အဖေကိုမြေမြုပ်သင်္ဂြိုလ်ပြီးနောက် အမေ့ကို ကျွန်တော်နဲ့အတူ မြို့မှာလိုက်နေဖို့ခေါ်ခဲ့တယ်။ ဆူညံတဲ့ မြို့ပြလူနေမှုစရိုက်မှာ အမေကျင့်သားမရဘူး ရွာမှာပဲ အေးအေးလူလူနေပါရစေလို့ အမေငြင်းဆန်တော့ အဖေနဲ့နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့၊ အဖေခေါင်းချသွားတဲ့နေရပ်ကို အမေမခွဲနိုင်မှန်း ကျွန်တော်ရိပ်စားလိုက်မိတယ်။
“အရင်က ကျွန်တော်ငွေပို့တာကို အမေလက်မခံခဲ့ပေမယ့် ဒီတစ်ခါတော့ လက်ခံပေးပါနော်အမေ။ တစ်လကို ၂ထောင် သားအမြဲပို့ပါရစေ”
“ရွာမှာနေတော့ ငွေသိပ်မကုန်ဘူး သား... တစ်လကို ၁ထောင်ဆိုရင် လောက်ပါပြီ”
အမေနေတဲ့ရွာက ခေါင်လွန်းတယ်။ စာပို့သမား တစ်လနေမှ တစ်ခါရောက်တဲ့ နေရာဖြစ်တယ်။ မြို့တက်ပြီး အလုပ်လုပ်တဲ့ လူငယ်တွေကများတော့ ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေက တစ်နေ့တစ်နေ့ ကိုယ်သားသမီး ဆွေမျိုးတွေရဲ့စာကို သယ်လာမယ့် စာပို့သမားရဲ့အလာကိုပဲ စောင့်မျှော်နေတတ်ကြတယ်။
စာပို့သမားလာတဲ့နေ့ဆိုရင် ရွာသူရွာသားတွေ အရမ်းပျော်ကြတယ်။ စာပို့သမား ရွာထဲစဝင်ပြီဆိုတာနဲ့ ရွာက ဦးကြီးတို့၊ ဒေါ်ကြီးတို့၊ အဘိုးအဘွား၊ အဖေအမေတို့က စာပို့သမားရဲ့ ဘေးပတ်လည်မှာဝိုင်းဖွဲ့ပြီး ကိုယ့်စာ၊ သူ့စာပါလားလို့ အလုအယက် မေးမြန်းတတ်ကြတယ်။ အဲဒီနောက် ပါလာတဲ့စာတွေကို စုပေါင်းဝိုင်းဖတ်ကြရင်း အပျော်တွေကိုဝေမျှကြတယ်။
စာပို့သမားလာတဲ့နေ့က နောက်ဖေးစိုက်ခင်းမှာ အမေအလုပ်ရှုပ်နေခဲ့တယ်။ ဘေးအိမ်ကဒေါ်ကြီး သုံးလေးခွန်း လှမ်းခေါ်လိုက်မှ ပျာယီးပျာယာနဲ့ အမေထွက်လာပြီး စာပို့သမားဆီက ဖြတ်ပိုင်းလေးတစ်ခုကို လက်ခံလိုက်တယ်။ ငွေလွှဲဖြတ်ပိုင်းကို မြင်တော့ “သား ငွေလွှဲလာတာ” ဆိုပြီး အမေ့မျက်နှာ အပျော်ရိပ်သန်းသွားခဲ့တယ်။ ပို့လာတဲ့ငွေက ၂သောင်း ၄ထောင်ကြီးများတောင်ဆိုတော့ ဆွေမျိုးတွေက ငွေလွှဲဖြတ်ပိုင်းလေးကို တန်ဖိုးကြီးတဲ့အရာတစ်ခုလို တယုတယကိုင်တွယ်ရင်း တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းကြည့်ကြပြီး အမေ့ကို အားကျနေခဲ့ကြတယ်။
သားပထမဆုံးအကြိမ်ပို့လိုက်တဲ့ ငွေတွေကြောင့် အမေတစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ညသန်းခေါင်ထပြီး သားအတွက် အမေစာရေးခဲ့တယ်။ အမေ စာများများမတတ်ပါဘူး။ ဒါပေမယ့် ရွာကမူလတန်းကျောင်းမှာ ဆရာလုပ်ခဲ့ဖူးတဲ့ အဖေ့ကြောင့် အမေ အနည်းအကျဉ်း ရေးတတ်ဖတ်တတ်ခဲ့တယ်။ အမေရေးတဲ့စာက သုံးလေးကြောင်းပဲရှိတယ်။ စာထဲမှာ ဘာဖြစ်လို့ တစ်လကို ငွေ ၁ထောင်ထည့်လာမယ်ဆိုပြီး ဒီလောက်များတဲ့ ငွေတွေထည့်ခဲ့ရသလဲ ဆိုတာပဲဖြစ်တယ်။
အမေ့စာကို ကျွန်တော်ဖတ်ပြီး စာပို့သမားက တစ်လမှတစ်ခါ ရွာရောက်တာကြောင့် အမေအသုံးစရိတ် ပြတ်သွားမှာစိုးလို့ တစ်ကြိမ်တည်းနဲ့ တစ်နှစ်စာပို့လိုက်ကြောင်း အမေ့ကို စာပြန်ခဲ့တယ်။ ကျွန်တော်စာကိုဖတ်ပြီး အမေ သဘောကျပြုံးရယ်နေခဲ့မယ် ထင်ပါတယ်။
လအနည်းငယ်ကြာတော့ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။ အမေ့စာတိုတိုထဲမှာ နောက်နှစ်တွေမှာ အမေ့အတွက်အသုံးစရိတ်ကို တစ်ကြိမ်တည်း မပို့ဖို့၊ တစ်လတစ်ကြိမ် ခွဲပြီးပို့ဖို့ ရေးထားတယ်။
ဒီလိုနဲ့ တစ်နှစ်လွန်မြောက်သွားခဲ့ပြန်တယ်။ အင်ဂျင်နီယာကျွန်တော့်မှာ ရွာကအမေ့ကို ပြန်ကြည့်ဖို့ အချိန်ပိုသိပ်မရှိခဲ့ဘူး။ အမေမှာထားသလို တစ်လတစ်ကြိမ် ငွေတွေခွဲပြီးပို့ဖို့ အားလပ်ရက်မရခဲ့ဘူး။ လကျန်ပြီး မပို့မိမှာလည်း စိုးတာကြောင့် မအားတဲ့ကြားထဲက အမေ့ကို တစ်နှစ်စာ ငွေ ၂သောင်း ၄ထောင် ကျွန်တော် ထည့်လိုက်ပြန်တယ်။
ငွေထည့်ပြီး နောက်တစ်လမှာ အမေ့ဆီက ငွေ၂သောင်း၂ထောင် ပြန်လွှဲလာတဲ့ဖြတ်ပိုင်းကို ကျွန်တော်ရလိုက်တယ်။ ကျွန်တော် စဉ်းစားမရနိုင်ဖြစ်ပြီး အရမ်းအံ့သြသွားမိတယ်။
အမေ ဘာကြောင့် ငွေတွေပြန်လွှဲခဲ့ရသလဲ...
အမေ့ဆီစာရေးပြီး အကျိုးအကြောင်း မေးမြန်းမယ်ကြံတုန်းမှာ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။ စာထဲမှာ ငွေတွေကို တစ်လတစ်ကြိမ် ခွဲပို့ပါ၊ ခွဲမပို့ရင် လုံးဝ မပို့ခဲ့ပါနဲ့လို့ ရေးထားတယ်။ ကျွန်တော် လုံးဝ နားမလည်ခဲ့ပါဘူး...
တစ်နေ့ ကျွန်တော်အလုပ်ကအပြန် မြို့တက်ပြီး အလုပ်လာရှာတဲ့ ရွာက မိတ်ဆွေတစ်ယောက်နဲ့ တိုးခဲ့တယ်။ အမေ့အကြောင်းကို မေးကြည့်တော့ ပြုစုစောင့်ရှောက်သူမရှိဘဲ အမေတစ်ယောက်တည်းနေပေမယ့် အမေပျော်ရွှင်တဲ့အကြောင်း၊ အထူးသဖြင့် စာပို့သမားလာတဲ့နေ့ဆိုရင် အမေပိုပျော်ရွှင်ကြောင်း၊ ကျွန်တော့်ဆီက ငွေလွှဲစာရရင် ရက်အတော်ကြာ အမေပျော်နေတတ်ကြောင်း ပြောပြခဲ့တယ်။
အဲဒီစကားတွေကြားတော့ ကျွန်တော့်ရင်ထဲ ဆို့နင့်လာခဲ့မိတယ်။ ကျွန်တော်နားလည်လိုက်ပါပြီ။ အမေဘာကြောင့် တစ်လတစ်ကြိမ် ငွေခွဲလွှဲဖို့ ကျွန်တော့်ကို ထပ်တလဲလဲမှာခဲ့သလဲဆိုတာကို ကျွန်တော်နားလည်လိုက်ပါပြီ အမေ။
တစ်နှစ်မှာတစ်ကြိမ်ပဲ အမေပျော်ချင်တာမဟုတ်ဘဲ တစ်နှစ်မှာ ၁၂ကြိမ် အမေပျော်ချင်မှန်း သားနားလည်လိုက်ပါတယ်။ အမေလိုချင်ခဲ့တာက သားပို့တဲ့ငွေကြေးတွေမဟုတ်ဘဲ သားရဲ့သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေဆိုတာကို သားနားလည်လိုက်ပါတယ် အမေ...
နိုင်းနိုင်းစနေ (Monday, October 20, 2008)
No comments:
Post a Comment