နေပြည်တော်၊ မေ ၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် သည် ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံရှင်းလင်းပွဲ၌ NLD ပါတီနှင့်ပတ်သက်သော အွန်လိုင်းပေါ်၌ပြန့်နှံ့နေသည့် သတင်းများအား မဟုတ်မမှန်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ထိုသို့ရှင်းလင်းပြောဆိုရာ၌ ဧရာဝတီသတင်းဌာနက မေးမြန်း သည့် “ယခုကဲ့သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယရှိပါသလဲ” ဟု မေးခွန်းအား ဖြေကြားရာတွင် ဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” ဟု ဖြေကြားခဲ့ကြောင်းတွေ့ရှိရသည်။
ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်ပြီး ပါတီကို ကိုယ်စားပြု၍ မီဒီယာများအား တွေ့ဆုံရှင်းလင်းရာတွင် အခြေအမြစ်ခိုင်လုံခြင်းမရှိသော သံသယစိတ်အပေါ် အခြေခံ၍ တပ်မတော်အား ထည့်သွင်းပုတ်ခတ်စွပ်စွဲပြောဆိုခြင်းသည် တပ်မတော်၏ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေသည်။ သတင်းမီဒီယာနည်းဥပဒေ၊ အခန်း(၄)၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များ၌ပါရှိသော “အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း” ဟူသည့် သာမန်မီဒီယာသမားများ လိုက်နာရသည့် ပြဋ္ဌာန်းချက်ကိုပင် ချိုးဖောက်စေရန် အားပေးအားမြှောက်ပြုစေကြောင်း တွေ့ရှိရသည်။
ယနေ့အချိန်ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားရင်ကြား စေ့ရေးကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်ပါသည်။ ၎င်းကာလ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုထိခိုက်စေသော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုအား ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် လိုအပ်သောတုံ့ပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
No comments:
Post a Comment