ပေါင်မြို့နယ်အတွင်းရှိ ပြည်သူလူထုထံသို့ အမှိုက်ပုံး ၃ဝဝ အပ်နှံ
ပေါင်၊ မေ ၂
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုငွေ ကျပ် ၁၃၅ သိန်းဖြင့် ပြည်သူလူထုထံသို့ အမှိုက်ပုံးများ အပ်နှံပွဲ အခမ်းအနားကို မေ ၁ ရက် နံနက်၉နာရီက ပေါင်မြို့နယ် ကဒါရပ်ကွက် မင်္ဂလာဈေးရှေ့၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပေါင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က အမှိုက်ပုံးများထားရှိရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
''အစတုန်းက သွားရင်းလာရင်းနဲ့ အမှိုက်ပစ်ဖို့ အမှိုက်ပုံးအများကြီး မရှိဘူးလေ။ အခုလို အမှိုက်ပုံးထားရှိပေးတဲ့အတွက် ကျွန်တော်တို့ ပြည်သူ ပြည်သားတွေအတွက် အလွန်ကိုကောင်းတဲ့ အစီအစဉ်ပါ။ ကျွန်တော်တို့ပြည်သူတွေလည်း စည်းကမ်းတကျ အမှိုက်များကို ပစ်လို့ရသွားတာပေါ့။
ဒီလိုအမှိုက်ပုံးတွေကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ အသီးသီးမှာ ထားပေးနိုင်ရင် မြို့နယ် သန့်ရှင်းလာမယ်။ ပတ်ဝန်းကျင်သာယာလှပလာမှာပါ'' ဟု ကဒါရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အမှိုက်ပုံး ၃ဝဝ ကို မြို့ပေါ်ရပ်ကွက် များဖြစ်သော ကဒါရပ်ကွက်၌ ၁၈ဝ၊ ကဒုံးစီးရပ်ကွက်၌ ၁ဝဝ နှင့် ပေါင်းရပ်ကွက်၌ ၂ဝ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment