ထရန့်က ပထမဆုံး ပြည်ပခရီးစဉ်တွင် မွတ်စလင်များနှင့် ဆက်ဆံရေး ပြန်လည်ဖာထေးရန် ရည်ရွယ်
ပြည်တွင်း၌ နိုင်ငံရေး အရှုပ်တော်ပုံများဖြင့် ရိုက်ခတ်မှုကြုံနေရစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မေ ၂၀ ရက်တွင် ဆော်ဒီအာရေဗျသို့ ဦးစွာ သွားရောက်မည်ဖြစ်ပြီး မွတ်စလင်ကမ္ဘာနှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထရန့်သည် ရေနံကြွယ်ဝသော ပင်လယ်ကွေ့ဆော်ဒီသို့ ရောက်ရှိပြီး ဘုရင်ဆယ်မန်နှင့် တွေ့ဆုံစဉ် နွေးထွေးသောကြိုဆိုမှု ရရှိခဲ့သည်။
သို့သော် ပြီးခဲ့သော သီတင်းပတ်တွင် အိမ်ဖြူတော်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ဆွေးနွေးစဉ်အတွင်း ထရန့်က ရာထူးဖြုတ်ချခံ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေအား ရူးနှမ်းသူဟု ခေါ်ဆိုခဲ့ပြီး ၎င်းကို ထုတ်ပယ်လိုက်ခြင်းကြောင့် ကြီးမားသော ဖိအားမှ သက်သာ ရာရခဲ့သည်ဟု ပြောကြားခဲ့ကြောင်း စွပ်စွဲချက်သစ်များ ထွက်ပေါ်လာခဲ့သည်။ ထရန့် ၏ မဲဆွယ်အဖွဲ့နှင့် ရုရှားတို့အကြား ဆက်နွှယ်ခြင်း ရှိ၊ မရှိအား စုံစမ်းစစ်ဆေးမှုကို ကြားနာမှုတွင် ထွက်ဆိုရန် ကိုမေက သဘောတူခဲ့ကြောင်းလည်း သိရသည်။
သံတမန်ရေးရာ အဓိက စမ်းသပ်မှုတစ်ခုဖြစ်လာမည့် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ရှစ်ရက်ကြာ မရပ်မနားခရီးစဉ်အတွင်း အမေရိကန်၏ အကျိုးစီးပွားအား အခိုင်အမာ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း ထရန့်က ဆော်ဒီသို့ မထွက်ခွာမီ Twitter တွင် ရေးသားခဲ့သည်။ သမ္မတဟောင်း ဘာရက်အိုဘားမား လက်ထက်တွင် ဒေသတွင်း ရှီအိုက် ပြိုင်ဘက်အီရန်အား ယိမ်းသည့်မူဝါဒကြောင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများက သံသယ၀င်ခဲ့ကြသော်လည်း ထရန့်ကမူ တီဟီရန်ကို သဘောထားပို၍ တင်းမာဖွယ်ရှိသည်။ ၎င်း၏ ခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေအား နှုတ်ဆိတ်ပြီး လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်သစ်များ ထုတ်ပြန်နိုင်ခြေအတွက် ၀ါရှင်တန်၏ အစဉ်အလာ မဟာမိတ် ဆွန်နီပင်လယ်ကွေ့နိုင်ငံများကို ကျေနပ်စေမည် ဖြစ်သည်။
ဇနီးဖြစ်သူ မီလန်နီယာနှင့် သမီးဖြစ်သူ အီဗန်ကာတို့ပါ လိုက်ပါမည့် ထရန့်၏ ခရီးစဉ်မတိုင်မီ ၀ါရှင်တန်နှင့် ရီယာ့ဒ်တို့က အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန် လက်နက်ကိုင် ရှီအိုက်လှုပ်ရှားမှု ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ပါဝင်သော အကြမ်းဖက်သမားများ စာရင်းကို ပထမဆုံးအကြိမ် ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထရန့်နှင့် ကျယ်ပြန့်သော မွတ်စလင် အသိုင်းအ၀ိုင်းတို့အကြား ဆက်ဆံရေးသည် မွတ်စလင်အများစု နေထိုင်သော နိုင်ငံအများအပြားအား ပစ်မှတ်ထား၍ ခရီးသွားလာမှုအား ထရန့်က ပိတ်ပင်ခြင်းကြောင့် ဆိုးရွားနေဆဲ ဖြစ်သည်။ မေ ၂၁ ရက်တွင် ရီယာ့ဒ်၌ ကျင်းပမည့် ထိပ်သီး၌ ဒါဇင်နှင့် ချီသော မွတ်စလင် ခေါင်းဆောင်များအား ထရန့်က ပြောကြားမည့် မိန့်ခွန်းကို အားလုံးက အာရုံစိုက်နေကြသည်။ အထူးသဖြင့် ပင်လယ်ကွေ့ နိုင်ငံများက IS ဂျီဟတ်အဖွဲ့ကဲ့သို့ အစွန်း ရောက်များအား တိုက်ဖျက်ရာတွင် ပို၍ လုပ်ဆောင်ရန် ထရန့်က လိုလားနေသည်။
အမေရိကန်သမ္မတသစ် အများစုသည် ၎င်းတို့၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိမ်နီးချင်း ကနေဒါ သို့မဟုတ် မက္ကဆီကိုတို့သို့ သွားရောက်လေ့ရှိသော်လည်း အသက် ၇၀ ရှိ ထရန့်က ယခုကဲ့သို့ မွတ်စလင်ကမ္ဘာသို့ ဦးစွာထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ထရန့်သည် ဆော်ဒီပြီးလျှင် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် အားကောင်းလာစေရန် မျှော်လင့်ချက်ဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့သို့ သွားရောက်မည် ဖြစ်သည်။ ယင်းခရီးစဉ်အပြီး ထရန့်သည် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးမှသည် ဒုက္ခသည်များဆိုင်ရာ မူဝါဒအထိ အရာမှန်သမျှ ၎င်းနှင့် သဘောထားကွဲလွဲနေသော ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် ဗာတီကန်သို့ သွားရောက်မည် ဖြစ်သည်။ ယင်းနောက် ထရန့်သည် နေတိုးထိပ်သီး တက်ရောက်ရန် ဘယ်ဂျီယမ်နှင့် ဂျီ ၇ ထိပ်သီး တက်ရောက်ရန် အီတလီတို့သို့ သွားမည်ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment