အစိုးရ အကူးအပြောင်းကာလတွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
အစိုးရ အကူးအပြောင်းကာလတွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်း မရှိဘဲ ဧရာဝတီ ပညာ၊ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဖျာပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိမ်းက The Ladies News သို့ ပြောကြားသည်။
“ဧရာဝတီတိုင်ဒေသကြီး အတွင်းမှာ ဥပမာအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ တင်ဒါစွဲလို့ရှိရင် စိတ်ဝင်စားခြင်း တစ်ရာခိုင်နှုန်းဆိုတာ ပေးရတယ်။ အဲလိုဟာမျိုးတွေကို စုစည်းထားတဲ့ ပိုက်ဆံတွေ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အဲဒီပိုက်ဆံတွေကို ဘယ်လိုလည်ပတ် သလဲဆိုတော့ ကျေးရွာမီးလင်းရေးတို့၊ ကျေးလက်ဆေးပေးခန်းတို့ ဆိုပြီး ထုတ်ချေးတာ။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေမှ တိုင်းဒေသကြီး အစည်းအဝေး အမှတ်စဉ် ဘယ်လောက်အရ ဘယ်လိုဟာတွေနဲ့ ပတ်သတ်ပြီး ဘယ်လို ထုတ်ချေးပါ တယ်ဆိုပြီး ထုတ်ချေးခဲ့တာ။ သူတို့ လက်ထက်မှာ အကြွေးတွေ ပြန်ဝင် တာတွေ ရှိတယ်။ တချို့ဟာတွေက ပြန်ဆပ်ရမယ့် ကာလက ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ရောက်နေတာတွေ ရှိတယ်။ အဲတော့ ဘာလုပ်လဲဆိုရင် အစိုးရ အကူးအပြောင်း မတိုင်ခင်လေးမှာ အစည်းဝေးခေါ်ပြီး ငွေချေးထားတဲ့ မြို့နယ်တွေက တာဝန်ရှိတဲ့သူတွေကို ခေါ်ပြီးတော့ အခုအစိုးရ ပြောင်းပြီး တာနဲ့ တစ်ပြိုင်နက်ထဲ ဒီပိုက်ဆံတွေက အစိုးရပိုက်ဆံတွေ မဟုတ်တော့ဘူး။ ဖောင်ဒေရှင်း လွှဲပေးဆိုပြီး လွှဲပေးခိုင်းတာ။ ဧရာဝတီရဲ့ ပညာရေး၊ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တယ်ဆိုတော့ ငွေကြေးကတော့ မနည်းဘူး။ ဒါပေမယ့် မတိကျဘဲနဲ့တော့ ငွေကြေးပမာဏကို မပြောချင်ဘူ” ဟု ၄င်းကပြောကြားသည်။
ဖွံဖြိုးရေးရန်ပုံငွေကိစ္စနှင့် ပတ်သတ်ပြီး ၁-၇-၂၀၁၆ တွင် ပြုလုပ်ခဲ့သော တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဦးဇေယျာမင်းသိမ်းက ယခင်အစိုးရ လက်ထက်တွင် ဖွံဖြိုးရေးရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု သိရကြောင်း၊ သည့်အတွက်ကြောင့် ယခုအစိုးရ လက်ထက်တွင် ယင်းငွေကြေးများကို မည်သို့ စီမံဆောင်ရွက် နေသည်ကို သိလိုကြောင်း မေးခွန်းမေးမြန်ရာတွင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဆိုပါရန်ပုံငွေမျာကို ယခင် အစိုးရက လွှဲပြောင်း ပေးအပ်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ၄င်းကပြောကြားသည်။
အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စကို စိစစ်ဆောင်ရွက်ရန် လူမှုရေးဝန်ကြီးမှ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးသို့ တာဝန်ပေးအပ်ခဲ့ပြီး စာရင်းစစ်ချုပ်ရုံးမှ ဧရာဝတီ ပညာရေး ၊ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ အထောက်အထား မှတ်တမ်းများနှင့် အတူ ရှင်းလင်းဆောင်ရွက်ရန် အကြောင်းကြား ခဲ့သော်လည်း ဖောင်ဒေးရှင်းမှ လာရောက် ဆက်သွယ်ခြင်း မရှိကြောင်း ဦးဇေယျာမင်းသိမ်း က ဆက်လက်ပြောကြားသည်။
“အခုနောက်ဆုံး အခြေအနေက ကျွန်တော်တို့ သိလိုက်ရတာက ရှစ် လကျော်လောက် ရှိသွားပြီ။ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးသို့ စိစစ်တင်ပြရန် အကြောင်းကြားခဲ့ပြီး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှလည်း သက်ဆိုင်ရာ ဖောင်းဒေးရှင်းသို့ အထောက်အထား မှတ်တမ်းများနှင့်အတူ ရှင်းလင်း ဆောင်ရွက်ရန် အကြောင်းကြားခဲ့သော် လည်း လာရောက် ဆက်သွယ်မှုမရှိသဖြင့် စစ်ဆေးတင်ပြ နိုင်ခြင်းမရှိသေးပါ ဆိုတဲ့ ဆောင်ရွက်ရန်ကျန်ဆိုပြီး လွှတ်တော် ကတိက၀တ်ကော်မတီကို ပြောကြားထားတဲ့ဟာ အဲဒါပဲ ကျွန်တော်တို့ သိရသေးတယ်” ဟု ၄င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အဂတိလိုက်စားရာ ရောက်သည်ဟု စွပ်စွဲမှုများ ရှိနေသော မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း၏ ကျပ် ၇.၄၅၉ ဘီလီယံ ငွေကြေး အရှုပ်တော်ပုံ ကိစ္စသည် ပြည်သူများကြား စိတ်ဝင်စားသည့် သတင်းတစ်ပုဒ် ဖြစ်နေပြီး အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ကျပ်ခုနစ်ဘီလီယံကဲ့သို့ အမှုများ ထပ်မံပေါ်ပေါက်လာရန် ရှိနေသည်ဟု ပြောကြားကြောင်း Frontier Myanmar သတင်းဌာနက ဖော်ပြထားသည်။
အောင်ရဲနောင်
The Ladies News
Friday, May 5, 2017
အစိုးရ အကူးအပြောင်းကာလတွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
အစိုးရ အကူးအပြောင်းကာလတွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေများကို လက်ရှိအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Reviewed by Ar Ti
on
4:34 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment