Latest News

Sunday, May 21, 2017

ဆူးလေ ရှန်ဂရီလာဟိုတယ်ရဲ့ မီးပျက်ဂယက်

ဆူးလေ ရှန်ဂရီလာဟိုတယ်ရဲ့ မီးပျက်ဂယက်

ဆူးလေ ရှန်ဂရီလာဟိုတယ်မှာဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်တက်ရောက်တဲ့ပွဲမှာ မီးပျက်သွားခဲ့တာနဲ့ပတ်သက်ပြီး ... ဟိုတယ်ရဲ့ဝန်ဆောင်မှုနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းမှုများအပေါ်  ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေဆဲပဲဖြစ်ပါတယ်။

အဲဒီနေ့က မိမိတို့ကိုယ်တိုင်လည်း အဲဒီဟိုတယ်ရဲ့ တတိယထပ်မှာ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို တာဝန်ယူကျင်းပနေတာပါ။ မီးပျက်သွားလိုက် .... စက္ကန့်ပိုင်းလောက် ပြန်လာလိုက်  ..... ပြန်ပျက်သွားလိုက်နဲ့ ခဏခဏဖြစ်ပြီး နာရီဝက်လောက်ကို မီးပျက်သွားခဲ့တာပါ။ တကယ့်ကို စိတ်ပျက်စရာအခြေအနေဖြစ်ခဲ့ရတာပါပဲ။

မီးစပျက်ကတည်းက ဟိုတယ်ရဲ့ ဧည့်ခံပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိဝန်ထမ်းတွေနဲ့ အရောင်းဌာနတာဝန်ရှိဝန်ထမ်းတွေက အခြေအနေတွေကို လာလာရှင်းပြပြီး မကြာခဏဆိုသလိုလည်း တောင်းပန်စကားဆိုကြပါတယ်။  အရောင်းဌာနဒါရိုက်တာ ဖိလစ်ပင်းအမျိုးသမီးကြီးကိုယ်တိုင်လည်း လာလာတောင်းပန်ပါသေးတယ်။ မိမိကတောင် အောက်ထပ်မှာ လုပ်နေတဲ့ ၀န်ကြီးချုပ်တို့ပွဲက ပိုအရေးကြီးလို့ မင်းတို့သွား ဂရုစိုက်ပေးပါလို့ပြောဖြစ်ခဲ့ပါသေးတယ်။

ကာဆီကွန်းဘဏ်က ကမကထပြုကျင်းပတဲ့ ၀န်ကြီးချုပ်တို့ရဲ့အဲဒီပွဲဟာ မင်းပရိတ်သတ်ပိုမိုစုံလင်ပြီး အရေးလည်းကြီးလှတာမို့ သူတို့ဟိုတယ်က တာဝန်ရှိပုဂ္ဂိုလ်တွေ ပိုအရေးတယူ တောင်းပန် နှစ်သိမ့်စကားဆိုကြလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။

ဒီလိုမျိုးအရေးကြီးတဲ့အချိန်မှာမှ ထဖြစ်ရတာ ....ဒါဟာ ဆိုးဆိုးဝါးဝါးတိုက်ဆိုင်မှုတစ်ရပ်လို့ ရိုးသားစွာပဲ ယုံမိပါတယ်။ သို့သော် သူတို့ရဲ့စီမံခန့်ခွဲမှုပိုင်းဟာ အပြစ်ပြောစရာကတော့ဖြစ်ရမှာပါ။

ဘဏ်က၀န်ထမ်းတစ်ဦးကို ၀န်ကြီးချုပ်စကားပြောနေတဲ့ ဗီဒီယိုဖိုင် အတိုကလေးရဲ့သက်ရောက်မှုနဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် လူတွေရဲ့ စိတ်ဝင်တစားရှိစေမှုတွေက ဒီမီးပျက်မှုအပေါ် ပိုအာရုံပြုမိလာစေပါတယ်။

အခုဆို ဟိုတယ်ရဲ့ဝန်ဆောင်မှုတွေအပေါ်  ကဲ့ရဲ့
ဝေဖန်စရာတွေ ပြောနေကြ ရေးနေကြသလို .... ပွဲကျင်းပဖို့ရှိနေတဲ့ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေဘက်မှာလည်း စဉ်းစားစရာတွေဖြစ်စေပါတယ်။

တစ်ချိန်ထဲမှာပဲ အဲဒီဟိုတယ်ရဲ့ဝန်ထမ်းအချို့ဟာ မခံမရပ်နိုင်ဖြစ်တဲ့သဘောဖြစ်လာပြီး ...  မယဉ်ကျေးတဲ့ တုံ့ပြန်စာတွေ ရေးကြ တင်လာကြတာတွေလည်း တွေ့နေရပါတယ်။ ဟိုတယ်စီမံခန့်ခွဲရေးအနေနဲ့ မိမိဝန်ထမ်းတွေကို နားလည်သဘောပေါက်အောင်ရှင်းပြပြီး အချိန်မီ ထိန်းထိန်းသိမ်းသိမ်းလုပ်သင့်တဲ့အရာပါ။ အရေးကြီးပါတယ်။

ပြဿနာကတော့ ဖြစ်ခဲ့ပြီးသွားပါပြီ။ ဟိုတယ်ရဲ့အရောင်းပမာဏကိုလည်း သိသိသာသာ အကျိုးသက်ရောက်မှုရှိစေမယ့်ဖြစ်စဉ်လည်း ဖြစ်သွားမှာပါ။

(မိမိစိတ်ဝင်စား / ဆည်းပူးရာပညာရပ်အနေနဲ့) ....

ဒီအခြေအနေအရပ်ရပ်ကနေ သူတို့ဘယ်လိုဗျူဟာတွေနဲ့ ယခင်အနေအထားကို ပြန်လည်ထိန်းသိမ်းရယူမလဲ .... ပြန်အရောင်းမြှင့်တင်နိုင်မလဲ .... ဆိုတာကိုပဲ စိတ်ဝင်စား စောင့်ကြည့်နေချင်ပါတယ်။  ။

တန်ဖိုးကြီးတဲ့ သင်ခန်းစာတစ်ရပ်ဖြစ်နေမှာပါ။   ။

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျား .....

Tin Htun Win
(မောင်တင်)
၂၁၊ မေလ၊ ၂၀၁၇

No comments:

Post a Comment