လပွတ္တာရှိ ပရဟိတမိဘမဲ့ကျာင်းမှာ ကလေးတွေ ညှင်းပန်းနှိပ်စက်ခံရပြီး လိင်စော်ကားခံရတာတွေရှိနေ
လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာ ရေဆိုင်ပြင်ကျေးရွာအုပ်စုမှာရှိတဲ့ ပရဟိတမိဘမဲ့ ကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးဟာ ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်နေတယ်လို့ ကာယကံရှင်မိဘတွေဆီက သိရပါတယ်။
“ လွန်ခဲ့တဲ့ ၃လလောက်ကလည်း ကလေးတစ်ယောက်ထွက်ပြေးတယ်။အဲဒီကလေးဆို ခေါင်းတွေကွဲတဲ့အထိ ရိုက်ထားတယ်။ကျောက်တန်းလေးက ကလေးမလေးကို လည်းရေချိုးနေတာ ထဘီဆွဲချွတ်တယ်။ အဲ့လိုတွေလုပ်တယ်ဆိုတာ ကလေးတွေက တဆင့်ပြန်သိရတာ”လို့ ကလေးငယ်တွေကို နှိပ်စက်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး လိုက်လံကူညီပေးနေသူ ဧရာဝတီတိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)က ဦးကြည်ဝင်းကပြောပါတယ်။
အဆိုပါ ကျောင်းမှာ နေထိုင်တဲ့ ကလေးတွေဟာနှိပ်စက်ခံရတာကြောင့် အိမ်ပြန်ဖို့ကြိုးစားကြတယ်။ မေလ ၁၁ရက်နေ့ညက အိမ်ကိုပြန်ချင်တဲ့ ကလေးတွေ မတ်တပ်ရပ်ခိုင်းပြီး ပြန်ချင်တဲ့ ကလေး ၁၅ယောက်ကို ရိုက်ခံရမယ်ဆိုပြီးဘုန်းကြီးက ၀ါးစိမ်းတုတ်နဲ့ ရိုက်ခဲ့တယ်လို့ ဦးကြည်ဝင်းကပြောပါတယ်။
အဲဒီ ပရဟိတမိဘမဲ့ ကျောင်းရဲ့အမည်မှာ YGW ရတနာအလင်းရောင်မိဘမဲ့ကျောင်းလို့ သိရပါတယ်။ မိဘမဲ့ ပရဟိတကျောင်းလို့ ပြောပေမယ့် လပွတ္တာမြို့နယ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေက ကလေးတွေကို စုဆောင်းထားဖြစ်ပြီး မိဘမဲ့ကျောင်းအမည်ခံပြီး ဖွင့်လှစ်ထားဖြစ်ပါတယ်။ဒါ့အပြင် အဲ့သည်ကျောင်းမှာ ရှိတဲ့ ကိုယ်တော်တွေဟာလည်း လပွတ္တာမြို့က မဟုတ်ဘူးလို့ ဦးကြည်ဝင်းကပြောပါတယ်။
မေလ ၁၁ ရက်နေ့ညမှာ အချက် ၂၉ချက် ရိုက်ခံရတဲ့ အသက် ၁၃ နှစ် အရွယ် မောင်ဖြိုးငွေစိုးက “သားတို့ကို အိမ်ကို ပြန်ချင်တဲ့လူမတ်တပ်ရပ်။ အခွင့်အရေးက တစ်ခါပဲရမယ်ဆိုတော့ မတ်တပ်ရပ်ကြတာ။ ပြီးတော့ရိုက်တယ်။သားတို့က မိဘတွေနဲ့ အတူနေချင်တယ်။ကိုယ့်ရွာ မဟုတ်တော့ မနေချင်ကြဘူး။ ဟိုတနေ့ကလည်း ၁၀နှစ်ကလေး လေးတစ်ယောက်ကို ရိုက်တယ်။သားမနေချင်ဘူး”လို့ ပြောပါတယ်။ မောင်ဖြိုးငွေစိုးက ၆ တန်းတက်ဖို့အတွက် အဲဒီပရဟိတ ကျောင်းကို ရောက်ရှိတာ ငါးရက်သာကြာမြင့်ပြီး နောက်မှာ အခုလိုရိုက်ခံရတာဖြစ်ပါတယ်။ အရိုက်ခံရပြီး နောက် အဲ့သည့်ကျောင်းနဲ့ နီးစပ်တဲ့ အိမ်တစ်အိမ်ကနေ သူရဲ့ အိမ်ကို ဆက်သွယ်ခဲ့တာဖြစ်ပြီး အိမ်က မေလ ၁၂ ရက်နေ့မှာ လာရောက်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။
ကလေးတွေကို ရိုက်နှက်တယ်ဆိုတဲ့ သတင်းကြားတဲ့ အတွက် ကလေးမိဘ လေးယောက်က ကျောင်းကို လိုက်လာချိန်မှာ လည်း ကျောင်းထိုင်ဆရာတော်က အိမ်ကို ပြန်ခေါ်မယ်ဆိုရင် အချက် ၂၅ ချက် ရိုက်ခံရမယ်လို့ ပြောခဲ့တယ်လို့ အသက် ၁၂ ကျောင်းသားရဲ့ မိခင် မကေသွယ်မိုးကပြောပါတယ်။
“ကျွန်မတို့က ကလေးပြန်ခေါ်မယ်ပြောတော့ ပြန်ခေါ်ရင် ၂၅ ချက်ရိုက်မယ်။ကလေးက အရမ်းငယ်သေးတော့ ကျွန်မက ကလေးရှေ့က ၀င်ခံတယ်။ ၀ါးစိမ်းတုတ်နဲ့ ယောက်ျားအားကြီးနဲ့ လွဲရိုက်တယ်။၅ ချက်ပဲ ခံနိုင်တယ်”လို့ အရိုက်ခံခဲ့ရသူ မိဘဖြစ်တဲ့ မကေသွယ်မိုးကပြောပါတယ်။
လပွတ္တာမြို့နယ် ကျေးရွာတွေက မိဘတွေဟာ ငွေကြေးမတတ်နိုင်တဲ့အတွက် ပရဟိတကျောင်းမှာ ပတ်ဝန်းကျင်ပြောစကားတွေကြောင့် လာရောက်ကျောင်းထားကြတာဖြစ်တယ်လို့ သိရပါတယ်။
“ရွာမှာ ကျောင်းထားရင် တလ ၃သောင်းခွဲ ပေးရတယ်။ ဒီမှာဆိုရင် စားစရာနေစရာ ပူစရာ မလိုဘူး။ ဒီလိုတွေ ဖြစ်မှန်းလည်းမသိဘူး။ ကလေးကို ကျောင်းထားချင်တယ်။ ကျွန်မတို့မှာ ပိုက်ဆံက မရှိဘူးလေ”လို့ မကေသွယ်မိုးကပြောပါတယ်။ လောလောဆယ်မှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေးငယ်လေးဦး နဲ့ အတူမိဘ သုံးဦးဟာ လပွတ္တာမြို့ မှာ လွတ်တော်ကိုယ်စားလှယ်တွေ၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံကာ အဖြစ်အပျက်များကိုတိုင်ကြားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ညှင်းပန်းနှိပ်စက်ခံရတဲ့ကလေးငယ်တွေဟာ ဆေးစစ်ချက်ရယူပြီး အမှုဖွင့် တိုင်ကြားဖို့ကိုလည်းပြင်ဆင်နေပါတယ်။ ဒါ့အပြင် လပွတ္တာ မြို့နယ် ရဲ့ ကျေးရွာ တစ်ရွာဖြစ်တဲ့ ကျောက်တန်းလေးကျေးရွာက ၁၃နှစ်အရွယ် မိန်းကလေးကိုလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေ ရှိတယ်လို့ သိရတဲ့ အတွက် နိုင်ငံက ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
မို့မို့သန္တာ(Kumudra)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment