဖေဖေ။ သွေးကြောတွေကျယ်ကုန်တော့ တစ်ကိုယ်လုံးကို သွေးတွေပို့နေတဲ့ ပန့်သဖွယ်ဖြစ်နေတဲ့ နှလုံးက သိပ်အလုပ်မလုပ်ရတော့ ဘူးပေါ့ဖေဖေရာ”
“စက်ကြီးတွေ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်အောင် စက်ဆီထည့်သလိုပေါ့။ ဟုတ်လား”
“ဖေဖေပြောတဲ့ သဘောပါပဲ။ ဒါပေမဲ့ သူ့လည်း ဆိုးကျိုးကတော့ ရှိတုံးပါပဲ”
“ဟ…. ဘာတွေတုံးကွ”
“ဦးခေါင်းက သွေးကြောတွေပါ ကျယ်လာတော့ ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်ပူချိန်တက်တာတွေပေါ့ဖေဖေ။ ဆေးသောက်ခါစမှာ အဖြစ်များသလို တစ်ဖြေးဖြေးနဲ့ ဆေးယဉ်သလိုဖြစ်သွားတတ်တယ်လို့လဲ ဆိုပါတယ်”
“တော်တော်လေး သတိထားရမှာပါလားကွယ်”
“သူ့ထက်သတိထားသင့်တာက စောစောက ပြောတဲ့ သွေးကြောကျယ်စေတဲ့ တစ်ခြားဆေးတွေနဲ့ တွဲသုံးရင် လိုတာထက် သွေးပေါင်ချိန်ပိုကျသွားနိုင်လို့ အသက်အန္တရယ်လည်း စိုးရိမ်ရသလို ရောဂါပြင်းထန်နေတဲ့ လူနာရဲ့ လျှာအောက်မှာ ဆေးကို ထည့်ထားပေမဲ့ မြိုချလိုက်ရင် နောက်တစ်လုံး ထပ်ထည့်သင့်တယ်။ လျှာအောက်က သွေးကြောလေးတွေကနေ အမြန်ဆုံး တစ်ကိုယ်လုံးက သွေးကြောတွေကို ပျံ့နှံ့စေချင်လို့ပါ။ ပြီးတော့ ဆေး ၃လုံးလောက် လျှာအောက်ကို ထည့်ရဲ့နဲ့၊ ဒါမှမဟုတ် မိနစ်၂၀လောက် ဝေဒနာ သိပ်ပြင်းပြစွာ ခံစားနေရတဲ့အခါ အမြန်ဆုံး ဆေးရုံကို ခေါ်သွားသင့်ပါတယ်”
“ကြားရတာ မသက်သာလိုက်တာကွယ်”
“နောက်တစ်မျိုးကလည်း ဆေးရုံတွေမှာ အသုံးများတဲ့ အာရုံကြောပိုင်းကနေ ထိမ်းချုပ်တဲ့ ဆေးတစ်မျိုး အကြောင်းပဲ ဖေဖေ”
“ဆိုပါဦးကွဲ့”
“ရောဂါအနာအဆာရှိနေတဲ့ နှလုံးဟာ သူ့တာဝန်ကို ကျေပြွန်စေဖို့ အတွက် စိတ်အာရုံကြောကြီးကနေ….
အလုပ်လုပ်စမ်း။
နှလုံးခုန်စမ်း။
အပျင်းမတစ်နေနဲ့ လို့
အမြဲတစ်စေ နှလုံးကို လှုံဆော်အတင်းမောင်းနေသတဲ့”
“သြော် နလုံးခမျာ သနားစရာပါလားကွယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေရဲ့နဲ့ အဟောက်အကြိမ်းအမောင်း ခံနေရရှာပါလားကွယ်”
“ဟုတ်တယ်ဖေဖေ။ စိတ်ဦးဏှောက်အာရုံကြောက အမိန့်ပေးတော့ မရပ်မနား လှုပ်လျှားရတဲ့ နှလုံးလေးမှာ ပိုပြီးတော့ အားနည်းအားလျော့လာရတာပေါ့ ဖေဖေရယ်။ ဒီတော့ အဲ့သလို မဖြစ်ရလေအောင် အဲ့သည့် အာရုံကြောကို နည်းနည်းလေး ဘရိပ်အုပ်ပေးတဲ့ ဆေးပါဖေဖေ”
“သူ့ကျတော့ရော ဘာတွေ ဆိုးကျိုးပေးပြန်သလဲ”
“သူလည်း ထုံးစံအတိုင်း သွေးဖိအားကျဆင်းပြီး ခေါင်းမူး၊ ဒယိမ်းဒရိမ်နဲ့ ပင်ပန်းနွမ်းမယ်မှူ့တွေ ဖြစ်တာပေါ့။ သွေးခုန်နှုံးတွေလည်း ကျဆင်းလာတယ်။ နှလုံးလှုပ်လျှားမှ့ အားမကောင်းလို့ ဖေါ်ယောင်တာတွေလည်း ဖြစ်လာတတ်ပါတယ်”
“မင်းဟာကလဲ ဦးနင်းတော့ ပဲထောင်၊ ပဲ့နင်းတော့ ဦးထောင်ဆိုသလို ဖြစ်နေပါပေါ့လားကွယ်”
“ဒါ့ကြောင့်လည်း ဒီဆေးတွေကို အများအားဖြင့် ဆေးရုံမှာ၊ ကျမ်းမာရေးဝမ်းထမ်းတွေရဲ့ လက်အောက်မှာ ကျပ်ကျပ်မတ်မတ် စောင့်ရှောင့်ရင်း ပေးကြတာပေါ့ ဖေဖေ။ ပထမ အစမှာ လူနာအခြေအနေကို ကြည့်ပြီး အနည်းဆုံး ဆေးပမာဏကနေ စကြရပါတယ်။ နလုံးအားနည်းသွားတာနဲ့ ခေါင်းမူးဝေ ခြင်းတို့ကို ကြည့်ရင်းက ဆေးကို လိုတိုး၊ ပိုလျှော့ လုပ်ကြရပါတယ်။ ကိုယ့်သဘောနဲ့ကို လျှော့တိုးရပ်ဆိုတာတွေ လုံးဝ မလုပ်သင့်ပါဘူး။ ပြီးတော့ ဒီဆေးဟာ ခုသောက်ခုပျောက်ဆိုတဲ့ ဆေးမျိုးမဟုတ်ပဲ အနည်းဆုံး ၂လ၊ ၃လလောက် စွဲစွဲမြဲမြဲ သောက်သင့်တဲ့ဆေးပါ။ ပြီးတော့ ရက်ရှည်လများ သောက်ပြီးမှ ရပ်လိုက်ရင်လည်း သွေးတိုးလာတာတို့၊ သွေးကြောကျဉ်းတာတို့၊ နှလုံးခုန် မမှန်တာတို့ ဖြစ်နိုင်တာကိုလည်း သတိထားရမယ်”
“အေးဒါ့ကြောင့် ဆရာဝန်ကြီးတွေက ကျပ်ကျပ်မှတ်မှတ် ဆေးပေးကြတာကိုး”
“ဒါပေါ့ဖေဖေရဲ့။ ဒီဆေးဟာ အက်စမာလို ချောင်းဆိုးရင်ကျပ်ပန်းနာသမားတွေအတွက် ကောင်းကျိုး မပေးတတ်သလို၊ ဆိုကျိုးတွေကသာ တစ်ခုပြီးတစ်ခုပေါ်ပြီး၊ ကောင်းကျိုးအာနိသင်ကြတော့ ထင်သလောက် မပေါ်တာတွေလည်း ရှိတတ်သတဲ့”
“တော်တော် သုံးရခက်တဲ့ဆေးပါလားကွဲ့”
“သားတို့လို သာမာန်သူတွေကတော့ ဒီလိုပဲ တွေးမှာပဲပေါ့။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက သားတို့မသိသေးတဲ့ တစ်ခြား ကောင်းကျိုးတွေရှိလို့ နေမှာပေါ့ဖေဖေ။ ဒါကြောင့် နောက်ဆေးတစ်မျိုး အကြောင်း ဆက်ပြောကြစို့”
“အေးကောင်းတယ်သား။ ဆက်စမ်းကွာ”
“သူကတော့ သွေးတွေကို မပျစ်ခဲစေအောင်လို့ လုပ်တဲ့ဆေးပါ”
“ဒါတော့ငါရိပ်မိပြီးသား။ အင်ဂျင်ဝိုင်လို သိပ်ဟောင်းလာရင် လည်ပါတ်နုံးတွေ မကောင်းမှာ စိုးလို့ မဟုတ်လား”
“ဟုတ်ပါတယ် ဖေဖေ။ ဒါ့အပြင် သွေးတွေခဲပြီး သွေးကြောတွေ ပိတ်ဆို့ခြင်းမှ ကာကွယ်ချင်တာလည်း ပါတယ်ဖေဖေ။ သားတို့ရဲ့သွေးထဲမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးထွက်မလွန်ရစေအောင် သွေးကိုခဲစေတဲ့ သတ္တိတစ်မျိုးရှိတယ်လို့ ဖေဖေကြားဘူးမှာပေါ့”
“ကြားဘူးရုံတင်မကဘူး၊ လက်ဒါးရှရင်တောင် ၃မိနှစ်လောက် ဖိထားပေးလိုက်ရင် ကပ်စေးကပ်စေးဖြစ်ပြီး သွေးတိတ်သွားတာတောင် မြင်ဘူးပါတယ်ကွာ”
“ဟုတ်တယ်ဖေဖေ။ အဲ့သည့်ဓါတ်က နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်တဲ့သူတွေမှာ ပိုပြီး ခဲစေတတ်ပါတယ်။ ဒါ့ကြောင့်အဲ့သည် ဓါတ်ကို ပျယ်ပျက်စေတဲ့၊ သွေးကို ပြစ်ချွဲချွဲကြီး မဖြစ်အောင်၊ သွေးကျဲကျဲ ဖြစ်ရလေအောင် လုပ်ပေးတဲ့ဆေးပါ။ ပြီးတော့ နှလုံးသွေးကြောပိတ်လို့ သံချောင်းလို့ခေါ်မလား၊ သံပြွန်လို့ ခေါ်ရမလား အဲ့သလို အရာတွေ ထည့်ထားရတဲ့ နှလုံးရောဂါဝေဒနာရှင်တွေကတော့ ရုပ်တစ်ရက် အစားထိုးထည့်ထားတဲ့နေရာတွေက ပိတ်သွားတတ်တယ်။ ဒါ့ကြောင့် ဒီဆေးကို သုံးကြပါတယ်”
“အော် တော်တော်လည်း အာနိသင်ပြင်းပါလားကွယ်။ ကဲပြီးတော့ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ”
“နှာခေါင်းတို့၊ သွားဖုံးတို့၊ အရေပြားအောက်တွေကနေ သွေးထွက်တတ်တယ်။ ဆေးအမျိုးအစား ပေါ်မူတည်ပြီး အသည်းကို ထိခိုက်လို့ ပင်ပန်နွမ်းနယ်၊ အစားအသောက်ပျက်တတ်သလို၊ အအေးမိတာမဟုတ်ပဲ ကိုယ်ပူတာတို့၊ လည်ချောင်းနာတာတို့ ရှိသတဲ့။ တစ်ချိုဆို အင်ပြင်ထသလိုမျိုး အနီကွက်ကြီးတွေလည်း ပေါ်တယ်တဲ့ ဖေဖေရေ”
“ကြောက်စရာကြီးပါလားကွယ်”
“အသက်က ပိုအရေးကြီးတော့လည်း ဒါတွေကို ဂရုမစိုက်နိုင်တော့ဘူးပေါ့ဖေဖေရယ်။ ပြီးတော့ တစ်ချို့အမျိုး အစားကြတော့ အစာအိမ်ကို သွားထိခိုက်လို့ အစာအိမ်ရောက်တာတို့ ဗိုက်အောင့်တာတို့လည်း ဖြစ်သတဲ့။ နောက်ထပ် တစ်ခြားဆေးတစ်ခုကတော့ သွေခုန်နှုံးတွေ မြန်တာလည်း ရှိသတဲ့ဖေဖေရယ်”
“အေးပေါ့ကွယ်။ ရောဂါဖြစ်လာမှတော့၊ ခန္တာကိုယ်ကြီးရှိနေမှတော့ အိုနာသေခြင်း၊ ဘယ်မှာရှောင်ကွင်းလို့ ရနိင်ပါ့မလဲကွယ်”
“ဟုတ်တယ်နော်ဖေဖေ။ ဖေဖေသိပ်စိတ်ညစ်သွားမှာဆိုးလို့ အဲ့သလိုမျိုး သွေးမခဲအောင် ထိမ်းချုပ်တဲ့ တစ်ခြားဆေးတွေလဲရှိပေမဲ့ မပြောတော့ပါဘူး။ ဆိုးကျိုးတွေကလည်း အတူတူ သဘောလောက်ရှိလို့ပါ။ တစ်ခုတော့ ရှိတယ် ဆေးသောက်နေခိုက်မှာတော့ တတ်နိုင်သလောက် အနာတစ်ရ မဖြစ်စေလိုဘူး။ ဘာကြောင့်လည်းဆိုတော့ တော်တော်နဲ့ သွေးမခဲတော့၊ သွေးထွက်များမှာစိုးလို့ပါ”
“အေးပေါ့ကွယ် ကျမ်းမာတုံးတောင် သတိထားသင့်တာဆိုတော့၊ အခုလို ရောဂါရှိ ဆေးသောက်သုံး ကုသနေခိုက်မှာ ပိုပြီးတော့ သတိပြုသင့်တာပေါ့။ အသက်ဥဏ်စောင့်တဲ့။ သွားသတိ၊ လာသတိ၊ စားသတိတွေအပြင် တို့လို စာရေးသူတွေအတွက်တော့ ရေးသတိ၊ ပြောသတိပါ ထားကြရမှာပေါ့ကွာ”
“ဟုတ်တယ်၊ ဟုတ်တယ်ဖေဖေ။ သားဆိုရင် ကိုယ်တိုင်က ဆရာဝန်မဟုတ်တော့ ရေးလိုက်တိုင်း ရေးလိုက်တိုင်းမှာ သိပ်စိုးရိမ်ရတယ်။ ကြာရင် သားကိုယ်တိုင် နှလုံးရောဂါ ရတော့မယ်”
“ဒါကတော့ကွယ်။ စေတနာ အဓိကပါ။ ကဲဆက်စမ်းပါဦး။ ဘာတွေကျန်သေးသလဲ”
“သားသိတာတော့ နောက်ထပ် သုံးမျိုးလောက်ပါ ဖေဖေ။ လွယ်လွယ်နဲ့ပြောရရင်တော့
ဆီးများများသွားပြီး ကိုယ်ထဲက မလိုလားအပ်တဲ့ ရေတွေကို ထုပ်ဖြစ်စေတဲ့ဆေး၊
သွေးထဲမှာရှိတဲ့ ပိုနေတဲ့အဆီ ကော်ရက်စတော် တွေကို လျှော့ချတဲ့ဆေးနဲ့
နှလုံးကို စည်းချက်ဝါးချက်မှန်မှန် လှုပ်လျှားစေပြီး တစ်ကိုယ်လုံးကို သွေးတွေမှန်မှန် လည်ပါတ်စေတဲ့ ဆေးတွေပါဖေဖေ”
“အေးအေး အဲ့တာဆိုရင်တော့ သူတို့ဆိုးကျိုးလေးတွေပဲ လွယ်လွယ်နဲ့ ရှင်းပြကွာ။ သားလည်း အိမ်ပြန်နောက်ကျနေမှာစိုးလို့ပါ”
“ဟုတ်ကဲ့ဖေဖေ။ သားအတတ်နိုင်ဆုံး အကျဉ်းချုံးပါ့မယ်။
ဆီးများများသွားပြီး ကိုယ်ထဲက မလိုလားအပ်တဲ့ ရေတွေကို ထုပ်ဖြစ်စေတဲ့ဆေးကတော့ ကိုယ်ထဲမှာ ရေဓါတ်၊ သထ္ထုဓါတ်တွေနည်းသွားနိုင်တယ်။ အကြားအာရုံအားတွေ လျော့သွားတတ်သလို ရင်သားတွေ တင်းတတ်ပါသတဲ့။
သွေးထဲမှာရှိတဲ့ ပိုနေတဲ့အဆီ ကော်ရက်စတော်တွေကို လျှော့ချတဲ့ဆေးကတော့ အသည်းကို အားရော့စေလို့ အစားအသောက်ပျက်တာတို့ ပင်ပန်းတာတို့ဖြစ်တတ်ပါသတဲ့။ ပြီးတော့ အားကစားလုပ်လို့ မဟုတ်ပဲ ကြွက်သားတွေက နာကျဉ်ကိုက်ခဲတတ်ပါသတဲ့။ ခြေလက်တွေက အားမရှိသလိုနဲ့ တစ်ချို့ကြတော့လည်း ဆီးအရောင်က နည်းနည်းနီနေတတ်တယ်လို့ ဆိုပါတယ်။
နှလုံးကို စည်းချက်ဝါးချက်မှန်မှန် လှုပ်လျှားစေပြီး တစ်ကိုယ်လုံးကို သွေးတွေမှန်မှန် လည်ပါတ်စေတဲ့ ဆေးကတော့ အဆုပ်ကို နည်းနည်းသွားသက်ရောက်လို့ အဆုပ်ရောင်တာ၊ အသက်ရှူကြတ်တာ၊ ချောင်းဆိုးတာတွေ ဖြစ်တယ်။ ပြီးတော့ အစားအသောက်ပျက်၊ ကိုယ်တွေအေးစက်၊ ချွေးစေးတွေ ထွက်တတ်ပြီး၊ ၀ိတ်တွေလည်း ကျတတ်သတဲ့။ မျက်စေ့ဝိုးဝါးတတ်သလို၊ အသည်းစွမ်းရည်ကိုလည်း ကျဆင်းလို့ အစားအသောက်ပျက်ပြီး၊ လွယ်လွယ်နဲ့ ပင်ပန်းလွယ်တတ်ပါတယ်ဖေဖေ”
“ကြားရတာလည်း မသက်တာပါလားကွယ်”
“ဟုတ်ကဲဖေဖေ။ ဒါ့ကြောင့်နောက်ဆုံး နှလုံးရောဂါဆေးတွေ သောက်သုံးနေတဲ့ ရောဂါရှိ မိတ်ဆွေတွေကို ပြောချင်တာက ဆေးကြောင့် ရောဂါပျောက်နိုင်သလို တစ်ခြားသော ဆိုးကျိုးတွေလည်းရှိတယ်။ ပြီးတော့ ဆေးတစ်ခုနဲ့ တစ်ခု ပေါင်းသောက်ရင် အာနိသင်ပျယ်တတ်သလို၊ ဆေးသိပ်တိုးလို့ ခန္တာကိုယ်နဲ့ ရောဂါက မလိုက်နိုင်တာတွေလည်း ဖြစ်တတ်တော့ ကိုယ်သောက်နေတဲ့ဆေးကို သက်ဆိုင်ရာ ကျမ်းမာရေး ၀န်ထမ်းတွေကို အသိပေးရသလို ကိုယ်တိုင်လည်းနားလည်အောင် လုပ်သင့်ပါတယ်လို့…. ”
“အေးအေး…သာဓုပါကွယ်၊ သာဓု၊ သာဓု။”
သုခ(သား)
No comments:
Post a Comment