အပူဒဏ်ကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို တစ်ရက်မှာ လူနာငါးဦးမှ ၂၀ ဦးထိ ရောက်ရှိနေ
အပူဒဏ်ခံစားရတာကြောင့် ဆေးရုံ၊ ဆေး ခန်းကို ရောက်ရှိလာတဲ့ လူနာဦးရေဟာ တစ်ရက်ကို ငါးဦးမှ ၂၀ ဦးခန့် ရှိနေကြောင်း ဆေးရုံ၊ ဆေးခန်းအချို့နဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေမှ တာဝန်ရှိသူတွေက ပြောကြပါတယ်။
‘‘အပူလျှပ်တာတို့၊ အပူကြောင့် နွမ်းတာတို့နဲ့ တစ်ရက်ကို လူနာ ၂၀ လောက်လာတယ်။ အပူပြင်းတာက လေးငါးယောက်လောက်ပါတယ်။ အပူအရမ်းများလို့ ဇီဝကမ္မ ပုံမှန်အလုပ်မလုပ်တော့ဘူး။ အပူကြောင့် လေဖြတ် တာပါ။ သေစေနိုင်ပါတယ်’’ လို့ လှိုင်သာယာမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
အဖြစ်များတဲ့ အရွယ်တွေဟာ အသက် (၁၂)နှစ်အောက် ကလေးငယ်တွေနဲ့ (၆၀)နှစ်အထက် အရွယ်တွေဖြစ်ပါတယ်။ အပူကြောင့် ချွေးထွက်လွန်တာ၊ သွေးပေါင်ကျတာ၊ ဆီးချိုဆောင့်တက်တာ၊ မူးမော်တာ၊ အမောဖောက်တာ ၊ နှလုံးရောဂါထတာ စတဲ့ရောဂါတွေ ဖြစ်ပွားတယ်လို့ သိရပါတယ်။
‘‘ဆေးခန်းကို ပုံမှန်လာပြတဲ့သူ ၃၀ လောက်ရှိတဲ့အထဲမှာ အပူကြောင့် ရောက်လာတဲ့သူက ငါးယောက်၊ ခြောက်ယောက်ရှိတယ်။ အရင်ကဆို အပူကြောင့်ရောက်လာတာ တစ်ရက်ကို တစ်ယောက်တောင်မရှိဘူး။ ဒီရက် ပိုင်းမှာများလာတာ’’လို့ အလုံမြို့နယ်မှ ဆရာဝန်တစ်ဦးကလည်း ပြောကြားထားကြောင်း သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပေးရတဲ့ လူနာတွေက လေး၊ ငါး ယောက်လောက်ရှိပြီး အားလုံးက အသက်(၆၀)ကျော်လောက်တွေ များတယ်လို့ သာကေတမြို့နယ်မှ ပေးဆပ်သူအရေးပေါ်လူနာတင်ယာဉ်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
မေလ ၄ ရက်က (၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခဲ့ပြီး အပူကြောင့်ဖြစ်တဲ့ ဝေဒနာတွေထဲမှာ အဆိုးရွားဆုံးဖြစ်တဲ့ အပူလျှပ် (HeatStroke)ခြင်း ရောဂါနဲ့ ရောက်ရှိလာကာ မေလ ၈ ရက်အထိ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။
အပူဒဏ်အန္တရာယ်ကြောင့် မိတ်နဲ့ယားဖုတွေထွက်ပေါ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်ရင် အသက် အန္တရာယ်စိုးရိမ်ရတာကြောင့် ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေကို အထူးဂရုစိုက်သင့်တာ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်း အရိပ်ရတဲ့နေရာမှာ နားနေဖို့၊ နေရောင်အောက်မှာ ပင်ပန်းစွာ အလုပ်လုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ဖို့၊ ထီး၊ ဦးထုပ်တွေ ဆောင်းဖို့၊ အရောင်ဖျော့တဲ့ ချည်ထည်ပွပွတွေ ဝတ်ဆင်ဖို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။
Source: 7Day Daily:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment