Latest News

Friday, May 5, 2017

အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ...ဘာပဲ ဖြစ်ဖြစ် ရင့်ကျက်ပါ

အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ...ဘာပဲ ဖြစ်ဖြစ် ရင့်ကျက်ပါ

၂၀၁၆ ဇူလိုင်လတုန်းက ထုတ်ဝေခဲ့ပြီးသား “ဘာပဲဖြစ်ဖြစ် ရင့်ကျက်ပါ“..ဆိုတဲ့စာအုပ်ထဲက စာလေးတစ်ပုဒ်ပါ။
(မဖတ်ရသေးတဲ့မိတ်ဆွေတို့အတွက်ပြန်တင်ပေးလိုက်ပါတယ်)

လူအများစုက အောင်မြင်တဲ့အချိန်မှာ ရင့်ကျက်နိုင်ကြတယ်။သဘောထားကြီးနိုင်ကြတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါမှာ မရင့်ကျက်နိုင်ကြသလို၊ သဘောထားလည်း မကြီးနိုင်ကြတော့ဘူး... အဲဒီအတွေးလေးနဲ့ ဒီစာလေးကို ရေးဖြစ်ပါတယ်။အရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ ကိုယ့်အနေနဲ့ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အတွေးလေးပါ။
================================
အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ...ဘာပဲဖြစ်ဖြစ် ရင့်ကျက်ပါ။

လောကမှာ မရှုံးဘူးတဲ့ သူ မရှိပါဘူး။ များများရှုံးတာနဲ့ နည်းနည်းလေး ရှုံးဖူးတာပဲ ကွာပါလိမ့်မယ်။

လူတိုင်း ရှုံးဖူးတယ်။ အရှုံးရဲ့ အရသာကိုလည်း လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ အရှုံးကို လက်ခံထားပုံနဲ့ ရင်ဆိုင်ကြပုံကတော့ ကွဲပြားကြပါတယ်။ အရှုံးနဲ့ပတ်သက်ပြီး ကျွန်မ မြင်တွေ့ထားရတဲ့ သူ သုံးမျိုးသုံးစား ရှိပါတယ်။
ပထမတစ်မျိုးကတော့ တစ်ခါရှုံးဖူးသွားတာနဲ့ အဲဒီအရှုံးရဲ့ အရသာကို ကြောက်သွားပြီးတော့ ... ရှေ့ဆက်မတိုးတော့ဘူး။ အရှုံးကို လက်မြှောက်အရှုံးပေးလိုက်တာပေါ့။ ဒါကတော့ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ သူပေါ့။ အဲလိုလူမျိုးကိုတော့ အရှုံးက အမြဲတမ်း အနိုင်ယူလေ့ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ အရှုံးကို သူက နဂိုကတည်းက ကြောက်စိတ်နဲ့ အနိုင်ပေးထားခဲ့တာကိုး။

ဒုတိယတစ်မျိုးကတော့ ရှုံးလိုက်တာနဲ့ အရှုံးရဲ့ အရသာနဲ့ အနိုင်ယူမှုကို သိသွားတယ်။ ကြောက်လည်း ကြောက်သွားတယ်။ ဒါပေမဲ့ အဲဒီကြောက်တဲ့ အဆင့်မှာပဲ ရပ်မနေလိုက်ဘူး အဲဒီအရှုံးကို အလဲထိုးဖို့ ပြန်ထပါတယ်။ အဲဒီလို ပြန်ထရင်းနဲ့ ရှုံးတာလည်း ကြုံရတာပဲ ...။ ဒါပေမဲ့ သူက အရှုံးကိုတော့ နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ပြန်ထပြီး အရှုံးကို နိုင်ဖို့ ကြိုးစားပါသေးတယ်။

သူ့ရဲ့ ကြိုးစားမှုကို အရှုံးကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ သူ့ရဲ့ အလဲထိုးမှုကိုတော့ လျော့မပေးပါဘူး။ အရှုံးကို သူကလည်း နိုင်အောင် ကြိုးစားရင်းနဲ့ အရှုံးကို နိုင်လိုက်၊ သူက အရှုံးကို အရှုံးပေးရလိုက်နဲ့ သူနဲ့ အရှုံးဟာ အပြန်အလှန် အနိုင်ယူနေကြရပါတယ်။ အဲလို သူမျိုးကိုတော့ အရှုံးက နားလည်ထားတယ်၊ ဒီလို လူမျိုးက လွယ်လွယ်ကူကူနဲ့တော့ အရှုံးပေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။

တတိယတစ်မျိုးကျတော့  အရှုံးရဲ့ အရသာကိုလည်း သိသလို၊ သူလည်း အရှုံးကို ကြောက်တာပါပဲ။ ဒါပေမဲ့ သူက အရှုံးကို သူလက်ခံရတဲ့ အခြေအနေကို သေချာမှတ်သားထားတယ်။ ဘယ်လိုအချိန်နဲ့ ဘယ်လိုအခြေအနေမျိုးမှာ အရှုံးက သူ့ကို အနိုင်ရတတ်သလဲ ဆိုတာကိုလည်း သေချာမှတ်သားလေ့လာတယ်။ အဲလိုနဲ့ သူက အရှုံးကို နိုင်ဖို့ ကြိုးစားတာပါပဲ။ ကြိုးစားတဲ့ နေရာမှာတော့ တစ်ခါရှုံးလိုက်တိုင်း သူ့မှာ မှတ်သားစရာတစ်ခု ရလိုက်တယ်။

သူက အရှုံးချည်းကိုပဲ လက်ခံရယူလိုက်တာ မဟုတ်ဘူး။ သူပေးလိုက်ရတဲ့ အရှုံးနဲ့ တန်တဲ့သင်ခန်းစာတစ်ခုကို ရရှိအောင် သူက လုပ်လိုက်နိုင်တယ်။ အဲလိုနဲ့ အရှုံးနဲ့ သူနဲ့လည်း အပြန်အလှန် တိုက်ကြရင်းနဲ့ သူက သူ့ရဲ့ အားနည်းချက်နဲ့ အရှုံးရဲ့ အားနည်းချက်တွေကို တဖြည်းဖြည်းနဲ့ သိလာတယ်။ သူပိုပြီး ကျွမ်းကျင်လာတယ်။ အဲလိုနဲ့ အရှုံးနဲ့ သူနဲ့ တိုက်တဲ့ အခါတိုင်းမှာ သူက အရှုံးကို ဘယ်တော့မှ အရှုံးမပေးတဲ့ သူ ဖြစ်လာခဲ့တယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲလိုလူ ၃ မျိုး ရှိပါတယ်။

ပထမတစ်မျိုးလို လူကတော့ တော်တော်လေးများများတွေ့ရပါတယ်။ သူတို့က ရှုံးမှာ ကြောက်တဲ့စိတ်နဲ့ လောကကြီးထဲမှာ ရင်သန်ကြတယ်။ ရှုံးမှာကြောက်လို့ မစွန့်စားကြဘူး၊ ရှုံးမှာ ကြောက်တဲ့စိန်ကြောက် အခွင့်အရေးဆိုတာကို တွေ့ရင်တောင်မှ မယူရဲကြဘူး။ အဲလို အရှုံးကို လက်မြှောက်အရှုံးပေးထားတဲ့အတွက် သူ့ကို အရှုံးက အနိုင်မယူဘူးလို့တော့ မထင်လိုက်ပါနဲ့...။ သူ့ကိုလည်း အရှုံးက ထပ်ခါထပ်ခါ အဖန်တလဲလဲ အနိုင်ယူနေတာပါပဲ။

ဒုတိယ လူမျိုးကလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ များများရှိနေပါသေးတယ်။ သူတို့ကလည်း ရှုံးမှာ ကြောက်ပေမဲ့ အရှုံးကိုတော့ လွယ်လွယ်လေးနဲ့ သူတို့ကို အနိုင်ယူခွင့်မပေးပါဘူး။ အင်အားရှိသလောက် တုန့်ပြန်တယ်။ သတ္တိလည်း ရှိကြတယ်။ ဒါပေမဲ့ အရှုံးကို အနိုင်ယူနိုင်တဲ့ နည်းလမ်းကိုတော့ မရှာဖွေဘူး။ သူတို့က အင်အားနဲ့ ပြန်တိုက်ဖို့ပဲ အားသန်ကြတာကိုး။

တတိယလူမျိုးတွေကတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အနည်းငယ်ခန့်သာ တွေ့ရတဲ့ သူတွေပါ။ သူတို့က အောင်မြင်သူတွေအဖြစ် ရပ်တည်ရှင်သန်နေကြတယ်။ အရှုံးနဲ့ တွေ့ဆုံကြတဲ့ အကြိမ်အရေအတွက်ဟာ ရှေ့က ပထမလူနဲ့ ဒုတိယ လူထပ် ပိုများတယ်။ မကြာခဏအရှုံးနဲ့ တိုက်လိုက်၊ လဲလိုက် ပြန်ထလိုက်နဲ့ အဲလိုတိုက်ရင်းနဲ့ အရှုံးနဲ့ တိုက်ရတာ ကျွမ်းကျင်လာတယ်။ သူတို့က ပညာပါပါ ရင်ဆိုင်ကြတယ်။ တစ်ခါရှုံးတိုင်း သင်ခန်းစာယူနိုင်တယ်။ နောက်အဲလို မဖြစ်အောင် ပြုပြင်တယ်။ ပြီးရင် နောက်တစ်ကြိမ်အရှုံးနဲ့ ပြန်ရင်ဆိုင်တယ်။ တိုက်တယ်။ နိုင်တဲ့အခါမှာလည်း မှတ်သားထားတယ်။ ပိုအားကောင်းအောင် ပြင်စရာရှိတာ ပြင်ပါတယ်။  ရှုံးရင် ပြန်ပြီး သင်ခန်းစာယူရင်နောက်တစ်ပွဲအတွက် ပြင်ဆင်ထားလိုက်တယ်။ အဲလို အဆင့်ဖြစ်လာရင်တော့ တော်ရုံအရှုံးဆိုတာကို ကြောက်လည်း မကြောက်၊ လက်လည်း မမြှောက်တော့ဘူး။ သူတို့မှာ ကျွမ်းကျင်မှုနဲ့ ယုံကြည်မှုက ခိုင်မာသွားပြီကိုး။
တကယ်တော့ ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်မှုကို သွားရာလမ်းကြောင်းတစ်ခုမှာ မဖြစ်မနေတွေ့ရမဲ့ ရင်ဆိုင်ရမဲ့ သူပါပဲ။

မရှုံးဘူးတဲ့သူဆိုတာ မအောင်မြင်သေးတဲ့ သူပါပဲ။ တစ်ခါမှ မရှုံးဘူးဖူးဆိုရင် သူဟာ မအောင်မြင်နိုင်ဘူးလို့တောင် ဆိုနိုင်ပါသေးတယ်။ ရှုံးတာက ကြောက်စရာမဟုတ်ပါဘူး။ အဲဒီအရှုံးထဲကနေ ဘာမှ မရယူနိုင်လိုက်မှာပဲ စိုးရိမ်ရတာပါ။

ဆိုပါတော့ တစ်ခါရှုံးသွားပြီ ကိုယ်က ကိုယ့်ကိုယ်ကို ဘာပြင်ရမယ်၊ ဘာကြောင့် ဆိုတာကို မသိလိုက်ရင်တော့ နောက်တစ်ကြိမ်မှာလဲ အဲလိုနည်းလမ်းနဲ့ ရှုံးနိုင်ပါသေးတယ်။ အဲဒါကြောင့် နောက်တစ်ခါရှုံးသွားတိုင်း သင်ခန်းစာယူနိုင်အောင် ကြိုးစားသင့်တာပါ။ နောက်တစ်ကြိမ်မှာ ဒီလိုမမှားဖို့နဲ့ အရှုံးဖို့ကို ကိုယ်က ပြင်ဆင်နိုင်ရင် အဲဒီအဆင့်လောက်ကို ကိုယ်က ဖြတ်ကျော်သွားနိုင်ပါပြီ။

ဘ၀ဆိုတာကို တိုက်ပွဲလို့ မြင်တဲ့  သူတွေရှိသလို၊ ဂိမ်းကစားသလို ယူဆတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအဆင့်မှာ ကိုယ်က ရှုံးနေတာကို နိုင်မှ နောက်တစ်ဆင့် တက်ပြီး ကစားရမှာလေ။ အဲဒါကြောင့် အတွေ့အကြုံကိုလည်း အသုံးပြုရမှာဖြစ်သလို၊ ဒီထက်ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို အမြဲစဉ်းစားပါလို့ တိုက်တွန်းပါရစေ။

ကျေးဇူးတင်ပါတယ်ရှင်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
 မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment