Latest News

Thursday, May 11, 2017

ကောင်းကျိုးဆိုးကျိုးများ - ၃(ကျောက်ကပ်ဆေးများ)

ကောင်းကျိုးဆိုးကျိုးများ(၃/ ကျောက်ကပ်ဆေးများ)

“ဖေဖေရေ။ ဖေဖေ”
“ဟဲ့သား ဘာဖြစ်လို့လဲ။ မင်းကလည်း အသံကျယ်ကြီးနဲ။ ဘေးကလူနာတွေ အနှောင့်အယှက် ဖြစ်ကုန်တော့မယ်”
“ကန်တော့ဖေဖေ။ ကန်တော့ပါ။ ဒါထက် ဖေဖေနေ့လည်က ကောင်းကောင်းအိပ်ထားလား”
“ဒီလိုပါပဲ သားရယ်။ စကားပြောရမယ်သူ မရှိတော့၊ ကုတင်ပေါ် လှဲနေတော့လည်း တစ်ရေးပဲ အိပ်သလား၊ ခဏပဲ မှိန်းသလား။ တစ်ကယ်ပဲ အိပ်ပျော်သွားသလားတောင် မသိတော့ပါဘူးကွယ်။ ကဲဆို ဘာတုံး”
“ဒီလိုဖေဖေရဲ့။ ဒီညတော့ ဖေဖေ စောစောအိပ်ဖို့လမ်းမမြင်တော့ဘူးလို့ ပြောမလိုပါ”
“ဟားဟားဟား သိပြီသိပြီ။ အိမ်မှာ ဖတ်လာတဲ့ စာတွေ ဖေဖေကို ဆေးရုံညစောင့်ရင်း ပြောချင်လာပြီ ဆိုပါတော့။ ပြောပါဗျား၊ ပြောပါ ဖေဖေကလည်း နားထောင်ချင်ပါတယ်”
“ကျေးဇူး တင်ပါတယ်ဖေဖေရယ်။ စာတွေကို ဖတ်ပြီးရင်၊ ကောင်းတာလေးတွေ တွေ့ရင် သူများကို ပြန်ပြီး ဖေါက်သယ်ချချင်တယ်။ အဲ့သလို ဖေါက်သယ်ချပြီးရင်လည်း ကိုယ်ဖတ်ထားတဲ့ စာတွေက ပိုမှတ်လာသလိုပဲ ဖေဖေရ”

“အဲ့တာ စေတနာ အကျိုးပေးပဲသား။ ဘယ်အလုပ်၊ ဘယ်အရာမဆို စေတနာနဲ့လုပ်ရင် ရောင်ပြန်ဟတ်တယ်။ အကျိုးပေးတယ်သား။ တစ်ချို့က ချက်ခြင်းလက်ငင်း စီးပွားဥစ္စာတိုးတက်မယ်လို့ ထင်တတ်ကြတယ်။ တစ်ကယ်တော့ သူ့အရင်မှာ မတောင်းပဲရနေတာ တစ်ခုရှိတယ်လေ။ အဲ့တာကတော့ စိတ်ချမ်းမြေ့ ၀မ်းသာကြည်နူးခြင်းပဲသား”
“ဟုတ်တယ်ဖေဖေ။ အဲ့တာကတော့ ကိုယ်တွေ့ပဲ။ ဒါကြောင့်လဲ ဒီနေ့ စနေနေ့။ အလုပ်လည်းမရှိတာနဲ့ ဖေဖေဆေးရုံလာတဲ့ အထိ အင်တာနက်ထဲ ရှာစရာလေးတွေ ရှာကြည့်နေမိတယ်”
“ဒီတော့ စိတ်ဝင်စားစရာတွေ ထပ်တွေ့လာတယ် ဆိုပါတော့။ ကဲဆိုစမ်းပါဦး”

“ဟုတ်ကဲ့ပါ ဖေဖေ။ ပထမဦးဆုံးကတော့ ကျောက်ကပ်နဲ့ ပါတ်သက်တာလေးတွေပါ ဖေဖေ။ ဥပမာ နာတာရှည် ကျောက်ကပ် ရောင်ယမ်းတဲ့ ရောဂါအတွက် ဆေးလိုဟာမျိုးပေါ့။ ဟိုတစ်နေ့ကပြောတဲ့ နှလုံးသွေးကြောပိတ်၊ သွေးကြောကျဉ်းရောဂါတွေမှာလည်း သုံးတဲ့၊ လွယ်လွယ်ကူကူ သွေးမခဲစေတဲ့ အာနိသင်ရှိတဲ့ဆေးပေါ့။ သူက ဆီးထဲက ပရိုတိမ်းတွေကိုလည်း လျှော့ချပေးနိုင်တယ်။ ဒါပေမဲ့ သူ့ကို သုံးဆွဲတဲ့အခါမှာ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်ရေးပျက်တာတွေအပြင် အင်ပြင်ထသလိုလည်း ဖြစ်တတ်တယ်။ နောက်ဆုံးတစ်ခုကတော့ အသည်းရဲ့ စွမ်းအင်တွေကို ကျဆင်းစေနိုင်တယ် ဖေဖေ”

“သြော် ဆေးတစ်မျိုးရဲ့ ဆေးအာနိသင်က တစ်ခြားရောဂါတွေကို ကုသနိုင်သလို၊ ဆိုးကျိုးတွေရော ပေးနိုင်သကိုး”
 “ဟုတ်တယ်ဖေဖေ။ အဲ့သလိုပဲ ရောဂါတစ်ခုကြောင့်လည်း တစ်ခြားရောဂါတွေကိုလည်း နောက်ဆွဲတွဲအဖြစ် ဖြစ်ပေါ်စေတာလည်း ရှိတယ်။ ဥပမာ ကျောက်ကပ်ကြောင့် ဖြစ်ပေါ်တဲ့ သွေးတိုးရောဂါ နဲ့ ဆိုင်တဲ့ဆေးပါဖေဖေ။ အထူးသဖြင့် ဒီဝေဒနာနဲ့ ဆက်သွယ်နေတာကို ဖတ်ကြည့်တော့ တော်တော်ကလေး ရှတ်ထွေးပြီး၊ နားလည်ရခက်တာကို တွေ့ရသလို၊ ဒီလိုခက်ခဲတာတွေကို လေ့လာသင်ကြားပြီး သားတို့ကျမ်းမာရေးကို ကုသပေးနေတဲ့ ကျမ်းမာရေးဝန်ထမ်းတွေကိုလည်း ကျေးဇူး ပိုတင်မိပါတယ်”
“ဒါပေါ့သားရယ်၊ တန်ဖိုးသိမှ တန်ဖိုးနားလည်မယ်။ တန်ဘိုးနားလည်မှ တန်ဘိုးထားတတ်မယ်သား။ ကဲဆိုစမ်းပါဦး ဘာတွေရှုပ်ထွေးနေသလဲကွ”
“ကျောက်ကပ်ကြောင့် သွေးတိုးတာ၊ တစ်ခြားအကြောင်းအရင်းကြောင့်သွေးတိုးတာ၊ သွေးကြောကျဉ်းတာ တွေကို ကုသတဲ့ သွေးကျဆေး၊ နလုံးသွေးကြောပွင့်ဆေးတွေဟာ သွားဖုံးက သွေးထွက်တာတို့၊ ဟိုမုန်းပြောင်းလဲမှုကြောင့် ရင်သားကြီးထွားခြင်းလို တစ်ခြားသော ဆိုးကျိုးတွေအပြင် ကျောက်ကပ်ကိုလည်း ထိခိုက်စေပါသတဲ့။ ဒါပေမဲ့ အလားတူ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ သွေးတိုးကို ထိမ်းသိမ်းစေတဲ့ဆေးပေမဲ့ ဆီးထဲက ပရိုတိမ်းကိုနည်းပါးစေရုံသာမက ကျောက်ကပ်ကိုပါ အားရှိစေသတဲ့။ ဒါပေမဲ့ သနားစရာ ကောင်းတာကတော့ အသည်းပဲဖေဖေရေ။ တက်နေတဲ့ သွေးတွေကို ကျအောင်ချပေးပေမဲ့၊ ဓါတုဗေဒ ဆေးဝါးတွေကို ချေဖျက်ပေးရတဲ့ အသည်းခမျာမတော့ ဒဏ်ပိခဲ့ရရှာပါတယ်”

“ဟ… သားဟာကလည်း ဘယ်ဆေးရွေးရမှန်းတောင် မသိတော့ဘူး”
“ဟုတ်ပါ့ဖေဖေ။ ဒါပေမဲ့ ကံကောင်းတာက ဒီလိုဆေးတွေက သားတို့က ရွေးစရာ မလိုပါဘူးဖေဖေ။ ပညာရှင် ဆရာဝန်ကြီးတွေက ရွေးပေးတာကို ညွှန်ကြားထားတဲ့ အတိုင်းသောက်ရုံပါပဲ။ သားတို့က ဗဟုသုတ တစ်ခုအနေနဲ့ သိထားလောက်ရုံပါ။ တစ်လက်စတည်း ဗဟုသုတ အနေနဲ့ပြောရရင် စောစောက ပြောတဲ့ ကျောက်ကပ်စွမ်းရည်ကို ထိခိုက်စေတဲ့ဆေးတွေက ရှောက်ခါးသီး(ဂရိတ်ဖရု)လို ဖျော်ရည်တွေနဲ့ မသောက်ပါနဲ့ လို့ သတိပေးထားပါတယ်”
“ဆေးအာနိသင်တွေ ပျယ်ကုန်မှာစိုးလို့လား”

“မဟုတ်ဘူးဖေဖေ။ သားလည်းပထမတော့ အဲ့သလို ထင်ထားတာ။ တစ်ကယ်တော့ ဆေးအာနိသင်တွေက ပိုတိုးပြီး ခန္တာကိုယ်က မခံနိုင်မှာစိုးလို့တဲ့ဖေဖေ”
“ဒါဆို သားက စောစောက ပြောတဲ့ သွေးတိုးလဲကျ၊ ကျောက်ကပ်အတွက်ပါ ကောင်းတဲ့ ဆေးကို သုံးပေါ့သားရယ်”
“ဒီလိုလဲ ပြောမရဘူးဖေဖေ။ တစ်ခြားအရာတွေလည်း ရှိမယ်ထင်သလို၊ ဒီဆေးကလည်း သွေးကြောတွေ၊ သွေးဖြူဥတွေကို ထိခိုက်မှူတွေပေးသလို ရုပ်တစ်ရက် ကျောက်ကပ်ကိုလည်း ဒုက္ခတော့ ပေးနိုင်ပါသတဲ့”
“ဟ… မင်းဟာကလည်း မလွယ်ပါလားကွ”
“ဒါ့ကြောင့် သားပြောတယ်လေ။ ဆရာဝန်ကြီးတွေကို ပိုပြီးလေးစား၊ ကြည်ငြို ကျေးဇူးတင်ရပါတယ်လို့”
“ဟုတ်တာပေါ့ကွယ်”
“နောက်တစ်ခုကတော့ ကျောက်ကပ်မကောင်းလို့ ဆီးသွေးရည်ကြည် ထဲကနိုက်ထရိုဂျင်ဓါတ်တွေကို ကျအောင်လုပ်တဲ့ ဆေးကတော့ ၀မ်းချုပ်စေသတဲ့။ ၀မ်းချုပ်တယ်ဆိုလို့  အဲ့သလို သွေးရည်ကြည်ထဲက ဖေါ့စဖရပ် တွေကိုကျဆင်းအောင်လုပ်တဲ့ဆေး ကလည်း အဲ့သလိုဝမ်းချုပ်နိုင်သတဲ့။ ဒီအပြင်အဲ့သည့်ဆေးက ၀မ်းလည်းလျှောစေသတဲ့”
“သားဥစ္စာကလည်း ၀မ်းလမ်းကြောင်းကို ထိခိုက်တဲ့ဆေးပဲ”
“ဟားဟားဟား ဖေဖေပြောမှပဲ ရှင်းသွားပြီ။ စာအုပ်ထဲမှာကတော့ ဒီလိုမရေးထားလို့ စကားလုံးရှာမရ ဖြစ်နေတာ”
“ကိုယ်နားလည်သလို တွေးကြတာပေါ့သားရယ်”
“ဟုတ်တယ်ဖေဖေရေ။ နားလည်အောင်သာ လုပ်ရရင်တော့ သားတို့တစ်တွေ ရူးကြောင်ကြောင်တောင် ဖြစ်မနလားမသိ”
“ဘာလို့လဲသားရဲ့”

“သွေးတိုးချတဲ့ဆေးတွေသောက်တုံးက တော်တော်များများက ကျောက်ကပ်ကို ဒုက္ခပေးတယ်လို့ ထင်နေမိတာ ကျောက်ကပ်ကြောင့် သွေးအားနည်းလို့ သွေးနီဥတိုးအောင်လုက်တဲ့ ဆေးကို သောက်ပြန်တော့ သွေးတိုးစေပြန်သတဲ့။ ပြီးတော့ သွေးတိုးလို့လားတော့ မသိဘူး၊ ခေါင်းလဲကိုက်တတ်သတဲ့”
“ဟားဟားဟား။ ဒါ့ကြောင့် ဟိုနေ့ကဖေဖေပြောတာပေါ့။ ဦးနင်းတော့ ပဲ့ထောင်၊ ပဲနင်းတော့ ဦးထောင် ဆိုတာလေ”
“ဟုတ်တယ်နော်။ အဲ့သလို ဥပမာပေးရမှာ နောက်တစ်ခုရှိသေးတယ်။”
“ဘာတုံးသားရဲ့”

“ခုခံမှု့အားလျှော့လို့ ရောဂါတွေ အမျိုးမျိုးရနိုင်တယ်ဆိုတာ ဖေဖေကြားဘူးမှာပေါ့။ တစ်ခါတစ်လေကြတော့ ဆရာဝန်ကြီးတွေက အဲ့သည့်ခုခံမှုကအားကို ထိမ်းချုပ်ဆေးတွေကို သုံးရတဲ့အခါတွေလည်းရှိတယ်”
“ဘာလို့လဲကွဲ့”
“ဥပမာ ကျောက်ကပ်လိုမျိုး ကလီစာတွေကို အစားထိုးကုသပြီးတဲ့အခါ။ ဆေးမတဲ့လို့ အက်လက်ဂျိတ်တွေ ဖြစ်နေတဲ့အခါ၊ အက်လက်ဂျိတ် ဓါတ်မသင့်လို့ ယာယီ တစဒင်္ဂ ကျောက်ကပ်ရောင် ပျက်စီးတတ်တဲ့ အခါမျိုးတွှေမှာ သုံးတတ်ပါတယ်”
“အဲ့သလိုဆေးမျိုးကြတော့ ဘာတွေဖြစ်တတ်သလဲကွဲ့”
“သူကတော့ တော်တော်လေး စဉ်းစာရလွယ်ပါတယ် ဖေဖေ။ ကိုယ်ခံအားနည်းမှတော့ ကူးဆက်လွယ်ပြီပေါ့။ အာရုံကြောတွေလည်း ထိခိုက်နိုင်သလို ဆီးချို၊ အစာအိမ်အနာပေါက်တာ၊ မျက်နှာမှာ အဖုအပိန့်တွေ ထွက်တတ်သတဲ့”
“အင်း ရောဂါဖြစ်လာမှတော့ ဘယ်ဟာမှ မကောင်းတော့ပါဘူးကွယ်”
“ဒါ့ပေါ့ဖေဖေရယ်။ ဒါပေမဲ့လည်း ဖြစ်လာမှတော့ ရင်ဆိုင်ဖို့တော့ လိုတာပေါ့။ မှန်ကန်စွာ ရင်ဆိုင်နိုင်အောင်လည်း ကြိုးစားရမှာပေါ့။ ကဲဖေဖေ နည်းနည်းလည်း ညနက်လာလို့ နောက်ဆုံး ဒီနှစ်ခုပြောပြီးရင် အိပ်ကြစို့နော်”
“အေးကောင်းတယ်သား”
“ပထမတစ်ခုကတော့ နှလုံးအားမကောင်းလို့ နှလုံးကိုအားရှိအောင် သောက်ရတဲ့ဆေးကြောင့် သွေးခုန်းနှုံတွေ မူမမှန် နည်းပါးတာတို့ အစားအသောက်ပျက်တာတို့ အံ့ချင်စိတ်ရှိတာတို့ ဖြစ်လာသတဲ့”
“ဒုတိယတစ်ခု၊ ပိုတက်ဆီယမ်တွေများလို့ သွေးရည်ကြည်တွေထဲက ပိုတက်ဆီယမ်တွေကို လျော့စေတဲ့ဆး ကြတော့ ၀မ်းချုပ်တာတို့၊ ဆေးတိုးလွန်ပြီး ပိုတက်ဆီယမ်တွေနည်းသွားတာတို့လည်း ဖြစ်တတ်ပါတယ်”
“ဒါပေါ့ကွာ။ ဒါ့ကြောင့် မြတ်ဗုဒ္ဒက ဟောကြားခဲ့သလို အလယ်အလတ်၊ မပိုမလို လမ်းကြောင်း ကသာ ကျမ်းမာရေးအတွက်လည်း အကောင်းဆုံး ပေါ့ကွယ်။ အေးအေး ငါ့သားလေး အိပ်တော့ကွယ်။ ဖေဖေလဲ ဘုရားဝတ်ပြုလိုက်ဦးမယ် သားရယ်”


သုခ(သား)

No comments:

Post a Comment