Latest News

Tuesday, May 16, 2017

လကမ္ဘာပေါ် လူသွားနေဖို့ ပြင်ဆင်တဲ့အနေနဲ့ စမ်းသပ်ခန်းမှာ လကမ္ဘာအတု တရုတ်ဖန်တီး

လကမ္ဘာပေါ် လူသွားနေဖို့ ပြင်ဆင်တဲ့အနေနဲ့ စမ်းသပ်ခန်းမှာ လကမ္ဘာအတု တရုတ်ဖန်တီး


 ဘေဂျင်းက လကမ္ဘာပေါ် လူသားတွေ ခြေချရေး သူ့ရဲ့ရေရှည်ရည်မှန်းချက်အတွက် ပြင်ဆင်နေချိန်မှာ လကမ္ဘာလိုပတ်ဝန်းကျင်တစ်ခုကို ပုံစံတူဖန်တီးထားတဲ့ စမ်းသပ်ခန်းတစ်ခုမှာ တရုတ်ကျောင်းသားတွေကို ရက် ၂၀၀ အထိ နေထိုင်စေမယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်က ဆိုပါတယ်။

ဘေဂျင်းရဲ့ အာကာသသုတေသနတက္ကသိုလ် Beihang မှ ဘွဲ့လွန်ကျောင်းသားလေးဦးက ဗုဒ္ဓဟူးနေ့မှာ “Yuegong-1” လကမ္ဘာနန်းတော် လို့အမည်ပေးထားတဲ့ စတုရန်းမီတာ ၁၆၀ ရှိ အခန်းထဲကို ဝင်ရောက် သွားခဲ့ကြတယ်လို့ ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။ သည်ကျောင်းသားတွေဟာ ပြင်ပနဲ့ အဆက်အသွယ်မရှိဘဲ ကိုယ်တိုင်ထိန်းချုပ်နေထိုင်ရမယ့် ကာလရှည် အာကာသမစ်ရှင် ပုံစံတူ လေ့ကျင့်ဖို့ အလုံပိတ်အခန်းထဲမှာ နေထိုင်ရမှာဖြစ်ပါတယ်။ ၎င်းတို့စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဇီဝဓာတ်မြေသြဇာအဖြစ်စီမံထားရှိပြီး အစားအစာနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ စိုက်ပျိုးတဲ့ စမ်းသပ်မျိုးစေ့တွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သုံးမှာဖြစ်ပါတယ်။ သည်ပုံစံတူအခန်းဟာ လက်ရှိမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး အလိုအလျောက်ထိန်းချုပ်မှုစနစ်သုံး အသက်ကယ် နည်းပညာကို ဖော်ဆောင်နေတယ်လို့ စီစီတီဗီ သတင်းဌာနက ဆိုပါတယ်။

နောက်ဆယ်နှစ်အတွင်းမှာ တရုတ်က လပေါ်ကို အာကာသယာဉ်မှူးတွေ ပထမဆုံးအကြိမ်စေလွှတ်နိုင်မယ်လို့ မမျှော်လင့်ထားပေမယ့် သည်ပရောဂျက်က လကမ္ဘာမျက်နှာပြင်ပေါ်မှာ ကြာကြာနေနိုင်မယ့် စူးစမ်းရှာဖွေသူတွေ ကို ပြင်ဆင်ပေးချင်တာဖြစ်ပါတယ်။ ကနဦးနေထိုင်မှုကာလ ရက် ၆၀ အတွက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို ဓာတ်ခွဲခန်းထဲကို ဝင်ရောက်စေခဲ့ပါတယ်။ အဲသည့်နောက်မှာ ရက် ၂၀၀ နေထိုင်ပေးမယ့် နောက်လေးယောက်အဖွဲ့နဲ့ အစားထိုးမှာဖြစ်ပြီး နောက်ထပ် တစ်ကြိမ် ၁၀၅ရက် နေဖို့ သူတို့ ပြန်ဝင်ကြရမှာဖြစ်ပါတယ်။ လကမ္ဘာနန်းတော်မှာ အပင်စိုက်ပျိုးမှုအတွက်မော်ဂျူးအပိုင်း နှစ်ခုနဲ့ လူနေထိုင်ဖို့ မောင်းနှင်ရေးအခန်းတစ်ခန်းပါရှိ ပါတယ်။ ၄၂ စတုရန်းမီတာရှိတဲ့ နေထိုင်တဲ့အခန်းမှာ အိပ်ရာခန်းငယ်လေးခန်း၊ နားနေခန်းတစ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းနဲ့ တိရစ္ဆာန်များမွေးမြူနိုင်တဲ့အခန်းတစ်ခန်း ပါဝင်ပါတယ်။ ဆီး၊ မစင်တို့ကိုစီမံအသုံးချခြင်း၊ ကောက်ရိုးဖြတ်စတွေ၊ ခြွေလှေ့ထားတဲ့ဂျုံတွေ၊ အစားအစာစီမံဖန်တီးမှုတို့ကို တာဝန်ယူသူက ယူရပြီး တခြားသူတွေက သီးနှံစိုက်ပျိုးခြင်း၊ ကျန်းမာရေးစောင့်ကြည့်ခြင်း၊ ကုန်စာရင်းပြုစုခြင်း တို့ကို တာဝန်ယူရပါတယ်။

တရုတ်ဟာ သူ့ရဲ့စစ်တပ်ဦးဆောင်တဲ့ အာကာသပရိုဂရမ်မှာ ဘီလျံပေါင်းများစွာ ပုံအောထားပြီး အမေရိကန်နဲ့ ဥရောပတို့ကို အမှီလိုက်နိုင်ဖို့ကြိုးစားလျက်ရှိကာ ၂၀၂၂ ခုနှစ်မှာ အဖွဲ့တစ်ဖွဲ့စေလွှတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

Kumudra

No comments:

Post a Comment