Latest News

Tuesday, May 16, 2017

ကောလာဟလဒဏ် မကြာခဏ ပစ်မှတ်ထားခံရသော ဘဏ်များ

ကောလာဟလဒဏ် မကြာခဏ ပစ်မှတ်ထားခံရသော ဘဏ်များ

ဘဏ်များနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ကောလာဟလဖြန့်နေခြင်းသည် နိုင်ငံ့စီးပွားရေးကို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဗဟိုဘဏ်သာမက အခြားသော အစိုးရတာဝန်ရှိသူများက ပူးပေါင်းထိန်း ချုပ်ပေးရန်လိုသည်ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက ပြောကြားသည်။

 ပြည်တွင်းလုပ်ငန်းရှင်ကြီးများ ပဲ့ကိုင်နေသည့် ပုဂ္ဂလိကဘဏ်များကို အခက်အခဲဖြစ်စေရန် နှစ်စဉ်ကောလာဟလသတင်းများဖြင့် တိုက်ခိုက်လေ့ရှိသည်။ စစ်အစိုးရ၊ ဦးသိန်းစိန်အစိုးရ၊ ဦးထင်ကျော် အစိုးရလက်ထက်အထိ ဘဏ်များ အခက်အခဲဖြစ်စေရန် ကောလာဟလများကို မကြာခဏ ထုတ်လွှင့်နေကြသည်။

မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၀၃ က ဆိုးရွားသည့် အခြေအနေတစ်ရပ် ကြုံတွေ့ခဲ့ရခြင်းကြောင့် ဘဏ်နှင့်ပတ်သက်၍ ကောလာဟလထွက် လာလျှင် ခဲမှန်ခဲ့ဖူးသောစာကဲ့သို့ ပြည်သူများက ပို၍စိုးရိမ်တတ်သည်။

 ကောလာဟလသတင်း တစ်ခုထွက်လာလျှင် လူအများ၏ စိုးရိမ်မှုက ဘဏ်များအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီး ဖြစ်လာသည်။

ဘဏ်လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်နေပြီး ဘဏ်တစ်ဘဏ်ပြိုလဲပါက အခြားသော ဘဏ်များကိုပါ ဆက်စပ်ပြီး အကျပ်အတည်းဖြစ်စေပြီး နိုင်ငံစီးပွားရေးကိုလည်း ပြင်းထန်စွာ ထိခိုက်စေနိုင်သဖြင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူအချို့က ကောလာဟလသတင်းများကို စိုးရိမ်ပူပန်ကြသည်။

 ပုဂ္ဂလိကဘဏ်တစ်ခုနှင့်ပတ်သက်၍ ကောလာဟလသတင်းများ လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့ထွက်ပေါ်ခဲ့သည့် မေလ ၃ ရက်တွင် မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်ကလည်း သူ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ‘‘မည်သည့်ဘဏ်တွင်မဆို အပ်နှံထားသော ငွေများဆုံးရှုံးရန် အကြောင်းမရှိပါ။ ဗဟိုဘဏ်မှ တာဝန်ယူစိစစ်ကြပ်မတ်လျက်ရှိကြောင်း၊ စိတ်မောလူမောဖြစ်ပြီး ဒီလ အတိုးမရဖို့သာ အဖတ်တင်မည်ဖြစ်၍ စိတ်ချလက်ချ အိမ်မှာသာနေလိုက်ပါဟု အသိပေးအပ်ပါသည်’’ဟု အာမခံချက်ကို ဖော်ပြသည်။

 မြန်မာနိုင်ငံတွင် အစိုးရဘဏ်ငါးခု၊ ပုဂ္ဂလိကဘဏ် ၂၄ ခု၊ ဘဏ်ခွဲပေါင်း ၁,၄၈၂ ခု၊ ပုဂ္ဂလိကငွေရေးကြေးရေးကုမ္ပဏီ ၁၆ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ၄၅ ခုနှင့် နိုင်ငံခြားငွေရေးကြေးရေးကုမ္ပဏီ နှစ်ခု ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းသည် သေးငယ်ပြီး ၀န်ဆောင်မှုလုပ်ငန်းများကလည်းနည်းပါးခြင်း ကြောင့် ဗဟိုဘဏ်နှင့် အစိုးရက ကြားဝင်ထိန်းနိုင်သည့် ခြေနိုင်လက်နိုင်အခြေအနေတွင် ရှိနေသည်ဟု ဦးရဲမင်းဦးက ပြောသည်။ ‘‘မြန်မာနိုင်ငံမှာ ဘဏ်တွေက အလွယ်တကူနဲ့ မပြိုလဲနိုင်ပါဘူး။ စနစ်တကျထိန်းသိမ်းမှုတွေနဲ့ အာမခံချက်တွေအများကြီးရှိပါ တယ်’’ဟု အငြိမ်းစားမြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် မတည်ရင်းနှီးငွေ၊ ဘဏ်အဆောက်အအုံတို့ကဲ့သို့ မျက်မြင်ခိုင်မာမှုများအပြင်၊ စည်းမျဉ်းစည်းကမ်းခိုင်မာမှု၊ ဗဟိုဘဏ်၏ စောင့်ကြည့်နေမှုနှင့် ဘဏ်များအပေါ် အစိုးရ၏ အလေးထားမှုစသော မျက်စိဖြင့် မမြင်နိုင်သော ခိုင်မာမှုများလည်းရှိနေကြောင်း အထက် ပါပုဂ္ဂိုလ်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်လိုသူသည် အနည်းဆုံးမတည်ရင်းနှီးငွေကျပ် ၂၀ ဘီလီယံရှိမှသာ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ချထားပေးသည်။ အဆိုပါ မ,တည်ရင်းနှီးငွေသည် ဘဏ်လုပ် ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်များ၏ ငွေကြေးဖြစ်ပြီး အများပြည်သူအပ်နှံငွေများထည့်ပေါင်း၍ မရကြောင်း ဦးရဲမင်းဦးက ရှင်းပြသည်။

ထို့အပြင် ဘဏ်အဆောက်အအုံဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်၍လည်း မတည်ရင်းနှီးငွေမှသာ ထုတ်ယူသုံးစွဲရပြီး အများပြည်သူအပ်ငွေများကို ဗဟိုဘဏ်က အသုံးပြုခွင့်မပေးထားကြောင်း၊ပုဂ္ဂလိကဘဏ်များသည် အ ဆောက်အအုံများနှင့် ပတ်သက်၍လည်း ငှားရမ်းမှုထက် အပိုင်ဝယ်ယူခြင်းသာ ပြုလုပ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။

ဘဏ်လုပ်ငန်းသည် အခြား စီးပွားရေးလုပ်ငန်းများကဲ့သို့ နေ ရာအပြောင်းအလဲများစွာပြုလုပ် မရသည့် လုပ်ငန်းဖြစ်သည်။ နေ ရာအပြောင်းအလဲကြောင့် ဘဏ် နှင့် ငွေကြေးအပ်နှံထားသူများအ ကြား ယုံကြည်မှုလျော့သွားနိုင် သည်ကို ဘဏ်လုပ်ငန်းရှင်များက နားလည် သဘောပေါက်ခြင်း ကြောင့် ဘဏ်အဆောက်အအုံကို အပိုင်ဝယ်ယူခြင်း ဖြစ်သည်။

ဘဏ်တစ်ဘဏ်၏ မျက်မြင်ခိုင်မာမှုသည် မ,တည်ရင်းနှီးငွေကြေး၊ ဘဏ်အဆောက်အအုံ တန်ဖိုးစသည်တို့ ဖြစ်သည်ဟု ဦးရဲမင်းဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းသည် စည်းမျဉ်းစည်းကမ်းတိကျသေချာဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး ဗဟိုဘဏ်၏ စောင့်ကြည့်မှုကလည်း နေ့စဉ်ရှိနေကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။ ပုဂ္ဂလိ ကဘဏ်များသည် ယခင်က တစ်နေ့တာငွေသွင်း၊ ငွေထုတ်စာရင်းကို ညနေဘဏ်ပိတ်ချိန်တွင် ဗဟိုဘဏ်သို့ နေ့စဉ်တင်ပြရသည်။ ယခုအခါ ထိုအချက်ကို အနည်း ငယ်ဖြေလျှော့လိုက်သော်လည်း တစ်နေ့တာငွေစာရင်းကို နောက်တစ်ရက်နံနက်တွင် ဗဟိုဘဏ်သို့ တင်ပြရသည်။

ဘဏ်များ၏ ရပ်တည်ချက်ခိုင်မာစေရန် သီးသန့်ငွေသားအချိုး၊ ငွေကြေးလွယ်ကူမှုအချိုး၊ ချေးငွေနှင့်အပ်ငွေအချိုး သတ်မှတ်ချက်များကို ထိန်းချုပ်နိုင်ရန် ပုဂ္ဂလိကဘဏ်များမှ နေ့စဉ်ငွေကြေးစာရင်းများကို ဗဟိုဘဏ်ကရယူ ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်တစ်ခု၏ ငွေသွင်းငွေထုတ်ယူမှုအခြေအနေကို အသေးစိတ်သိရှိနေရပြီး အခက်အခဲတစ်စုံတစ်ခုဖြစ်လာပါက အလွယ်တကူဝင်ရောက်ကူညီပေးနိုင်သည့် အခြေအနေဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ရှင်းပြသည်။

ထို့အပြင် ၂၀၀၃ က ကြုံတွေ့ခဲ့ရသော ဘဏ်အကျပ်အတည်း သင်ခန်းစာကြောင့် ယခုနောက်ပိုင်းအစိုးရများသည် ဘဏ်များ အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ပါက ကူညီထိန်းပေးရန် အသင့်ရှိနေကြောင်း ၎င်းတို့က သုံးသပ်သည်။ ၂၀၀၃ က ဘဏ်မဟုတ်သည့် အတိုးနှုန်းမြင့်မားစွာပေးပြီး စုငွေလက်ခံသော အကျိုးဆောင်လုပ်ငန်းများ ပြိုလဲမှုမှစတင်ခဲ့၍ ထိုအကျပ်အတည်းက ဘဏ်များအထိ ရိုက်ခတ်ခဲ့ပြီး ဘဏ်အချို့ ပြိုလဲမှု ဖြစ်ခဲ့သည်။

၂၀၀၃ ဘဏ်များအကျပ်အတည်းကြုံတွေ့ချိန်က ဗဟိုဘဏ်က စီမံခန့်ခွဲမှုကို လွှဲပြောင်းယူပြီးနောက် အရစ်ကျငွေထုတ်ပေးခဲ့ကြောင်း၊ ထိုသို့ငွေပြန်လည်ထုတ်ပေးရန်အတွက်လည်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာခဲ့ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ထိုအကျပ်အတည်းများ နောက်ပိုင်းတွင် ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ခဲ့ သည်။ လက်ရှိဘဏ်အကျပ်အ တည်းများကြုံတွေ့ပါကလည်း ဗဟိုဘဏ်က ကြားဝင်ထိန်းပြီး မြန်မာ့စီးပွားရေးဘဏ်မှ ကျွမ်း ကျင်ပညာရှင်များက အကျပ်အ တည်းတွေ့ကြုံနေရသည့် ဘဏ် ၏ စီမံခန့်ခွဲမှုကိုလွှဲယူ၍ ဖြေရှင်း ပေးနိုင်သည်ဟု ဦးရဲမင်းဦးက ရှင်းပြသည်။

ဘဏ်တစ်ခုပြိုလဲပါက အ ခြားဘဏ်များတွင်လည်း အခက် အခဲများစွာဖြစ်နိုင်ပြီး နိုင်ငံစီးပွား ရေးကိုများစွာ ကျဆင်းမှု အခက်အခဲရှိသည်ကို အစိုးရသိရှိကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ က ပြောသည်။

ပုဂ္ဂလိကဘဏ်များက အပ် ငွေ၏ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သို့ ပေးထားရသည်။ ထို့အပြင် ဗဟိုဘဏ်ဥပဒေအရ ဘဏ်တစ်ခုသည် နှစ်စဉ်အသားတင်အမြတ်၏ ၂၅ ရာခိုင်နှုန်းကို အထွေထွေ သီးသန့်ရန်ပုံငွေအဖြစ်ထားရှိမည် ဖြစ်ပြီး မတည်ရင်းနှီးငွေနှင့် ပမာဏတူညီသည်အထိထားရှိရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် အိမ်ခြံမြေများအပေါင်ထား၍ ငွေချေးရာတွင်လည်း ဘဏ်များက Forece Sale Value အတင်းအကျပ်ရောင်းဈေး အတင် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိသာထုတ်ချေးရမည် ဖြစ်သည်။ ထိုသို့ချေးရာတွင်လည်း လက်ရှိဈေးကွက်ပေါက်ဈေးကို ၈၀ ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချသည်။ ထိုလျှော့ချထားသည့် တန်ဖိုးပေါ်မှ ၄၀ ရာခိုင်နှုန်းနှင့် ၆၀ ရာခိုင်နှုန်းသာထုတ်ချေးခြင်းဖြစ်သည်။

အိမ် (သို့မဟုတ်) ခြံမြေကို ဘဏ်တွင် အပေါင်ထားမည်ဆိုပါက သက်ဆိုင်ရာဘဏ်မှ တန်ဖိုးဖြတ်သူ (ရာဖြတ်)က အိမ်၊ ခြံ၊ မြေလက်ရှိပေါက်ဈေး၏ တစ်ဝက်အောက်ကို တန်ဖိုးသတ်မှတ်သည်။ ထိုသတ်မှတ်ချက်သည် မူလတန်ဖိုးထက် တစ်ဝက်အောက်နည်းပါးခြင်းကြောင့် အတင်းအကျပ်ရောင်းဈေး (Force Sale Value)ဟု စီးပွားရေးလုပ်ငန်းရှင် များက သတ်မှတ်ကြသည်။

အိမ်၊ ခြံ၊ မြေတို့ကို မူလပေါက်ဈေးထက် တစ်ဝက်အောက်လျှော့၍ တန်ဖိုးသတ်မှတ်ရခြင်းသည် ချေးငွေရယူသူပြန်လည်မ ဆပ်နိုင်ပါက လေလံတင်ပြီး အလွယ်တကူရောင်းချနိုင်ရန် ဖြစ်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဦးဆောင်နေသူတစ်ဦးက ပြောသည်။ ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိ ကဘဏ်များ၏ ခိုင်မာမှုသည် အာမခံနိုင်သည့်အဆင့်တွင်ရှိနေသည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ဆိုသည်။

‘‘ပြည်တွင်းဘဏ်တွေက သေးပေမယ့် ဗဟိုဘဏ်အောက်မှာဆိုတော့ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ စိတ်ချရတယ်လို့ ပြောလို့ရပါတယ်’’ ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများကို ကောလာဟလသတင်းများဖြင့် နှစ်စဉ်တိုက်ခိုက်နေသည်။ အစိုးရအဆက်ဆက်တိုက်ခိုက်မှုက စီးပွားရေးအခက်အခဲဖြစ်စေရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်နိုင်သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

7Day News Journal

No comments:

Post a Comment