မူဆယ် မီးလောင်မှု အမျိုးသမီး ၂ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရေခဲသေတ္တာ Safe Guard က အလုပ်မလုပ်ဘဲ အပူလွန်ကဲပြီး မနက် ၂ နာရီ ၄၅ လောက်က စတင် မီးလောင် ကျွမ်းခဲ့တာဖြစ်တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
"မနက် ၂ နာရီ ၄၅ ကနေပြီးတော့မှ စပြီးတော့ မီးတောက်လောင်တာပေါ့နော်၊ ရေခဲသေတ္တာထဲမှာ တပ်ထားတဲ့ Safe Guard ကနေ ပြီးတော့မှ အလုပ်မလုပ်တဲ့အခါမှာ အပူလွန်ကဲပြီး မီးလောင်တဲ့သဘောပေါ့နော်၊ မီးလောင်တဲ့ အချိန်က ၂ နာရီ ၄၅ ဆိုတော့ အိပ်ပျော်တဲ့အချိန်လည်း ဖြစ်မှာပေါ့၊ ဒါမှမဟုတ် မီးခိုးမွှန်ပြီးတော့မှ မူးမေ့သွားတာလည်း ဖြစ်မှာပေါ့"
အဲဒီ မီးလောင်ကျွမ်းမှုဟာ မိနစ် ၄၀ လောက် ကြာမြင့်ခဲ့ပြီး နေအိမ်တစ်လုံး မီးထဲပါသွားကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်း ၆၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄ က နဲ့ မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
မီးထဲပါပြီး သေဆုံးသွားသူ အမျိုးသမီး ၂ ဦးဟာ ဒုတိယ သမ္မတဟောင်းဖြစ်တဲ့ လက်ရှိ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းရဲ့အစ်မနဲ့ တူမဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
Photo: Hnin Ngwe
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment