Latest News

Wednesday, May 3, 2017

တပ်မတော်နိုင်ငံရေး မလုပ်ဟု ကာချုပ်ပြောကြား


ဓါတ်ပုံ - Senior General Min Aung Hlaing (FB)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဟာ နိုင်ငံရေးလုပ်နေတာ မဟုတ်ပဲ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း နဲ့ မကြာမီ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပေါ် တပ်မတော်က မျှော်လင့်ချက်ကြီးစွာထားရှိကြောင်း ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel စကော့ မာစီရယ် နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံစဉ် သူက အခုလိုပြောကြားခဲ့တာပါ။

အဲဒီ တွေ့ဆုံပွဲမှာ အမေရိကန် သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ သမိုင်းကြောင်း ရှည်လျားတဲ့အပြင် ပါဝင်တဲ့အဖွဲ့တွေလည်း များလှကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာဆောင်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စစ်ပွဲတခုကို အောင်မြင်တယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးအတွက် မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပြီး လက်ရှိ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းလိုချင်ရင် ပြသနာအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ရဲ့ ရပ်တည်လုပ်ဆောင်ချက်တွေဟာ အစိုးရနဲ့ တပ်မတော်ဖက်က လိုလားချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် ညှိနိုင်းဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ်ကို ရခိုင်ပြည်နယ်မှာ အစိုးရလုံခြုံရေးအဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စွပ်စွဲချက်တွေ အပေါ် တပ်မတော်က စုံစမ်းစစ်ဆေးခဲ့ပုံကိုလည်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment