YBS ကိစ္စ လွှတ်တော်မှာ မေးမြန်း
တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိ ကားအဟောင်းတွေကို ဖယ်ရှားပစ်ဖို့ ရှိ မရှိနဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ် ဘီလျံ ၇၀ ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့အတွက် တိုင်းအစိုးရအဖွဲ့က ဧရာဝတီ ဘဏ်မှာ အပ်နှံထားတဲ့ ကျပ်ငွေ ဘီလျံ ၇၀ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်စန္ဒာမင်းက အခုလို ထည့်သွင်းမေးမြန်းတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘတ်စ်ကားအသစ်တွေမှာ မကြာခင် ကုန်တော့မယ့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တွေ တပ်ဆင်မယ်ဆိုရင် ပြည်သူတွေအတွက် ရေရှည်မှာ တည်ငြိမ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒေါ်စန္ဒာမင်းရဲ့ မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ပြန်ဖြေရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တရုတ်နိုင်ငံက ကားအသစ် အစီးရေ တစ်ထောင် ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲခဲ့တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်က YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။
Photo - RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment