ဘူးသီးတောင်မြို့ဖွံ့ဖြိုးရေး စည်ပင်သာယာမှ ငွေကျပ်သိန်းပေါင်း ၂၃ဝဝ ကျော် သုံးစွဲမည်
ဘူးသီးတောင် မေ ၆
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် မြို့သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ပြည်နယ်အစိုးရ ဦးဆောင်ကြီးကြပ်မှုဖြင့် လုပ်ဆောင်လျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း လုပ်ငန်းများသုံးစွဲမှု အနေဖြင့် ငွေကျပ်သိန်း ပေါင်း ၂၃ဝဝ ကျော်ကို မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်းဘူးသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
''ဒီနှစ် ဘူးသီးတောင်မြို့သာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေအတွက် ကျွန်တော်တို့စည်ပင်သာယာအဖွဲ့ အနေနဲ့ ငွေကျပ်သိန်းပေါင်း ၂၃ဝဝ ကျော် သုံးစွဲသွားဖို့ ရှိပါတယ်။ ဒါက စည်ပင်သာယာအဖွဲ့ပိုင် အနေနဲ့သုံးစွဲမှာ ပါ။ ပြည်နယ်အစိုးရကချထားပေးမယ့် ဘတ်ဂျက်ငွေမပါသေးပါဘူး။ စည်ပင်သာယာအဖွဲ့ပိုင်ငွေကိုတော့ လောလောဆယ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ လုပ်ငန်းပေါင်း ၂၃ ခုကို အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ လျာထားပြီးပါပြီ။ ပြည်နယ်အစိုးရကတော့ သုံးစွဲဖို့ငွေ ဘယ်လောက်ချပေးမယ်။ လုပ်ငန်းဘယ်နှခု အကောင်အထည်ဖော် မယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး''ဟု ဘူးသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးခင်မောင်သန်း(ဦးစီးအရာရှိ)က ပြောသည်။
မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ယခင်နှစ်ဘတ်ဂျက်က မြို့သာယာရေးနှင့်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန် ပြည်နယ်အစိုးရမှ လုပ်ငန်းခြောက်ခုအတွက် ငွေကျပ် ၃၂၆ ဒသမ ၆၇၅ သန်း၊ စည်ပင်သာယာအဖွဲ့ပိုင် ရန်ပုံငွေမှ လုပ်ငန်း ၂၂ ခုအတွက် ငွေကျပ် ၃၁၆ ဒသမ ၆၅၆ သန်း စုစုပေါင်းငွေကျပ် ၆၄၃ ဒသမ ၃၃၁ သန်း သုံးစွဲခဲ့သည်။ ယင်းငွေများဖြင့် ဈေး၊ တံတား၊ မြေထိန်းနံရံ၊ ရေပိုက်လိုင်းသစ်သွယ်တန်းမှု၊ မြို့တွင်းလမ်းများကတ္တရာခင်းခြင်းနှင့် မြို့သာယာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် ဘူးသီးတောင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာအဖွဲ့ပိုင် ရန်ပုံငွေဖြင့် ငွေလုံးငွေရင်းများ လျာထားမှု မှာ ငွေကျပ်သိန်းပေါင်း ၂၆ဝဝ ကျော်ကို ခန့်မှန်း ကုန်ကျငွေ လျာထားသော်လည်း အမှန်တကယ်သုံးစွဲမည့်ငွေပမာဏ မှာ ငွေကျပ်သိန်းပေါင်း ၂၃ဝဝ ကျော်သာသုံးစွဲသွားမည်ဖြစ် သည်။ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုနှစ်တွင် လုပ်ငန်းပေါင်းဘယ်လောက်ချထားပေးမည်၊ ငွေကျပ်ဘယ်လောက်သုံးစွဲခွင့်ပြု မည်ကို မသိရှိသေးကြောင်း ဘူးသီးတောင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဘူးသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့သည် ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်တွင် မြို့သာယာဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်းလျာထားမှုများကို ပထမသုံးလပတ်၊ ဒုတိယ သုံးလပတ်၊ တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်ဟူ၍ အပိုင်းလိုက်ခွဲခြားလုပ် ဆောင်သွားမည်ဖြစ်ပြီး ပထမသုံးလပတ်တွင် မြို့ပတ်လမ်းကျောက်ချောခင်းခြင်း၊ မင်းဖလောင်းလမ်းတံတားအမှတ်(၂) တည်ဆောက်ခြင်း၊ ကမ်းနားလမ်းသစ် RC တံတားအမှတ် (၁)တည်ဆောက်ခြင်းစသည့် လုပ်ငန်းငါးခု၊ ဒုတိယသုံးလပတ်တွင် ဦးမြဝါလမ်း RC တံတားတည်ဆောက်ခြင်း၊ ဗန္ဓုလ RC တံတား အမှတ်(၁)နှင့် (၂) တည်ဆောက်ခြင်း၊ မေဃ ဝတီလမ်း တံတားအမှတ်(၃) တည်ဆောက် ခြင်း၊ အမှတ်(၅)နှင့် အမှတ်(၆) ရေတွင်း အမိုး မိုးခြင်း စသည်ဖြင့် လုပ်ငန်းပေါင်း ၁၂ ခု၊ တတိယသုံးလပတ်တွင် ကန်တော်ကြီး အမှတ်(၁)နှင့် အမှတ်(၂) ရေပိုက်လိုင်းများအစားထိုးလဲ လှယ်ခြင်းနှင့် ရေပိုက်လိုင်းသစ် အရှည်ပေ ၁၃ဝဝ ကျော်တိုးချဲ့သွယ်တန်းခြင်း၊ ဥက္ကာပျံလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြစိမ်းရောင် လမ်း ကျောက်ချောခင်းခြင်း စသည်ဖြင့် လုပ်ငန်းငါးခုနှင့် စတုတ္ထသုံးလ ပတ်တွင် ကန်တော်ကြီးပန်းခြံသစ် တည်ဆောက်ခြင်း၊ အငူမော်လမ်း(မြို့တွင်းပိုင်း) ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မင်းစောမွန်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း စသည်ဖြင့် လုပ်ငန်းလေးခုတို့ကို မြို့သာယာဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့ စည်ပင်သာယာရေး အဖွဲ့ အင်ဂျင်နီယာဌာနမှ သိရသည်။ ပြန်/ဆက်
သတင်း - မောင်စိန်လွင်၊ လှကျော် (ဘူးသီးတောင်)
ဓာတ်ပုံ - မောင်မောင်သန့် (ကြေးမုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment