Latest News

Thursday, May 4, 2017

နျူကလီးယား လက်နက်အရေးနှင့်ပတ်သက်၍ မြောက်ကိုရီးယားနှင့် တရုတ်မီဒီယာတို့ စကားလုံးစစ်ပွဲဖြစ်ပွား

နျူကလီးယား လက်နက်အရေးနှင့်ပတ်သက်၍ မြောက်ကိုရီးယားနှင့် တရုတ်မီဒီယာတို့ စကားလုံးစစ်ပွဲဖြစ်ပွား

မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီ Korean Central News Agency က တရုတ်သည် မြောက်ကိုရီးယား၏ သည်းခံမှုကို ထပ်မံစမ်းသပ်ပါက ဆိုးရွားသည့် အကျိုးဆက် ရှိလာမည်ဟု သတိပေးခဲ့ပြီးနောက် တရုတ်အစိုးရ၏ အာဘော် Global Times သတင်းစာက ပြုံယမ်းသည် နျူကလီးယား အစီအစဉ်ကို ယုတ္တိကင်းမဲ့စွာ ဆုပ်ကိုင်ထားကြောင်း ဖော်ပြခဲ့ပြီး မြောက်ကိုရီးယား နှင့် တရုတ်မီဒီယာတို့ စကားလုံးစစ်ပွဲ ဖြစ်ပွားခဲ့ကြသည်။

ကိုရီးယားစစ်ပွဲအတွင်းက သွေးနှင့်စည်း နှောင်ခဲ့ကြသည့် ပြုံယမ်းနှင့်ပေကျင်းတို့၏ ဆက်ဆံရေးသည် မကြာသေးခင်နှစ်များအတွင်း၌ အက်ကြောင်း စထင်လာခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တို့က ဒေသတွင်း အကျပ်အတည်းဖြစ်လာခဲ့မှုကို တရုတ်က စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် အာဏာရခဲ့ပြီးနောက် ငါးနှစ်ကျော်ကြာသည်အထိ ပေကျင်းသို့ သွားရောက်ခဲ့ခြင်း မရှိသေးပေ။

တရုတ်နှင့် မြောက်ကိုရီးယား မီဒီယာတို့၏ စကားလုံးစစ်ထိုးမှုများက နှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာနေကြောင်းကိုလည်း ထင်ဟပ်ပြခဲ့သည်။ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား အာဏာပိုင်များကို KCNA က အမြဲလိုလို ရှုတ်ချခဲ့သော်လည်း တရုတ်ကို ဝေဖန်ရှုတ်ချမှုသည် မရှိသလောက် ဖြစ်ခဲ့သည်။ တရုတ်က တင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရှားရန် ပုံမှန်တောင်းဆိုခဲ့ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီတွင် မြောက်ကိုရီးယားထံမှ ကျောက်မီးသွေး တင်သွင်းမှုကို ကျန်တစ်နှစ်လုံးအတွက် ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။

တရုတ်၏ ကျောက်မီးသွေးဝယ်ယူမှုသည် မြောက်ကိုရီးယား အာဏာပိုင်များအတွက် အရေးကြီးသော နိုင်ငံခြားဝင်ငွေ ရင်းမြစ်ဖြစ်သည်။

မြောက်ကိုရီးယားက နျူကလီးယား ထပ်မံစမ်းသပ်ရန် စိုးရိမ်နေကြချိန်တွင် တရုတ်နိုင်ငံပိုင် မီဒီယာ People's Daily က မြောက်ကိုရီးယားကို ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားပြီး ပြုံယမ်းအနေဖြင့် အမှားပြုလုပ်ခြင်းကို ရှောင်ရှားရန် တိုက်တွန်းထားသည်။

ထို့ပြင် မြောက်ကိုရီးယားသည် နျူကလီးယား ရည်မှန်းချက်ကိုလည်း စွန့်လွှတ်ရန် လိုအပ်ကြောင်း တရုတ်မီဒီယာက ထုတ်ဖော် ပြောကြားလာခဲ့သည်။
KCNA က တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် People's Daily နှင့် Global Times တို့ကို ရှုတ်ချခဲ့ပြီး နျူကလီးယား လက်နက်စွန့်လွှတ်ရန် မြောက်ကိုရီးယားကို တရုတ်က အကြံပြုခြင်းသည် စည်းကျော်ခြင်းဖြစ်ကြောင်း သြဇာကြီး လူမျိုးကြီးဝါဒကို အခြေခံသော ငါဗဟိုပြု သီအိုရီဖြစ်ကြောင်း KCNA တွင် ကင်ချိုးဆိုသည့် ဆောင်းပါးရှင်က ရေးသားခဲ့သည်။

ပြုံယမ်းသည် ၀ါရှင်တန်နှင့် ပေကျင်းကြားတွင် ကြားခံအဖြစ် ကိုရီးယားစစ်ပွဲ ကာလအတွင်းက ရှိနေခဲ့ပြီး တရုတ်၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ကာကွယ်ပေးရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း ထိုအတွက် တရုတ်က မြောက်ကိုရီးယားကို ကျေးဇူးတင်သင့်ကြောင်း KCNA ဆောင်းပါးရှင်က ထပ်မံပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၀ါရှင်တန်သည် ပြုံယမ်းကို ဖိအားပေးရန်အတွက် တရုတ်ကို တွန်းအားပေးနေသည်။

Eleven Media Group

No comments:

Post a Comment