Latest News

Thursday, May 18, 2017

ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်တွင် ပွဲထွက်လူစာရင်း တွေ့မြင်ပြီးနောက် ၎င်းကို သတ်မပစ်ရန် မော်ရင်ညို ကြိုတင်တောင်းပန်

ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်တွင် ပွဲထွက်လူစာရင်း တွေ့မြင်ပြီးနောက် ၎င်းကို သတ်မပစ်ရန် မော်ရင်ညို ကြိုတင်တောင်းပန်

မန်ချက်စတာ၊ မေ ၁၈

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကြမည့် ရာသီသိမ်း ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပွဲထွက် လူစာရင်းကို တွေ့မြင်ပြီးနောက် ၎င်းကို သတ်မပစ်ရန် မန်ယူပရိသတ်များကို ကြိုတင်တောင်းပန်စကား ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် လွန်ခဲ့သည့် ဗုဒ္ဓဟူးည၌ ဆောက်သမ်တန်နှင့် ပရီးမီးယားလိဂ်  ပွဲကျန်ပွဲစဉ် ယှဉ်ပြိုင်ကစားရာတွင် ဂိုးမရှိ သရေရလဒ်ကို ပိုင်ဆိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်တွင် ဆောက်သမ်တန် တိုက်စစ်မှူး ဂတ်ဘ်ဘီယာဒီနီ၏ ပင်နယ်တီ ကန်သွင်းချက်ကို မန်ယူဂိုးသမား ရိုမီယို ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ခြင်းကြောင့်သာ မန်ယူအနေနှင့် ရှုံးပွဲကြုံရမည့် အခြေအနေတစ်ရပ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။

မော်ရင်ညိုသည် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ကစားမည့် ရာသီသိမ်း ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပီရိုင်းရာ၊ မက်တိုမီနေး၊ တူအန်ဇီဘီ၊ ဟာရော့ပ်နှင့် ဒီအန်းလေး အစရှိသည့် လူငယ်ကစားသမားများကို ပွဲထုတ်မည်ဖြစ်ပြီး ၎င်း၏ မိတ်ဆွေတစ်ဦး ဖြစ်သော ခရစ္စတယ်ပဲလေ့စ်နည်းပြ ဆမ်အလာဒွိုက်စ် အနေနှင့် မန်ယူကို သက်ညှာမှုထားကာ ကစားပေးစေလိုကြောင်းလည်း မော်ရင်ညိုက အရွှန်းဖောက် ပြောကြားသွားခဲ့သေးသည်။

ခရစ္စတယ်ပဲလေ့စ်နှင့် ရာသီသိမ်း ပရီးမီးယားလိဂ်ပွဲစဉ်သည် မန်ယူအတွက် လက်ရှိဘောလုံးအတွင်း ပြိုင်ပွဲအရပ်ရပ် ၆၂ ပွဲမြောက် ပွဲစဉ်ဖြစ်လာလိမ့်မည် ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် မည်သည့်အတွက် လူငယ်ကစားသမားများကို ပွဲထုတ်နေရာပေးရန် ဆုံးဖြတ်ရသည် ဆိုခြင်းကို မန်ယူပရိသတ်များအနေနှင့် နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု ယူဆပါကြောင်း မော်ရင်ညိုက ဆက်လက်အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲမှာ အသင်းပွဲထွက် လူစာရင်းကို မြင်တွေ့ပြီးတဲ့နောက် မန်ယူပရိသတ်တွေ ကျွန်တော့်ကို သတ်မပစ်ဖို့ပဲ မျှော်လင့်မိပါတယ်။ ပရိသတ်တွေကို တောင်းဆိုချင်တာက အသင်းကစားသမားတွေကို  ယုံယုံကြည်ကြည်နဲ့ ထောက်ခံအားပေးဖို့ပါပဲ။ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ဆမ်အလာဒွိုက်စ်ကို တစ်ခုတောင်းဆိုပါရစေ။ ကျွန်တော်တို့ကို သက်သက်ညှာညှာလေးတော့ ကစားပေးပါ။ ဘန်တီကီကို အိမ်မှာ အနားပေးထားခဲ့တာမျိုး၊ ဇာဟာကို လျှော့လျှော့ပေါ့ပေါ့ ကစားခိုင်းတာမျိုးလေးတွေ သူလုပ်ပေးဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်” ဟု ပြောကြားသွားခဲ့သည်။

The Voice

No comments:

Post a Comment