Latest News

Monday, May 22, 2017

စိုးရိမ်စရာ ဖြစ်လာတဲ့ ငွေစက္ကူအတုများ

စိုးရိမ်စရာ ဖြစ်လာတဲ့ ငွေစက္ကူအတုများ

၂၀၁၇ ခုနှစ် မတ် ၉ ရက်က မြောက်ဒဂုံမြို့နယ် (၄၇) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၁၃၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ နေအိမ်အား ဦးသိန်းကျော်ဆိုသူက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်၏ ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းက အိမ်အား သန့်ရှင်းရေး ပြုလုပ်ရန် နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အိမ်အားသန့်ရှင်းရေး ပြုလုပ်စဉ် နေအိမ်အိပ်ခန်းအတွင်း ခုတင်အောက်၌ အမည်းရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မိုးပြာရောင်အိတ်အတွင်းမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။

တွေ့ရှိခဲ့သည့် တစ်သောင်းတန် ငွေစက္ကူအတုများကို စစ်ဆေးရာ တစ်သောင်းကျပ်တန် ၁၀ သိန်း အုပ် ၁၃ အုပ် စုစုပေါင်းသိန်း ၁၃၀၀ ကျပ်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ငွေစက္ကူအတုများ တွေ့ရှိရမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပြီး တရားခံအား ဖမ်းမိခြင်း မရှိသေးပေ။

ထို့ပြင် ၂၀၁၇ ခုနှစ် မေ ၁၂ ရက်ကလည်း မွန်ပြည်နယ် သထုံမြို့ရှိ တိမ်ပြာတည်းခိုခန်းတွင် တည်းခိုနေသော လူတစ်ဦးထံမှလည်း ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် အမျိုးသားမှာ ၂၂ နှစ်အရွယ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်းသိရပြီး ၎င်းထံမှ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၅၁ ရွက်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ငွေစက္ကူအတုများနှင့် ဖမ်းဆီးရမိခဲ့သော လူငယ်အားစစ်ဆေးရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများအား Colour Printer ဖြင့် မိတ္တူကူးပြီး သုံးစွဲခဲ့ကြောင်း၊ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု တစ်ရွက်ဖြင့် သထုံမြို့နယ် ကြာပန်းကျေးရွာရှိ သစ်သီးဆိုင်တစ်ဆိုင်တွင် စပျစ်သီး ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ သစ်သီးရောင်းချသည့်ဈေးဆိုင်အား သွားရောက်ရှာဖွေရာ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု တစ်ရွက်အား ပြန်လည်တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသော ပုဂ္ဂလိကဘဏ် ၀န်ထမ်း၏ နေအိမ်အား ထပ်မံရှာဖွေရာ ငါးထောင်ကျပ်တန် ငွေစက္ကူအတု အရွက် ၅၀ ကျော်၊ တစ်သောင်းတန် ငွေစက္ကူအတု လေးရွက်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ၎င်း၏နေအိမ်မှ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသော Canon အမျိုးအစား ကာလာပရင်တာ တစ်လုံးနှင့် ရောင်စုံမင်ဘူးများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေများအရ ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေကြေးများကို အတုပြုလုပ်ခြင်း၊ ငွေတုများကို ပြည်ပမှ တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို ပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော ငွေစက္ကူအတု ဖြစ်စဉ်များအား လေ့လာရာတွင် Colour Printer ဖြင့် ထုတ်ကာ အတုပြုလုပ်ခြင်းများဖြစ်ကြောင်း၊ စနစ်တကျ ပုံစံခွက်ဖြင့် ပြုလုပ်ထားသည့် ငွေစက္ကူအတုများ မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။

“အခု ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်တွေ အရတော့ စနစ်တကျ လုပ်ထားတဲ့ အတုတွေ မဟုတ်ဘူး။ ကာလာပရင်တာနဲ့ ထုတ်ထားတဲ့ အဆင့်လောက်ပဲ ရှိပါတယ်” ဟု ဦးအောင်ကျော်သန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသည့် ငွေစက္ကူအတုဖြစ်စဉ်များ အနက် နယ်စပ်ဒေသများတွင် အများဆုံးဖြစ်သည်ကို တွေ့ရပြီး နယ်စပ်တွင် ကုန်စည်ကူးသန်း ရောင်းဝယ်လျက်ရှိသူများ အနေဖြင့် ငွေစက္ကူအတု အန္တရာယ်အား သတိထားနေရကြောင်း မူဆယ်မြို့အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သည့် ကိုဝင်းလွင်က ပြောကြားသည်။

“စိုးရိမ်စိတ်ကတော့ အခုထိ ရှိတယ်။ ကိုယ်တွေက နယ်စပ်မှာ စီးပွားရေးလုပ်တာ ဆိုတော့။ ဘယ်အချိန် ငွေတုမိမလဲဆိုတာက သောကတစ်မျိုးပဲ။ ပမာဏများတဲ့အချိန်ဆို တော်တော်ဂရုစိုက်ရတယ်” ဟု ကိုဝင်းလွင်က ပြောကြားသည်။

ဒေသအခေါ် ကုန်သွယ်လက်ကြီးသမားများ အနေဖြင့် စိုးရိမ်စရာ မရှိသော်လည်း ကိုဝင်းလွင်တို့ကဲ့သို့ ကုန်သည်များအတွက်မူ ငွေတုဖြစ်စဉ်မှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်သည်။

“တရုတ်ငွေအတုက တစ်မျိုး၊ ဗမာငွေအတုက တစ်မျိုးဆိုတော့ တစ်နေ့တစ်နေ့ အဲဒါကိုပဲ အာရုံစိုက်နေရတယ်” ဟု ကိုဝင်းလွင်က ဆက်လက် ပြောကြားသည်။

ကုန်သည်ကြီးများ အနေဖြင့် ငွေရေစက်များ အသုံးပြုခြင်း၊ ဘဏ်နှင့် ချိတ်ဆက်ပြီး ငွေပို့ငွေလွှဲပြုလုပ်သဖြင့် ငွေတုများနှင့် ပတ်သက်၍ ကာကွယ်နိုင်သော်လည်း တနိုင်တပိုင် ကုန်သည်များအတွက်မူ ကာကွယ်နိုင်ခြင်း မရှိပေ။

လက်ရှိတွင် အဆိုပါ ငွေတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေတု အမှုအခင်းများနှင့် ပတ်သက်ပြီး မည်သို့ကာကွယ်မည်ဆိုသည်ကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ အသေးစိတ်ကိုတော့ အစ်ကိုတို့အနေနဲ့ မပြောနိုင်ပါဘူး” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။

စီးပွားရေးကဏ္ဍတွင် ငွေစက္ကူ အတုများ ၀င်ရောက်လာပါက တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်း၊ နိုင်ငံပိုင် ငွေကြေးခိုင်မာမှုမရှိခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးအပေါ် ယုံကြည်မှု ကျဆင်းနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။

“သာမန်အားဖြင့် ၀ယ်အားများလာနိုင်တယ်။ အဲဒီတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကတော့ လောလောဆယ်ဖြစ်မယ့် အနေအထားပေါ့။ အဲဒီ ငွေတုတွေ များများဝင်လာပြီဆိုရင် အစိုးရရဲ့ ငွေကြေးစနစ်အပေါ်မှာ ယုံကြည်မှုတွေ လူတွေက လျော့သွားနိုင်တယ်” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေ၀င်းက ပြောကြားသည်။

လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွင်း ငွေစက္ကူအတု ၀င်ရောက်စီးဆင်းမှုမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိသေးကြောင်း၊ သို့သော် တိုင်းပြည်စီးပွားရေးအတွက် ရုန်းကန်နေရသည့် အစိုးရတစ်ရပ်အနေဖြင့် အခက်အခဲများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“ဥပမာ- နိုင်ငံခြားတိုင်းပြည်က လုပ်တယ်။ ပမာဏများများနဲ့ ဆိုရင်တော့ မကောင်းဘူး။ ဥပမာ ဆိုပါစို့ အိမ်နီးချင်းနိုင်ငံတချို့က ပမာဏအများကြီးနဲ့ ၀င်လာမယ်ဆိုတာမျိုးတွေပေါ့။ တစ်ခါတလေ ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ပမာဏ အများကြီး ဖြစ်လာရင်တော့ ပြည်တွင်းမှာ ၀ယ်အားများလာမယ်။ အဲဒီအတွက်ကြောင့် ကုန်ဈေးနှုန်း ပိုတက်နိုင်တယ်။ နောက်တစ်ခုကတော့ တရားမ၀င်ငွေတွေ သိပ်များလာမယ်ဆိုရင်တော့ အစိုးရရဲ့ အရေးယူ တုံ့ပြန်မှုပေါ့။ အဲဒီဟာ လိုအပ်ချက် ဖြစ်လာရင် လူတွေက ငွေကြေးအပေါ်မှာ ယုံကြည်မှု လျော့နည်းသွားနိုင်တာပေါ့။ အဲဒါကတော့ ပိုဆိုးနိုင်တဲ့ အခြေအနေပေါ့။ အဲဒီအပေါ်မှာ အစိုးရ ဘယ်လိုတုံ့ပြန်မလဲပေါ့။ အခုထိတော့ ကြီးကြီးကျယ်ကျယ် တုံ့ပြန်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ အဲဒီလောက်လည်း မလိုအပ်သေးဘူးပေါ့။ ဒါပေမယ့် အစိုးရသစ်နဲ့ ဗဟိုဘဏ်နဲ့ ငွေကြေးတည်ငြိမ်မှုရှိအောင် လုပ်နေတာတွေ ရှိတယ်။ အစိုးရဘက်ဂျက်တွေက အစတည်ငြိမ်မှုရှိအောင် လုပ်နေကြတာပေါ့။ အဲဒီအပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိနိုင်တာပေါ့။ ဘာပဲပြောပြော ပမာဏများများနဲ့ ၀င်လာလေလေ ငွေကြေး တည်ငြိမ်မှုကို အနည်းအများတော့ ထိခိုက်တယ်” ဟု ဦးဇော်ဖေ၀င်းက ပြောကြားသည်။

နည်းပညာ ထွန်းကားလာသည့် ယနေ့ခေတ်တွင် ငွေစက္ကူအတု ပြုလုပ်ရန်မှာ လွယ်ကူလာကြောင်း၊ အစိုးရအနေဖြင့် ငွေတုဖြစ်စဉ်များအား ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ကြောင်း၊ ငွေတုဖြစ်စဉ်များမှာ တားဆီးနိုင်ရန် ခက်ခဲသကဲ့သို့ ယင်းအခက်အခဲအား တားဆီးရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း ဦးဇော်ဖေ၀င်းက ပြောကြားသည်။

“အခုခေတ်က နည်းပညာ တိုးတက်နေတဲ့အတွက် ဒီအတုတွေလုပ်တာ တော်တော်ကို လွယ်လွယ်ကူကူနဲ့ လုပ်လို့ရနေတာပေါ့။ ထိုင်းဘက်အခြမ်းတွေမှာဆို အရင်ကတည်းက ပမာဏများများနဲ့ လုပ်နေတာတွေ ရှိတယ်။ တားဆီးဖို့က ခက်တယ်။ ဖမ်းဆီးအရေးယူတာတွေလောက်ပဲ လုပ်လို့ရမယ်။ တားဆီးဖို့တော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ၀င်လာတာကို ရှာမယ်ဖွေမယ် ဖမ်းမယ်ဆီးမယ်။ ဒီလောက်ပဲလုပ်လို့ရမယ်။ နောက်တစ်ခုက အရင်ကလို ငွေစက္ကူပေါ်မှာ တစ်မျိုးမျိုးလုပ်မယ် ဆိုရင်တော့ အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ဒီကိစ္စက တော်တော်သိမ်မွေ့တယ်။ ကိုင်တွယ်ရတာ” ဟု ၎င်းက ပြောကြားသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စတင်ထုတ်ဝေခဲ့သည့်ကျပ် ငါးထောင်တန် ငွေစက္ကူများအား ထုတ်ဝေပြီး နှစ်နှစ်ကျော်တွင် ငွေစက္ကူအတု ပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် လက်ရှိထုတ်ဝေထားသည့် ကျပ်ငါးထောင်တန် ငွေစက္ကူအား လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာအသစ်များ ထည့်သွင်းကာ ပြောင်းလဲထုတ်ဝေခဲ့သည်။ ထို့ပြင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများကိုလည်း သုံးစွဲနိုင်မည်ဖြစ်ပြီး အသစ်ထုတ်ဝေမည့် ၅၀၀၀ တန် ငွေစက္ကူများမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

လက်ရှိအခြေအနေတွင် ငွေစက္ကူ အသစ်များ ထုတ်ဝေလျက်ရှိပြီး ယခင်က ထုတ်ဝေထားသည့် ငါးထောင်တန် အဟောင်းများကို တတ်နိုင်သမျှ ထိန်းသိမ်းထားကြောင်း၊ ငွေစက္ကူအစစ်နှင့် ငွေစက္ကူအတုများကို ခွဲခြားသိမြင်နိုင်စေရန် ထုတ်ပြန်ပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေး/စီမံဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။

“လူထုထဲမှာကတော့ သိအောင်ဖြန့်ထားတာပေါ့။ ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာ ခွဲခြားသိအောင်၊ အတုနဲ့အစစ်ကိုပေါ့။ အစ်ကိုတို့ အနေနဲ့ ငါးထောင်တန်မှာလည်း ဒီဇိုင်းအသစ်တွေ ခွဲလာတယ်။ တစ်သောင်းတန်မှာလည်း ဒီဇိုင်းအသစ်ခွဲလာတယ်။ ဒီဇိုင်းအဟောင်းတွေကိုတော့ အတတ်နိုင်ဆုံးဗဟိုဘဏ်ထဲကို ပြန်သွင်းနေတယ်။ အတတ်နိုင်ဆုံး ထုတ်မပေးဘူး။ အဲဒါတွေကို (အဟောင်းတွေကို) ဖြန့်မပေးဘူး။ အစ်ကိုတို့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားတယ်။ ဒီဇိုင်းအဟောင်းတွေကို ထိန်းသိမ်းထားခြင်းအားဖြင့် ဒီဇိုင်းအသစ်က လုပ်ဖို့ခဲယဉ်းတယ်။ တစ်သောင်းတန်ဆိုလည်း ညာဘက်အောက်မှာ တစ်သောင်းတန်ဆိုတာကြီးက ထင်းနေတာတို့ နောက်တစ်ခါ လုံခြုံရေးကြိုးတွေက အတုလုပ်ဖို့ ခဲယဉ်းတဲ့ဟာတွေ။ ဗဟိုဘဏ်အနေနဲ့ကတော့ ဒီဇိုင်းအဟောင်းတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြတာပေါ့။ ငွေကြေးလည်ပတ်မှု သဘောအရ အစ်ကိုတို့ဆီ ပြန်ပြန်ဝင်လာတဲ့ ဒီဇိုင်းအဟောင်းတွေကို ထိန်းသိမ်းကြတာပေါ့။ လူထုမှာလည်း အထိအခိုက် မရှိအောင် ပတ်ဝန်းကျင်လည်း အထိအခိုက် မရှိအောင်ပေါ့” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငွေကြေးအတုများနှင့် ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်လျက်ရှိကြောင်း၊ ပုဂ္ဂလိကဘဏ်များ အနေဖြင့် ငွေကြေးများ လာရောက်အပ်နှံပါက ငွေစက္ကူ အဟောင်းများအား ထိန်းသိမ်းထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဥပမာအနေနဲ့ဆိုရင် အစ်ကိုတို့ ဗဟိုဘဏ်ကို ဘဏ်တွေက ပြန်အပ်တဲ့ အပ်ငွေထဲမှာပါတဲ့ အဟောင်းတွေကို ထိန်းသိမ်းထားတယ်။ တကယ်လို့ စိုက်ပျိုးရေးရာသီလို အချိန်မျိုးတွေ ဆိုရင်တော့ ပြန်ထုတ်ပေးရင်ပေးမယ်။ ကျန်တဲ့ သာမန်အချိန်တွေ ဆိုရင်တော့ ဒီဇိုင်းအသစ်တွေကိုပဲ ဦးစားပေး ထုတ်ပေးနေတာပေါ့” ဟု ဦးအောင်ကျော်သန်းက ပြောကြားသည်။

အချို့သော ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံသူများထံမှ ငွေစက္ကူအတုများ တွေ့ရှိပါက ဘဏ်ဝန်ထမ်းများ အနေဖြင့် ငွေစက္ကူ အတုများကို ဖျက်ဆီးခြင်းများမှာ ဥပဒေအား ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ဥပဒေအရ ငွေစက္ကူအတု ဖြစ်စေ၊ အစစ်ဖြစ်စေ မည်သူတစ်ဦး တစ်ယောက်မျှ ဖျက်ဆီးပိုင် ခွင့်မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အစ်ကိုတို့ဆီကို ပြန်ရောက်လာတဲ့ အဟောင်းတွေကို ပြန်သိမ်းတယ်။ အရမ်းဟောင်းနွမ်းတဲ့ဟာတွေကို ပြန်ဖျက်ပစ်တယ်။ နောက်တစ်ခါ အစ်ကိုတို့ ပြန်သုံးနိုင်တဲ့ဟာတွေဆို ပြန်ရွေးပြီးတော့ ဒီဇိုင်းအဟောင်းတွေကို ပြန်သိမ်းတာပေါ့။ အတုလုပ်လို့မရတဲ့ အသစ်တွေပေါ့။ အချက်အလက်တွေတော့ ရှိတာပေါ့။ သာမန်လူထုသိသင့်တဲ့ဟာတွေဆိုရင် အစ်ကိုတို့ ဗဟိုဘဏ် ၀က်ဘ်ဆိုက်စ်မှာ တင်ပေးထားတယ်။ အတုအစစ်ကို ခွဲခြားနိုင်ဖို့ပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်များ အနေဖြင့် ငွေစက္ကူအတုများ တွေ့ရှိသည်ဆိုပါက အလွယ်တကူ ဖျက်ဆီးခြင်းများရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ဥပဒေများကို ကျူးလွန်ရာရောက်ကြောင်း ဦးအောင်ကျော်သန်းက ဆက်လက် ပြောကြားသည်။

“ပုဂ္ဂလိကဘဏ်တွေက လုပ်နေတဲ့ဟာပေါ့။ အတုတွေ့ရင် ဖျက်ဆီးတာပေါ့။ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ဖျက်ဆီးပိုင်ခွင့်မရှိဘူး။ မည်သူတစ်ဦးတစ်ယောက်မျှ ဖျက်ဆီးပိုင်ခွင့် မရှိပါဘူး။ အပေါက်ဖောက်တယ် ဘာညာဆိုရင်လည်း ဥပဒေနဲ့ ငြိစွန်းတာပေါ့။ အတုတွေ့ရင် အမျိုးသားမှတ်ပုံတင်လေး မှတ်ထားပြီးရင် ရဲစခန်းကို သွားအကြောင်းကြားပေါ့။ ဒါပေမဲ့ အဲဒါကလည်း သူတို့အတွက် Customer နဲ့ မျက်နှာပျက်စရာတွေ ဖြစ်နိုင်တော့ အခုဟာက အလွယ်ဖြစ်နေတာပေါ့” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေး/ စီမံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။

ဗဟိုဘဏ်က ထုတ်ပြန်သည့် ဥပဒေအရ ငွေစက္ကူများကို စုတ်ဖြဲလျှင် ထောင်ဒဏ် နှစ်နှစ် ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အိန္ဒယနိုင်ငံတွင် ငွေကြေးအတုများနှင့် ငွေကြေးခ၀ါချမှုများမှာ နိုင်ငံစီးပွားရေးကို ထိခိုက်လျက်ရှိခြင်းကြောင့် အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့သည်။ စတင်ပြု လုပ်စဉ်တွင် အများစုက ဝေဖန်ခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယစီးပွားရေးအား ငွေစက္ကူအတု အကျပ်အတည်းမှ ဆွဲထုတ်နိုင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ လက်ရှိငွေစက္ကူအတု ဖြစ်စဉ်များမှာ မြန်မာ့စီးပွားရေးအတွက် စိုးရိမ်စရာ အခြေအနေတွင် မရှိသေးသော်လည်း အစိုးရသစ်အတွက် ကြိုတင်ကာကွယ်ရမည့် ပြဿနာရပ်တစ်ခု ဖြစ်ပေသည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူ အတု၊ အစစ် ကွဲပြားချက်
အစစ်
■ စက္ကူအမျိုးအစားမှာ စက္ကူသား ကျစ်လျစ်သိပ်သည်းပြီး အထူအပါး ညီညာမှုရှိခြင်း၊ ခရမ်းလွန်ရောင်ခြည်အောက်တွင် နို့နှစ်ရောင်ပြောင်းခြင်း၊ ရာသီဥတုနှင့် ရေစိုဒဏ်ခံနိုင်ခြင်း။

■ ငွေစက္ကူ နံပါတ်များမှာ အက္ခရာ နှစ်လုံး၊ ဂဏန်း ခုနစ်လုံးပါ မြန်မာအက္ခရာ ဂဏန်းနှင့် အင်္ဂလိပ်အက္ခရာဂဏန်းတို့ဖြင့် နှစ်မျိုးရိုက်နှိပ်ထားပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် နီရဲတောက်ပစွာ တွေ့မြင်ရခြင်း။

■ ရေစာများအနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅၀၀၀ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင်တွင် ထောင်ကြည့်က မြင်ရပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် မမြင်ရခြင်း။

■ လုံခြုံရေးကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားပြီး ၅၀၀၀k စာတန်းအားအတည့်။ ပြောင်းပြန်ရိုက်နှိပ်ထားခြင်း၊ ခရမ်းလွန်ရောင်ခြည်အောက်တွင် နီ၊ ပြာ၊ ၀ါ အရောင်များ တွေ့ရခြင်း။

■ ပုံနှိပ်နည်းစနစ်မှာ ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားပြီး စာလုံး၊ ဆေးကြောင်းများကြွနေပြီး ကြည်လင်တောက်ပ ပြတ်သားမှုရှိခြင်း။

အတု

■ စက္ကူ အမျိုးအစားမှာ သာမန်စက္ကူတွင် ရိုက်နှိပ်ထား၍ ပြောင်ချောနေပြီး စက္ကူသားပွကာ ကျစ်လျစ်သိပ်သည်းမှု မရှိခြင်း၊ အထူအပါးညီညာမှု မရှိခြင်း၊ ခရမ်းလွန်ရောင်ခြည်အောက်တွင် နို့နှစ်ရောင် မပြောင်းခြင်း၊ ရာသီဥတုနှင့် ရေစိုဒဏ်ခံနိုင်မှု မရှိခြင်း။

■ ငွေစက္ကူ နံပါတ်များမှာ အက္ခရာနှစ်လုံး၊ ဂဏန်းခုနစ်လုံးပါ မြန်မာအက္ခရာဂဏန်းနှင့် အင်္ဂလိပ်အက္ခရာဂဏန်းတို့ဖြင့် နှစ်မျိုးရိုက်နှိပ်ထားသော်လည်း၊ ခရမ်းလွန်ရောင်ခြည်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း။

■ ရေစာများအနေဖြင့် ဆင်ဖြူတော်ပုံရေစာနှင့် ၅၀၀၀ တန်ဖိုးရေစာမှာ အလင်းရောင်တွင် ထောင်ကြည့်က ပေါ်လွင်ပြတ်သားမှု မရှိခြင်း။

■ လုံခြုံရေးကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိဘဲ၊ ငွေစက္ကူပေါ်တွင် ၅၀၀၀ k စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ်ထားပြီး သပ်ရပ်မှု မရှိခြင်း။

■ ပုံနှိပ်နည်းစနစ်မှာ သာမန်ပုံနှိပ်ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင်ပြတ်သားမှုမရှိဘဲ အရောင်မှိန်နေခြင်း။

ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ အတု၊ အစစ် ကွဲပြားချက်

အစစ်

■ စက္ကူအမျိုးအစားမှာ စက္ကူသား ကျစ်လျစ်သိပ်သည်းပြီး အထူအပါး ညီညာမှုရှိခြင်း၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် နို့နှစ်ရောင်ပြောင်းခြင်း၊ ရာသီဥတုနှင့် ရေစိုဒဏ်ခံနိုင်ခြင်း။

■ ငွေစက္ကူ နံပါတ်များမှာ အက္ခရာ နှစ်လုံး၊ ဂဏန်းခုနစ်လုံးပါ မြန်မာအက္ခရာဂဏန်းနှင့် အင်္ဂလိပ်အက္ခရာ ဂဏန်းတို့ဖြင့် နှစ်မျိုးရိုက်နှိပ်ထားပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် နီရဲတောက်ပစွာ တွေ့မြင်ရခြင်း။

■ ရေစာများအနေဖြင့် ၁၀၀၀၀ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင်တွင် ထောင်ကြည့်ကမြင်ရပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် မမြင်ရခြင်း။

■ ငွေစက္ကူကို ရေစက်ချပြီး လက်ညှိုးဖြင့် မျက်နှာပြင်ကိုပွတ်ကြည့်ပါက ချောမွေ့နေခြင်း။

အတု

■ ငွေစက္ကူတွင် ထည့်သွင်းထားသော ရောင်ပြန်ကြိုးမှာ အနီရောင်ဖြစ်နေခြင်း။ (ခွဲခြားနိုင်ရန် အလင်းရောင်ပြန်ရန် လက်ဖြင့်ကစားကြည့်လိုက်ပါ)။

■ ငွေစက္ကူနံပါတ်များမှာ အက္ခရာ နှစ်လုံး၊ ဂဏန်း ခုနစ်လုံးပါ မြန်မာအက္ခရာ ဂဏန်းနှင့် အင်္ဂလိပ်အက္ခရာဂဏန်းတို့ဖြင့် နှစ်မျိုးရိုက်နှိပ်ထားပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် နီရဲတောက်ပစွာ တွေ့မြင်ရမှု မရှိခြင်း။

■ သင်္ကေတထုထားသည့် နေရာများချောနေခြင်း။ (ကာလာပရင့်ဖြင့် ထုတ်ထားခြင်းကြောင့် ချောနေခြင်း)။

■ ငွေကြိုးထည့်သွင်းထားမှု မရှိခြင်း၊ (အလင်းရောင်တွင် ထောင်ကြည့်ပါက ကြိုးပါမပါ မြင်တွေ့နိုင်ပါသည်)။

■ ငွေစက္ကူကို ရေစက်ချပြီး လက်ညှိုးဖြင့် မျက်နှာပြင်ကိုပွတ်ကြည့်ပါက စက္ကူသားများ အလိပ်လိုက် ကွာကျခြင်း)။


ဇော်မင်းနိုင်

Eleven Media Group

No comments:

Post a Comment