လူသတ်မှု မသင်္ကာတရားခံအား ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် ဓားဖြင့်လိုက်ခုတ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာတွင် လူသတ်မှုကျုးလွန်သည်ဟုယူဆရသော မသင်္ကာတရားခံအား ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံမှ ဓားဖြင့်လိုက်ခုတ်သဖြင့် သေနတ်နှစ်ချက်ပစ်ဖောက်၍ ဖမ်းဆီးရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၅ နာရီခွဲခန့် ကျောက်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်း နယ်ထိန်းခေါင်းဆောင်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များသည် လက်ပန်ကျေးရွာ ၁၂ ရပ်ကွက်ရှိ လူသတ်မှုကျုးလွန်၍ တိမ်းရှောင်နေသော မသင်္ကာတရားခံ မန်းသန်း(ခ)သန်းဝင်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက်ခဲ့ရာ မန်းသန်းမှာ နေအိမ်အနောက်ဘက်တွင် အရိုးအသွား ၂၀ လက်မခန့်ရှိ ဓားဦးပြားတချောင်းကိုင်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုမည့်အနေအထား တွေ့ရှိရသဖြင့် မေးမြန်းစရာရှိ၍ လာခြင်းဖြစ်ကြောင်း၊ ဘာမှလုပ်မည်မဟုတ်ကြောင်း ပြောကြားနေစဉ် မန်းသန်းမှ ‘ငါနှင့်ဘာမှမဆိုင်ဘူး’ဟု ပြောဆိုကာ ဒုရဲမှူးသိန်းဝင်းနှင့် တပ်ကြပ်ရဲမျိုးထက်ထံသို့ ပြေးဝင်လာပြီး အသင့်ကိုင်ဆောင်လာသောဓားဖြင့် ခုတ်ရာ ရဲတပ်ကြပ် ရဲမျိုးထက်မှ အနီးရှိစက်ဘီးဖြင့် မြှောက်မ၍ ခုခံကာကွယ်လိုက်စဉ် စက်ဘီးအား ခုတ်မိသည်။
ရဲတပ်ဖွဲ့မှ ဓားချရန်နှင့် မချပါက ပစ်ခတ်မည်ဟု ပြောဆိုသော်လည်း ပစ်ချင်ရင်ပစ်ဟုဆိုကာ တဖက်ရှိ ရဲတပ်ကြပ်အောင်သူထံ ဓားဖြင့်ဝင်ခုတ်ရာ ရဲတပ်ကြပ်အောင်သူမှ အသင့်ကိုင်ဆောင်ထားသည့် M-16 ဖြင့် ခါးအောက်ပိုင်းသို့ ပစ်ခတ်ရာ ၀ဲဘက်ဒူးဆစ်အနီး ထိမှန်ခဲ့သော်လည်း ဓားချခြင်းမပြုဘဲ ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များအား ၀င်ခုတ်သဖြင့် ဓားကိုင်သည့် ယာလက်အားပစ်ခတ်၍ ဖမ်းဆီးခဲ့ရသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား အသက်အန္တရာယ်ဖြစ်စေရန် ဓားဖြင့်လိုက်လံခုတ်သူ မန်းသန်း(ခ)သန်းဝင်း (၄၇)နှစ်အားဒုရဲမှူး သိန်းဝင်းမှ (ပ)၃၆၈/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇ ဖြင့် အရေးယူဆောင်ရွက်ထားသည်။ တရားခံမှာ လက်ရှိတွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
မြခေါင်(ကျောက်ဆည်)
Saturday, May 6, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment