လကဆုန် ညောင်ရေပွဲပေမို့
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယမြောက်လဖြစ်၍ နွေဥတု၌ပါဝင်သည်။ ဤလ၏အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတွင် ‘ကုဆုန်’ ဟုရေးသားခဲ့ကြပြီး ကုဆုန်မှ ကဆုန်သို့ ပြောင်းလဲသုံးနှုန်းလာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ‘ကု’ ‘က’ ပုဒ်တို့တွင် ရေဟောအနက်များရှိပြီး ‘ဆုန်’ ပုဒ်တွင် သွန်းလောင်းခြင်းအနက်ရှိရာ ကဆုန်လ၏ အဓိပ္ပာယ်မှာ ရေသွန်းလောင်းသောလ ဟူ၍ဖြစ်သည်။ မည်သည့်အရာကို သွန်းလောင်းပါသနည်းဟူမူ မြတ်စွာဘုရားသစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို သွန်းလောင်းခြင်းဖြစ်ပါသည်ဟု ဖြေဆိုရပေမည်။
ဝေါဟာရလီနတ္တဒီပနီတွင်မူ ]]အကြင်လသည် ရေကိုဖြတ်တတ်၏ ထို့ကြောင့်ထိုလသည် ကဆုန်မည်၏။ အဓိပ္ပာယ်ကား ကန်၊ ချောင်း၊ ဆည်၊ မြောင်း၊ ထုံးအင်းအိုင်တို့၌ ရေပြတ်ရေစစ်လကို ဆိုလိုသည်ယူရမည်” ဟုဖွင့်ဆိုထားသည်။
ကဆုန်လသည် ပြိဿရာသီဖြစ်၍ ၀ိသာခါနက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ ကြတ္တိကာနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်ကြသည်။ ရာသီရုပ်မှာ နွားလာဥဿဘဖြစ်၍ ရာသီပန်းမှာ စံကားပန်းဖြစ်သည်။ ရာသီတော်မှာ ညောင်ရေသွန်းပွဲဖြစ်သည်။ ဤလတွင် နေ့နာရီ ၃၂ နာရီနှင့် ညနာရီ ၂၈ နာရီရှိကြပြီး မွန်းတည့်ဖ၀ါးမှာ နှစ်ဖ၀ါးဖြစ်သည်။ ရက်စုံကွယ်သောလဖြစ်၍ ရက်ပေါင်း ၃၀ ရှိ၏။
ကဆုန်လ၏ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေများကို “ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ဟု မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင် ဖော်ပြထားပြီး ‘ကဆုန်လတွင် မြေငွေ့ပြန်အောင် မိုးရွာပုံဆော့သည် ဆိုလိုသည်” ဟုဖွင့်ဆိုထားသည်။
ဥတုဘောဇနသင်္ဂဟကျမ်းတွင် ကဆုန်လ၏သရုပ်ကို နယုန်လနှင့်တွဲဖက်၍ “ကဆုန် နယုန်နှစ်လတို့သည် အလွန်ပူ၏။ အနောက်တောင်ထောင့်က လေပူတိုက်၏။ စက္က၀ါက် ငှက်တို့ဖြင့်ပြွမ်း၏။ နွယ်မြက်တို့သည် ပျက်စီးကုန်၏။ စံပယ်အစရှိသော ပန်းတို့သည်ပွင့်ကုန်၏။ လောကခြောက်၏” စသည်ဖြင့် ဖော်ပြထားသည်။
ကဆုန်လပြည့်နေ့သည် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟူသည့် စာဆိုနှင့်အညီ ဗုဒ္ခမှတ်တိုင်ကြီးများ စိုက်ထူသော နေ့ထူးနေ့မြတ်ဖြစ်၏။ ကဆုန်လပြည့်နေ့တွင် အလောင်းတော် သုမေဓာရှင်ရသေ့သည် ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ဖြင့် လေးဆူမြောက် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ် ခံယူရရှိခဲ့ခြင်း၊ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီဥယျာဉ်၌ ဖွားမြင်ခဲ့ခြင်း၊ ဘုရားရှင် သစ္စာလေးပါးကို ပိုင်းခြားသိမြင်တော်မူရာ မဟာဗောဓိပင် ပေါက်သောနေ့ဖြစ်ခြင်း၊ အလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းနှင့် ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းတို့သည် ကဆုန်လပြည့်နေ့၏ ထူးမြတ်သော ၀ိသေသ လက္ခဏာများဖြစ်ကြရာ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြပြီး ယင်းနေ့တွင် ရာသီပွဲအဖြစ် ညောင်ရေသွန်းပွဲကို ဆင်နွှဲကျင်းပကြမြဲဖြစ်သည်။ ညောင်ရေသွန်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်ရရှိတော်မူရာ ဗောဓိညောင်ပင်ကို ရည်စူးပူဇော်ခြင်းဖြစ်သည်။
မြတ်စွာဘုရား ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္တိပြည်သားတို့သည် ပန်းနံ့သာလက်စွဲလျက် မြတ်စွာဘုရားအား ပူဇော်ရန် ဇေတ၀န်ကျောင်းသို့လာကြရာ မြတ်စွာဘုရားမရှိခိုက်နှင့် ကြုံသဖြင့် ပူဇော်ရာကို မရသောကြောင့် ပန်းနံ့သာတို့ကို ဂန္ဓကုဋိတံခါး၌ချ၍ သွားကြ၏။ ထိုအကြောင်းကို အနာထပိဏ်သူဌေးသည် ရှင်အာနန္ဒာမထေရ်အား မြတ်စွာဘုရားမရှိသည့်အခါ ပူဇော်ရာမရှိသဖြင့် ပူဇော်ရာတစ်ခုရှိရစ်အောင် မြတ်စွာဘုရားအား လျှောက်ထားတောင်းပန်ပေးရန် လျှောက်ထား၏။ ရှင်အာနန္ဒာမထေရ်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရား၏ ဖွားဖက်တော်လည်းဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်သောဗောဓိပင်ကို ဇေတ၀န်ကျောင်းတံခါး၌ စိုက်ပျိုးရန် ခွင့်ပြုတော်မူသည်။ ကောသလမင်းကြီးသည် ထိုဗောဓိပင်ကို နံ့သာရေအိုး၊ ရွှေကွန်ရွက်၊ တံတိုင်း၊ မီးတားစသည်တို့ဖြင့် ပြုလုပ်ပူဇော်၏။ ထိုဗောဓိပင်သည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ရှင်အာနန္ဒမထေရ်၏ အစီအစဉ်ဖြင့် စိုက်ပျိုးအပ်သောကြောင့် ‘အာနန္ဒာဗောဓိ’ ဟုတွင်ကြောင်း တေရသကနိပါတ်၊ ကာလိင်္ဂဗောဓိဇာတ်၌ ဖော်ပြထားသည်။
ကဆုန်လသည် နွေရာသီ၏ အလယ်ဗဟို၌ ကျရောက်နေသည့် အားလျော်စွာ တန်ခူးရေကုန် ကဆုန်ရေခန်း ဆိုရိုးစကားအရ အင်းအိုင်ကန်ချောင်း ရေနုတ်မြောင်းများတွင် ရေများခန်းခြောက်လေ့ရှိရာ အချို့ပန်းမန်သစ်ပင်များ နွမ်းခြောက်ညှိုးခွေ သေကျေပျက်စီးကြရသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်တို့သည် ပရိဘောဂစေတီထိုက်သော ဗောဓိပင်များ မညိုးမနွမ်း လန်းဆန်းရှင်သန်စေရန် ရည်ရွယ်လျက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်းဖြစ်သည်။ ‘ကုဆုန်’ ‘ကဆုန်’ ဟူသောလအမည် အခေါ်အဝေါ်များ အလွန်ရှေးကျသည်ကိုထောက်၍ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်စအချိန်ကပင် မဟာဗောဓိပင်ဖွား ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန်ရှိပြီး ညောင်ရေသွန်းပွဲ ကျင်းပသည့် ဓလေ့လည်း တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့ဟန်ရှိသည်ဟု အချို့ကယူဆကြသည်။ သို့ဖြစ်ရာ ညောင်ရေသွန်းပွဲသည် ဘာသာရေးကို အခြေခံသောပွဲဖြစ်သည်ဟု ဆိုနိုင်ပေသည်။
စာပေအထောက်အထားများအရ ပုဂံခေတ် နရပတိစည်သူမင်း (၅၃၆-၅၇၃) လက်ထက် ပေါင်လောင်ရှင်ဟုခေါ်သော ရှင်ကဿပမထေရ် သီဟိုဠ်ကျွန်းသို့ ကြွရောက်သွားပြီး အပြန်တွင်ယူဆောင်ခဲ့သော မဟာဗောဓိ ညောင်စေ့ကို စိုက်ပျိုးခဲ့ရာမှ ရေဖျန်းခြင်းအမှု အစပြုခဲ့သည်။ သို့သော် ညောင်ရေသွန်းပွဲဟူ၍ အထင်အရှားမရှိခဲ့သေးပေ။ ပင်းယမင်းဆက် အပါအ၀င်ဖြစ်သော ဥဇနာမင်း (၆၈၄-၇၀၄) သည်ပင်ကြားအရပ်၌ စံကားခုနစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီးလျှင် ကျောင်းတော်များ၏ အရှေ့မြောက်ထောင့်၌ မဟာဗောဓိမျိုးစေ့ကို ကိုယ်တော်တိုင်စိုက်ပျိုးလျက် ထိုဗောဓိပင်ကိုလည်း ၀တ္တကံမိုးမြေနှင့်တကွ အလုပ်အကျွေးများကိုပါ လှူဒါန်းတော်မူကြောင်း သုသောဓိတ မဟာရာဇ၀င်ကြီးတွင် ဖော်ပြထားသည်။ သို့သော် ညောင်ရေသွန်းခြင်းနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။
ညောင်ရေသွန်းလောင်ခြင်း ဓလေ့နှင့်စပ်လျဉ်း၍ “သက္ကရာဇ် ၅၆၃ ခုနှစ်စွဲ၊ သင်ကြီးညောင်အုပ်ကျောက်စာ၊ (ကျော ၂၊ ၃) တွင် ‘က (ဓိ)န် ပင်္သကူလေပြီ ဧအ်၊ ညောင်မီဖုန်’ ဟုလည်းကောင်း၊ သက္ကရာဇ် ၆၅၃ ခုနှစ်စွဲ၊ စောလှဝန်းဘုရားကျောက်စာ (ကျော ၂၂၊ ၂၃) တွင် ‘မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်၊ မပြတ်စေလျှင်တည်၏’ ဟုလည်းကောင်း၊ ပင်းယခေတ်တွင် ပေါ်လာသော ပြည်မင်းမျက်နှာရှည် ကာချင်းတွင် ‘စံကားဝတ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေတန့်စကူး။ နွေလဆန်း ဆန်းလဦး၊ ၀တ်ဆံရွှေသား၊ စံကားပွင့်လှဦး’ ဟုလည်းကောင်း ရေးထိုးခဲ့ ရေးသားခဲ့သည်တို့ကိုထောက်လျှင် ပုဂံခေတ်၊ ပင်းယခေတ်တို့တွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့ရှိနေပြီဖြစ်ကြောင်း ထင်ရှားပေသည်” ဟု ဓမ္မာစရိယ ဦးအေးနိုင်က သုံးသပ်ဖော်ပြထားသည်။
ညောင်ရေသွန်းပွဲနှင့် စပ်လျဉ်း၍ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများက ရှုထောင့်စုံမှ စာပန်းချီခြယ်မှုန်းခဲ့ကြရာ အချို့ကိုကောက်နုတ်တင်ပြရသော် နတ်ရှင်နောင်က “ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို” အစချီ၍လည်းကောင်း၊ ရှင်သံကိုယ်က ‘တစ်ကြွေးမိုးသား၊ ပျံ့သွားဆင်စ၊ ပျံကြွမြူးခုန်၊ ကဆုန်ခါနွေ၊ စံကားရွှေနှင့်၊ ညောင်ရေရာသီ၊ သာညီရဂုံ၊ ပန်းမျိုးစုံလျက်’ ဟုလည်းကောင်း၊ ဆီသည်ရွာစား ဦးအောင်ကြီးက “မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူတာတကောင်း၊ မတင့်တောင်းဝယ်၊ သွန်းလောင်းရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်၊ အခါညောင်ရေသွန်းတည့်လေ” ဟုလည်းကောင်း၊ လက်ဝဲသုန္ဒရက “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” ဟုလည်းကောင်း၊ ဦးကြင်ဥက “မြေနံ့တကြိုင်၊ စံကားရွှေဝါနှင့်၊ ညောင်သီဒါ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်” ဟုလည်းကောင်း၊ မယ်ခွေက “ပြည်ကမ္ဘောဇ၊ တိုင်းညိုမြမှာ၊ တံငါ့တာရာ၊ ကြယ်ဥက္ကာနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့” ဟုလည်းကောင်း၊ မဟာအတုလမင်းကြီးက “ပန်းမြစံကားဝါ၊ ၀ိသာခါနှင့် တာရာခြံရံ၊ စန်းငွေယုန်ဖန်သည့်နှယ်၊ ဆန္ဒန်ပိုင်ဗွေဘုံမှာ၊ လကဆုန်ညောင်ရေပွဲပေမို့၊ သဲလှတယ်လေး” ဟုလည်းကောင်း အသီးသီး ဖွဲ့ဆိုချီးပခဲ့ကြသည်။ ဆရာမင်းသုဝဏ်ကလည်း “ဤညောင်ရေသွန်းပွဲကို အကြောင်းပြု၍ မြန်မာမှုတွင် ညောင်ရေအိုး၊ ညောင်ရေအိုးစင်၊ ညောင်ရေအိုးပန်း၊ ညောင်ရေအိုး ရေသောက်၍ သစ္စာပြုသည် စသည်တို့ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရန်ရှိပါသည်။ အောင်ရာအောင်ကြောင်း ဆုပတ္ထနာများ တောင်းချင်သောအခါများ၌ “ဘယ်ဘုရားမှာတဲ့ ဆွမ်းတော်တင်၊ ဘယ်ပလ္လင် ညောင်ရေလောင်းပါလို့၊ ဆုတောင်းပါရမယ်” ဆိုသည့်အတိုင်း ညောင်ရေလောင်း၍ ဆုတောင်းလေ့ ရှိပါသည်” ဟု ပတ္ထနာတူကွ ညောင်ရေမြဆောင်းပါးတွင် ဖော်ပြခဲ့သည်။
ဗောဓိပင်ကို ညောင်ရေသွန်းလောင်း ပူဇော်ရသော ကောင်းမှုကြောင့် နတ်ပြည်၌ဖြစ်ခြင်း၊ အပါယ်လေးပါးသို့မလားခြင်း၊ စကြ၀တေးမင်း ရှစ်ကြိမ်ဖြစ်ခြင်း၊ ဘုရားရှင်လက်ထက် ပဋိသမ္ဂိဒါပတ္တိ ရဟန္တာဖြစ်တော်မူခြင်းဟူသော အကျိုးလေးပါးတို့ ရရှိနိုင်ကြောင်း ကျမ်းဂန်များ၌ ပြဆိုထားသည်။
ညောင်ရေသွန်းပွဲ ဆင်နွှဲခြင်းသည် မြန်မာလူမျိုးတို့၏ ဘာသာရေးအမွေအနှစ်နှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မည်ပေသည်။
ဤကဲ့သို့ ထူးကဲမွန်မြတ်လှသော ကဆုန်လပြည့် ဗုဒ္ဓနေ့မြတ်သမယတွင် မကောင်းမှု အကုသိုလ်တရားများကို မပြုလုပ်မိအောင် ကိုယ်၊ နှုတ်၊ နှလုံး၊ သုံးပါးလုံးအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကောင်းမှုကုသိုလ်တရားများကို မပြုလုပ်မိအောင် ကိုယ်၊ နှုတ်၊ နှလုံး၊ သုံးပါးလုံးအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကောင်းမှုကုသိုလ်တရားများကို ပြုလုပ်ဖြစ်အောင် အားထုတ်ခြင်း၊ မိမိစိတ်ကိုဖြူစင်အောင် သမထ၀ိပဿနာတရားများ ပွားများခြင်းတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ကျမ်းကိုး
■ ဆယ့်နှစ်ရာသီမြန်မာ့ရိုးရာ ရာသီပွဲတော်များ (ဓမ္မစရိယ ဦးအေးနိုင်)
မြေလတ်ညိုလင်း
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment