Latest News

Tuesday, May 16, 2017

မဟာချူလာလောင်ကွန်း တက္ကသိုလ်က ဖားအောက်တောရ ဆရာတော်ကြီးကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်မယ်

မဟာချူလာလောင်ကွန်း တက္ကသိုလ်က ဖားအောက်တောရ ဆရာတော်ကြီးကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်မယ်

ဖားအောက်တောရ ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏကို ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်၊  ဗုဒ္ဓဘာသာဌာနက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆက်ကပ် ချီးမြှင့်မယ်လို့ သိရပါတယ်။

‘‘မေလ ၂၁ ရက်မှာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ ပြုလုပ်ပြီးတော့ ဆက်ကပ်သွားပါမယ်။ ထိုင်းဖားအောက်ရဲ့ ကျောင်းဒကာမကြီး ထိုင်းလူမျိုးကလည်း ဆရာတော်ကြီးကို ဂုဏ်ပြုပူဇော်ပွဲ ထပ်လုပ်ပြီးတော့ ထိုင်းသာသနာပိုင်ကလည်းထပ်ဆင့်ဘုန်းကြီး ပူဇော်ပွဲ ထပ်လုပ်ပေးဦးမယ်လို့ သိရပါတယ်’’ လို့ ဆရာတော်ကြီး ဒေါက်တာဘွဲ့လက်ခံမယ့်ခရီးစဉ်မှာ လိုက်ပါမယ့် ပြင်ဦးလွင် ဖားအောက်တောရတပ်ဦး ဓမ္မရိပ်သာ (တိုးချဲ့)မှ ဆရာတော်ဦးဂုဏိန္ဒက မိန့်ကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ဖားအောက်တောရဆရာတော်ကြီးဟာ သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာ နယ်ပယ် နှစ်ခုစလုံးကို မြန်မာပြည်မှာသာမက ပြည်ပနိုင်ငံအနှံ့အပြားအထိ ဘုရားရှင်ဟောကြားတော်မူတဲ့ ဝိသုဒ္ဓိမဂ်ကျင့်စဉ်အတိုင်း ညွှန်ကြားပြသပေးကာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော် ကမ္ဘာအနှံ့ ပြန့်ပွားလာတဲ့ ဂုဏ်ကျေးဇူးကို အထူးတလည် အသိအမှတ်ပြကာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ကြောင်း ဆရာတော်ဦးဂုဏိန္ဒက မိန့်ကြားပါတယ်။


 ‘‘အခုဖားအောက်ဆရာတော်က တတိယဖားအောက်ဆရာတော်ပေါ့။ ပထမနဲ့ဒုတိယဖားအောက်ဆရာတော်တွေက မွန်ဆရာတော်တွေ၊ သစ်သီးဆရာတော်လို့လည်းခေါ်တယ်။ ဆရာတော်ကြီးက မော်လမြိုင်ပင်မဖား အောက်တောရကို အခြေကျအောင်တည်ထောင်ခဲ့ပြီးတော့ ၂၀၀၀ ခုနှစ်လောက်ကနေစပြီး ပြည်ပကို သာသနာပြုအနေနဲ့ စထွက်တယ်။ အခုဆိုရင် ၁၇ နှစ်လောက်ရှိသွားပြီ ဖြစ်ပါတယ်’’လို့ ဆရာတော် ဦးဂုဏိန္ဒက မိန့်ကြားခဲ့ပါတယ်။

ဖားအောက်ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏဟာ ၁၉၈၂ ကစပြီး မော်လမြိုင်ပင်မ ဖားအောက်တောရကို အခြေကျစေဖို့ တည်ထောင်ကာ ၂၀၀၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံအနှံ့အပြားမှာ ၁၇ နှစ်ကြာ သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး ၂၀၀၀ ကစကာ ၂၀၁၇ အထိ ၁၇ နှစ်ကြာ ပြည်ပနိုင်ငံတွေမှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာ သက်တော် (၈၃) နှစ်၊ သိက္ခာတော် ၆၃ ဝါရှိကာ ပြင်ဦးလွင်ဖားအောက်တောရမှာ သီတင်းသုံးနေတဲ့ ဆရာတော်ကြီးမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖားအောက်တောရရိပ်သာပေါင်း ၄၀ နဲ့ ပြည်ပနိုင်ငံတွေမှာ ရိပ်သာ ၁၇ ခုတို့ကို တည်ထောင်ပြီး သာသနာပြု လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, ဆရာတော် ဦးဂုဏိန္ဒ

Duwun

No comments:

Post a Comment