Latest News

Tuesday, April 25, 2017

ရက် ၁ဝဝ သားYBS နှင့် ခရီးသွားများကြား အဆင်ပြေပြီလား

ရက် ၁ဝဝ သားYBS နှင့် ခရီးသွားများကြား အဆင်ပြေပြီလား


ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)သည် ခရီးသွားပြည်သူများ နေ့စဉ်သွားလာမှု အဆင်ပြေ လွယ်ကူချောမွေ့စေရေးရည်ရွယ်ကာ တိုင်းဒေသကြီးအတွင်း ယခင်ပြေးဆွဲခဲ့သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)ကို ဖျက်သိမ်းပြီး ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန် အများပိုင်ယာဉ်လိုင်း (YBS) စနစ်သစ်ဖြင့် အစားထိုးပြေးဆွဲခဲ့သည်။

ယင်းသို့စနစ်သစ်ဖြင့်အစားထိုးပြေးဆွဲခဲ့သည့်YBSသည် ဧပြီ ၂၅ ရက်ဆိုပါလျှင် ရက် ၁ဝဝ ရှိပြီဖြစ်သည်။ ရက် ၁ဝဝ သားYBSနှင့် ခရီးသွား များကြား အဆင်ပြေပြီလားဟုမေးပါလျှင် ရက် ၁ဝဝ သားYBSနှင့် ခရီးသွားများကြား အဆင်မပြေသေးပါဟုသာ ဖြေဆိုရပါမည်။ ခရီးသွားများ ကား နေ့စဉ်အခက်အခဲများနှင့် ကြုံနေရဆဲဖြစ်ပါသည်။

ကြုံဆုံနေသည့်အခက်အခဲများတွင်YBSစတင်စဉ်ကကဲ့သို့ ခရီးသွား များ ကြိတ်ကြိတ်တိုး စီးနင်းနေရခြင်းဟူသော အခက်အခဲကား မရှိတော့ပါ။ ယင်းမှာ ယာဉ်လိုင်းစနစ်သစ် စတင်စဉ်က ယာဉ်လိုင်း ၆၁ လိုင်းသာရှိခဲ့သော် လည်း ယနေ့တွင် ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိနေပြီဖြစ်သည်။ ယာဉ်စီးရေ ၃၈ဝဝ ခန့်ဖြင့် နေ့စဉ်ခရီးသွားများအား သယ်ယူပို့ဆောင် ဝန်ဆောင်မှုပေးနေ ခြင်းကြောင့် ဖြစ်သည်။

နေ့စဉ် မိမိစီးနင်းနေရသည့် YBS ယာဉ်လိုင်းအတွေ့အကြုံအရYBS စနစ်သစ် စတင်စဉ်က စည်းကမ်းစနစ်ကျနခဲ့သည်။ ယာဉ်လိုင်းတူ အချင်းချင်း ပြိုင်ဆိုင်မောင်းနှင်မှုမရှိခဲ့။ သတ်မှတ်မှတ်တိုင်ရောက်မှသာ ခရီးသည်အတင်အချပြုလုပ်သည် စသဖြင့် ..။ ယနေ့တွင်ကား ယာဉ်လိုင်း နံပါတ်တူ အချင်းချင်းအပြင် အခြားယာဉ်လိုင်းမှယာဉ်နှင့် အပြိုင်အဆိုင် မောင်းနှင်လာကြသည်။ မှတ်တိုင်မဟုတ်သော်လည်း ခရီးသည်အတင်အချပြု လုပ်လာကြသည်ကို နေ့စဉ်တွေ့မြင်နေရသည်။ ယင်းမှာ ယာဉ်ပေါ်ပါ ခရီး သွားများ၊ လမ်းဘေးပလက်ဖောင်းပေါ်မှ ခရီးသွားများ၊ လမ်းပေါ်မောင်းနှင် နေသည့် ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေ သလိုဖြစ်နေသည်။ သတိနှင့် ယှဉ်မောင်းနှင်ရန်လိုပါသည်။

ခရီးသွားများစိတ်ချမ်းမြေ့စွာ ခရီးသွားနိုင်ရန်YBSယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ဥပဓိရုပ်မကောင်းသော ယာဉ်အို၊ ယာဉ်ဟောင်းနေရာတွင် ခေတ်မီလေအေးပေးစက်တပ် ယာဉ်သစ်ကြီးများ၊CCTV တပ်ယာဉ်သစ်ကြီး များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် စီစဉ်ပေးမည်ဟုဆိုခဲ့သည်။ ဆိုခဲ့သည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကYBS ယာဉ်လိုင်းများတွင် ဖြည့်စွက် ပြေးဆွဲသွားရန် တရုတ်နိုင်ငံမှ ဘတ်စ်ကားသစ် အစီး ၁ဝဝဝ ကို ဝယ်ယူရန် စီစဉ်ပြီးဖြစ်ကြောင်းသိရ၍ ခရီးသွားများကိုယ်စား ဝမ်းသာကြိုဆိုပါသည်။

ရက် ၁ဝဝ သားYBS နှင့် ခရီးသွားများကြား အဆင်မပြေကြသေးသူများရှိ သကဲ့သို့ ဝန်ဆောင်မှုကောင်းသည့်YBS ယာဉ်များကြောင့်လည်း သွားလာမှု အဆင်ပြေကြသူ များစွာရှိသည်။ ယာဉ်စီးခသက်သာသွားသူများ၊ အချိန်ကုန် သက်သာသွားကြသူများ၊ ခရီးစဉ်ကျုံ့သွားကြသူများ၊ နွေအပူရှိန်ကို အန်တုနိုင် သည့် လေအေးပေးစက်တပ်YBS ကြောင့် သက်ကြီးရွယ်အို ဘိုးဘွားများ အတွက် အဆင်ပြေသွားကြသူများစွာရှိသည်။

ရက် ၁ဝဝ သားYBS နှင့် ခရီးသွား အဆင်မပြေသေးသည်များကို အဆင်ပြေသွားအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသ ကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့တို့က လက်တွေ့ကျသော အစီအစဉ်များ ချမှတ်လုပ်ဆောင်နေပြီဖြစ်သည်။ လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းYBS တစ်နှစ်သားအရွယ်တွင်YBS နှင့် ခရီးသွား များကြား အဆင်ပြေပြီလားဟူသော မေးခွန်းကိုဖြေရလျှင် အဆင်ပြေသင့်သည့် အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါ သည်။

(ကိုချစ်)

No comments:

Post a Comment