ကျပ်သိန်းတစ်သောင်းဆုရှင် ဦးအေးထွန်းက ရွာသူ၊ ရွာသားတွေကို
ပုဂံဘုရားဖူး ပို့ပေးမယ်
ဦးအေးထွန်းဟာ ကျပ်သိန်းတစ်သောင်းဆု မဆွတ်ခူးမီက အဆိုပါရွာမှာ စက်လှေမောင်းသူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ဒုတိယအကြိမ် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆုရှင် ဦးအေးထွန်းက သူ့ရွာက ရွာသူ၊ ရွာသား ၁၅၀ ခန့်ကို ဇွန်လအတွင်း ပုဂံ၊ ညောင်ဦးကို ဘုရားဖူးခရီး ပို့ဆောင်ပေးမယ်လို့ ပြောကြားထားပါတယ်။
ထန်းတပင်မြို့နယ် အထက်ခြံတန်းကျေးရွာနေ ကျပ်သိန်း တစ်သောင်းဆုရှင် ဦးအေးထွန်းက ရွာသူ၊ ရွာသားတွေကို ပုဂံ၊ ညောင်ဦး ဘုရားဖူးလိုက်ပို့ဖို့ စီစဉ်နေပြီး ခရီးစဉ်ဟာ ငါးရက်ခန့် ကြာမြင့်နိုင်ကာ ကုန်ကျစရိတ်အားလုံးကို သူက ကျခံပေးမှာဖြစ်တယ်လို့ သိရပါတယ်။
‘‘လိုက်မယ့်လူစာရင်းကတော့ မငြိမ်သေးဘူး။ အခုအချိန်အထိတော့ လူ ၁၅၀ လောက်ရှိမယ်။ ခန့်မှန်းထားတာပေါ့။ အခုက ရာသီဥတုပူသေးလို့ ခြောက်လပိုင်းလောက်မှ သွားဖြစ်မယ်။ ကုန်ကျမယ့်စရိတ်တော့ မတွက် ထားရသေးဘူး။ ကုန်ချင်သလောက် ကုန်ပါ။ နောက်ထပ် လိုက်ချင်သူရှိရင်လည်း ခေါ်သွားဦးမယ်’’ လို့ ဦးအေးထွန်းက ပြည်တွင်းသတင်းစာကြီးတစ်စောင်ကို ပြောကြားထားပါတယ်။ ဦးအေးထွန်းဟာ ကျပ်သိန်းတစ်သောင်းဆု မဆွတ်ခူးမီက အဆိုပါရွာမှာ စက်လှေမောင်းသူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ထီမထိုးမီကတည်းက ထီပေါက်ရင် တစ်ရွာလုံးကို ပုဂံ၊ ညောင်ဦး ဘုရားဖူးလိုက်ပို့မယ်လို့ ရည်ရွယ်ထားတာကြောင့် အဆိုပါရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်တာဖြစ်တယ်လို့ ဦးအေးထွန်းက ပြောကြားထားပါတယ်။
ကျပ်ငါးရာတန် အောင်ဘာလေထီရဲ့ ကျပ်သိန်းတစ်သောင်းဆုကို (၁)ကြိမ်မြောက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နေ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့် လှစ်ထားသူ ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment