Latest News

Tuesday, May 9, 2017

‘ဒေါ်လာငါးသိန်း ရင်းနှီးပြီး အမေရိကမှာ အခြေချပါ’ ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်သူဌေးများကို ထရမ့်သမက် မိသားစု ဆွဲဆောင်

‘ဒေါ်လာငါးသိန်း ရင်းနှီးပြီး အမေရိကမှာ အခြေချပါ’ ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်သူဌေးများကို ထရမ့်သမက် မိသားစု ဆွဲဆောင်

အမေရိကန်ပြည်ဝင်ခွင့် ဗီဇာရမည်ဆိုသော ကတိကဝတ်ဖြင့် တရုတ်နိုင်ငံမှ ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ကုရှ်နာမိသားစုက ကြိုးပမ်းခဲ့ကြောင်း CNN  သတင်းတွင် ဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်၊ လက်ရှိ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် တာဝန်ယူထားသူ ဂျရက်ဒ်ကုရှ်နာ၏ ညီမဖြစ်သူ နီကိုးလ် ကုရှ်နာမေယာက ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပွဲတစ်ရပ်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မေလ ၆ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကုရှ်နာမိသားစု ပိုင်ဆိုင်သော နယူးဂျာဆီမှ အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ EB-5 ဗီဇာစနစ်ဖြင့် အခြေချခွင့်ရမည်ဟု ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

EB-5 ဗီဇာအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်သော စီမံကိန်းများတွင် ဒေါ်လာ ၅ သိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများကို ဂရင်းကတ်ပေးနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ရစ်ဇ်-ကာလ်တန်ဟိုတယ်တွင် ပြုလုပ်သောပွဲ၌ ‘ဒေါ်လာ ၅ သိန်း ရင်းနှီးပြီး အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချပါ’ ဆိုသော ကြော်ငြာကို သုံးစွဲခဲ့သည်။

ထရမ့်နှင့် ကုရှ်နာမိသားစု စီးပွားရေး လုပ်ငန်းများတွင် ယခင်ကတည်းက EB-5 ဗီဇာကို အသုံးချခဲ့သည်။ နိုင်ငံခြားသားများ အထူးသဖြင့် ချမ်းသာသော တရုတ်နိုင်ငံသားများမှာ EB-5 အစီအစဉ်ကို အမေရိကသို့ အခြေချရန် လမ်းကြောင်းတစ်ရပ်အဖြစ် အသုံးပြုလေ့ရှိသည်။

တစ်ဖက်တွင်လည်း ယင်းအာမချံက်ကြောင့် အမေရိကန်၏ အိမ်ခြံမြေလုပ်ငန်း အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။

သမ္မတထရမ့်သည် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး သဘောထားကို ကိုင်စွဲထားပြီး အလုပ်ဗီဇာသုံးပြီး ရွှေ့ပြောင်းအခြေချမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်ဟု ကြေညာထားသည်။

EB-5 စီမံချက်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်တွင်းရှိ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်များကပါ ဝေဖန်ထားကြသည်။

ယင်းစီမံချက်မှာ ပိုက်ဆံရှိသည့် နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်  ရောင်းစားသလို ဖြစ်နေသည်ဟု လွှတ်တော်အမတ်များက သုံးသပ်ထားပြီး ပြင်ဆင်ရန် တောင်းဆိုမှုများ ရှိနေသည်။

ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသူများ အနေနှင့် လျင်လျင်မြန်မြန် ဆောင်ရွက်သင့်ကြောင်း၊ EB-5 စီမံချက်အတွက် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်ကို တိုးမြှင့်ဖွယ် ရှိနေကြောင်း ကုရှ်နာမိသားစု လုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နီကိုးလ်ကုရှ်နာမေယာက သူ့အဘိုးဖြစ်သူလည်း အမေရိကန်သို့ ရွှေ့ပြောင်းအခြေချပြီး စီးပွားရေးကို အောက်ခြေမှ စခဲ့ကြောင်း ပွဲတက်လာသူများကို ပြောကြားခဲ့သည်။

အစ်ကိုဖြစ်သူ ဂျရတ်၏ အိမ်ဖြူတော်မှ လက်ရှိရာထူးကို နီကိုးလ်က ထည့်ပြောသွားခဲ့သော်လည်း သမ္မတထရမ့်ကိုမူ အမည်တပ်၍ တိုက်ရိုက်မပြောသွားခဲ့ပေ။ သို့သော်လည်း EB-5 စီမံချက်၏ အဓိက ဆုံးဖြတ်သူများကို ဖော်ပြထားသော ရုပ်ပုံကားချပ် တင်ဆက်မှုတွင် ထရမ့်၏ပုံကို ထည့်သုံးသွားခဲ့သည်။

“၂၀၀၈ မှာ ကျွန်မအစ်ကို ဂျရတ် ကုရှ်နာက မိသားစုကုမ္ပဏီမှာ စီအီးအို တာဝန်ယူခဲ့ပါတယ်။ မကြာသေးမီကမှ ဝါရှင်တန်မှာ အစိုးရအဖွဲ့မှာ တာဝန်ယူဖို့  ပြောင်းသွားတာပါ” ဟုနီကိုးလ် ကုရှ်နာ မေယာက ထည့်ပြောခဲ့သည်။

ဂျရတ်ကုရှ်နာသည် သမ္မတအပေါ် အဓိက သြဇာလွှမ်းမိုးသော အကြီးတန်း အကြံပေးပုဂ္ဂိုလ် တာဝန်ယူထားရသူ ဖြစ်သည်။ ထရမ့်ကိုယ်တိုင်က ဂျရတ်သည် နိုင်ငံခြားရေးမှသည် စီးပွားရေးဆန်းသစ် တီထွင်မှုအထိ မူဝါဒနယ်ပယ် အများအပြားတွင် အဓိကနေရာ သို့မဟုတ် ဦးဆောင်သူအဖြစ် ပါဝင်ရမည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့ဖူးသည်။

နယူးဂျာဆီပြည်နယ်တွင် တည်ဆောက်ဆဲ ဒေါ်လာ ၉၇၆ ဒသမ ၄ သန်း တန်ဖိုးရှိ လူနေအိမ်ခြေနှင့် ဈေးဆိုင်ခန်းများ ပါဝင်မည့် 1 Journal Square စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ EB-5 စီမံချက်ကို အသုံးချပြီး လိုအပ်သည့် ရန်ပုံငွေ၏ ၁၅ ရာခိုင်နှုန်းအထိ ရှာဖွေနိုင်ရန် မျှော်လင့်ထားသည်ဟု ကုရှ်နာမိသားစုက ပြောကြားခဲ့သည်။

ဂျရတ်ကုရှ်နာသည် ထရမ့်၏ အိမ်ဖြူတော်သို့ ရောက်ကတည်းက စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ဟု သူ၏ရှေ့နေဖြစ်သူက ဆိုသည်။

The Voice

No comments:

Post a Comment