Latest News

Friday, April 7, 2017

ခရီးစဉ် အပိုင်းအခြားအလိုက် ယာဉ်စီးခနှုန်း သတ်မှတ်သည့်အပေါ် တွက်ခြေမကိုက်ဟုဆိုကာ YBS (၇၅) ယာဉ်လိုင်း ရပ်နားခဲ့

ခရီးစဉ် အပိုင်းအခြားအလိုက် ယာဉ်စီးခနှုန်း သတ်မှတ်သည့်အပေါ် တွက်ခြေမကိုက်ဟုဆိုကာ YBS (၇၅) ယာဉ်လိုင်း ရပ်နားခဲ့

ခရီးစဉ် အပိုင်းအခြားအလိုက် ယာဉ်စီးခနှုန်းထား သတ်မှတ်သည့်အပေါ် တွက်ခြေမကိုက် ဟုဆိုကာ YBS ၇၅ ယာဉ်များသည် ယာဉ်လိုင်းခေတ္တ ရပ်နားလိုက်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များအတွက် အဲကွန်းယာဉ်မှလွဲ၍ ကျန်ယာဉ်လိုင်းများ၏ ယာဉ်စီးခကို ဧပြီ ၇ ရက် မှစတင်ကာ ခရီးစဉ် အပိုင်းအခြားအလိုက် ကျပ် ၁၀၀ မှ ကျပ် ၃၀၀ အထိ ပိုင်းခြားကောက်ခံရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ညွှန်ကြားမှုအပေါ် သုဝဏ္ဏမြို့ဦးစေတီမှ ဆင်မလိုက်မှတ်တိုင်အထိ ပြေးဆွဲနေသော ၇၅ ယာဉ်လိုင်းမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုင်းများက ဆီဈေး၊ အုံနာကြေး၊ နေ့တွက်ရရှိမှုများ တွက်ခြေကိုက်မှု မရှိသောကြောင့် ပြေးဆွဲခြင်းမပြုဘဲ ရပ်နားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရပ်နားခြင်းသည် ခေတ္တရပ်နားခြင်းသာဖြစ်ပြီး အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မျှော်လင့်ကြောင်းနှင့် ဆန္ဒပြတောင်းဆိုမှု ပုံစံလည်း မဟုတ်ကြောင်း အဆိုပါ YBS ၇၅ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ပြောကြားသည်။

“သုဝဏ္ဏမြို့ဦးစေတီကနေ တာမွေဈေးကို ကျပ် ၁၀၀ သတ်မှတ်လိုက်တယ်။ တာမွေဈေးကနေ မြေနီကုန်းကို  ကျပ် ၁၀၀ သတ်မှတ်တယ်။ မြေနီကုန်းကနေ ဆင်မလိုက်ကို ကျပ် ၁၀၀ သတ်မှတ်တယ်ပေါ့။ အဲဒါကျွန်တော်တို့အတွက် မကိုက်ဘူး။ ၀န်ကြီးကို ဆန္ဒပြတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က အုံနာကြေး မနိုင်တဲ့ အတွက်ကြောင့် ကားရပ်ထားတာ။ ကျပ် ၂၀၀ ပုံသေကောက်နေတုန်းကတောင် တစ်ခါတစ်ခါကျရင် ကျပ် ၇၀၀၀ လောက်ပဲရပြီး အိမ်ပြန်ရတဲ့ နေ့တွေရှိတယ်။ လမ်းစရိတ်က ရှိသေးတယ်။ အစိုးရအနေနဲ့ ဆီထုတ်ပေးတဲ့ ပုံစံမျိုးဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်” ဟု ၇၅ ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုသက်မောင်မောင်က ဆိုသည်။

ယာဉ်မောင်းနှင်သူများက ယာဉ်ရပ်နားထားခြင်းမှာ ၎င်းတို့အဆင်မပြေသောကြောင့်သာဖြစ်ပြီး ယင်းကိစ္စရပ်များကို YRTA နှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်သွားမည်ဟု YBS ၇၅ ယာဉ်လိုင်း၏ ကြီးကြပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

YBS ၇၅ယာဉ်လိုင်းတွင် ပြေးဆွဲနေသော ယာဉ်အစီးရေ ၃၈ စီးရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဦးရေ ၈၀ ၀န်းကျင်ခန့်ရှိကာ သုဝဏ္ဏမြို့ဦးစေတီမှ ဆင်မလိုက်အထိ တစ်နေ့လျှင် အခေါက်ရေ သုံးခေါက်မှ လေးခေါက်အထိ ပြေးဆွဲလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment