Latest News

Thursday, April 27, 2017

YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်ရှစ်စီးကို ဆင့်တိုက်မှုဖြစ်ပွား

YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်ရှစ်စီးကို ဆင့်တိုက်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းဆုံ မီးပွိုင့်တွင် YBS ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်ရှစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သန်လျင်တာဝမှ ရန်ကင်း စက်မှု(၁)ဘက်သို့ အသက်(၂၅) နှစ်အရွယ် ယာဉ်မောင်း ပြည့်စုံခိုင် မောင်းနှင်လာသည့် အမှတ် (၇၆) ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် သည် ဧပြီ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်က ဘရိတ်ပေါက်ကာ မီးနီ၍ရပ်ထားသော ယာဉ်များကို ဆင့်တိုက်မိခဲ့ကြောင်း ယာဉ်မှုစစ်ရဲအ ရာရှိတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ဘရိတ်ပေါက်ခရီးသည်တင်ယာဉ်အပါ အဝင် ကိုယ်ပိုင်ယာဉ်ခြောက်စီး၊ အငှားယာဉ်တစ်စီးနှင့် YBS (၆၃) ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးတို့ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိရာ သင်္ဃန်း ကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသ ထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

မီးပွိုင့်တွင် ရပ်ထားသည့် ယာဉ်ရှစ်စီးကို ဆင့်တိုက်ခဲ့သော ယာဉ်မောင်းပြည့်စုံခိုင်ကို သုဝဏ္ဏနယ်မြေရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက် ကလည်း မင်္ဂလာဒုံမြို့နယ် ထန်း ပင်ကုန်းမီးပွိုင့်တွင် YBS(၂၁) ယာဉ်လိုင်း ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လေယာဉ်ထုတ် လုပ်ပြင်ဆင်ရေးဌာနချုပ်ဝင်းကို ဝင်တိုက်မိသဖြင့် (၅၉) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ထို့အတူ ဒဂုံဆိပ်ကမ်းမြို့ နယ်  လမ်းကွေ့မှတ်တိုင်အနီးတွင် YBS(၇၈)ယာဉ်လိုင်းမှ ယာဉ်တစ်စီးအရှိန်လွန်ကာ တိမ်းမှောက်ခဲ့သဖြင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။

(7Day News)

No comments:

Post a Comment