Latest News

Thursday, April 27, 2017

YBS ကိစ္စမှာစဉ်းစားသင့်တဲ့ကိစ္စအချို့

YBS ကိစ္စမှာစဉ်းစားသင့်တဲ့ကိစ္စအချို့

YBS စလုပ်တဲ့ ပထမနေ့ညမှာပဲ ကျွန်တော်ဝေဖန်အကြံပြုတဲ့ပိုစ်တင်ခဲ့တယ်။ သယ်ယူပို့ဆောင်ရေးစနစ်မှာ အဓိကကျတဲ့ ကားနဲ့လမ်းပိုင်းကိစ္စ ဘာမှမပြောင်းလဲပဲ အုပ်ချုပ်မှုအပိုင်းသာပြင်ခဲ့ပြီး အခြေအနေကောင်းလာနိုင် တယ်ဆိုတာမယုံလို့ ဝေဖန်ခဲ့တယ်။ မျှော်လင့်ချက်ကောင်းကောင်းမထားပါနဲ့ လို့လည်းရေးခဲ့တယ်။ ဒါပေမယ့်ဟိုအချိန်မှာ ဒီပြုပြင်ပြောင်းလဲမှုကို အားပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပြောနေကျ ကင်ဆာနောက်ဆုံး အဆင့်ရောဂါသည်ဖြစ်တဲ့ ကိုယ့်နိုင်ငံကိုကုမှရမယ် ။ စမကုပဲနဲ့ ဘယ်လိုမှနည်းလမ်းကောင်းရှာမတွေ့နိုင်ဘူးဆိုတဲ့အတွေးနဲ့ အားပေးခဲ့တယ်။ အခုလည်းလွှတ်တော်မှာဆွေးနွေးတဲ့ပုံစံကြည့်ပြီး ဒီအတွေးမျိုးနဲ့ ဆက်ပြီး ပြည်သူကိုသတိပေးချင်တယ်။

၁။ ဥပဒေပြုရေးတာဝန်မကျေတဲ့လွှတ်တော်မှာ စာပညာနဲ့ အဖွဲ့အစည်းဆီမှာ ရထားတဲ့ပညာမျိုးနဲ့ လက်တွေ့လုပ်ငန်းမှာမလုပ်ကိုင်ခဲ့တဲ့ တချိန်လုံးပြည်သူအတွက် ပြောပြီးဆောင်ရွက်တဲ့ကိစ္စများ ပြည်သူအကျိုး သက်ရောက်ဖို့ မဖြစ်နိုင်ပါ ။ အစိုးရဆောင်ရွက်သမျှ အကုန်လုံး လုပ်ငန်းဆက်နွယ်မှုမရှိတဲ့ လွှတ်တော်ကို ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုးကိုဆန့်ကျင်ပါတယ်။ ဒါမျိုးကတော့ လုပ်ငန်းတပိုင်းတည်း ဖြစ်တဲ့ YBS အရေးကိုအသုံးချပြီး အစိုးရယန္တရားကို ရှုပ်ထွေးစေတဲ့ လုပ်ဆောင်ချက်မျိုးပဲ ။

၂။ ပြဿနာစတွေ့တွေ့ချင်းပဲ ကားသစ်သွင်းတဲ့ကိစ္စ အရေးတကြီးစီစဉ်ခဲ့တယ် ၊ ဘဏ္ဍာရေးဝန်ကြီးအပိုင်းကအခက်အခဲရှိလို့ဘတ်ဂျက်မပေးတာနဲ့ ကောင်းအောင်ဆောင်ရွက်ချင်ပေမယ့် ပြည်သူလက်မခံနိုင်တဲ့အထိကြာမြင့် သွားတာက စီစဉ်မှုညံ့ဖျင်းတဲ့တာဝန်ရှိပေမယ့် အဓိကအကြောင်းအရင်းက ရောဂါသည်ကြီးရဲ့ပင်ကိုယ်အားနည်းချက်ပါ ။

၃။ ကားဆရာ ၊ ယာဉ်နောက်လိုက် ယာဉ်ပိုင်ရှင်များဘက်ကျတော့ လွယ်လွယ်ကူကူ ပြည်သူများလိုချင်တဲ့ပြောင်းလဲမှုလဲ ချက်ချင်းရမှာ မဟုတ်ဘူး။ ပညာပေးရုံနဲ့ကောင်းတဲ့ကိစ္စမဟုတ်ဘူး ။ သူတို့ကို ကောင်းကောင်းအုပ်ချုပ်နိုင်တဲ့နည်းပညာ အထောက်ကူပစ္စည်း ငွေကြေးထောက်ပံ့မှုလိုအပ်နေတယ်။ စီးပွားရေးလောကမှာ ပိုက်ဆံပိုမပေးပဲ ကြိုးစားခိုင်းလို့မရဘူး ။ ဒီလိုသဘာဝကြောင့်ပြည်သူများလိုအပ်တဲ့ အချိန်တိုကာလအတွင်း ကောင်းသွားဖို့က မဖြစ်နိုင်ပြန်ဘူး ၊ ဒါလည်း ကင်ဆာရောဂါသည်ရဲ့ နဂိုပြဿနာပဲ။

၎။ စီးပွားရေးချက်ချင်းတိုးတက်အောင် မဆောင်၇ွက်နိုင်တဲ့အပြင် သင်္ကြန်ကိစ္စလို အထပ်မြင့်အဆောက်အုံကိစ္စလို စသဖြင့် ရည်၇ွယ်ချက်ကောင်းပြီး တားဆီးအားကြီးနေလို့ မအောင်မြင်နိုင်တဲ့ လုပ်ငန်းကို စွတ်လုပ်လိုက်တာကြောင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စိတ်မကြည်တဲ့သူအများအပြားရှိခဲ့တယ်။ ဒါကြောင့် အင်န်လ်ဒီအစိုးရရဲ့ ဆန့်ကျင်ဘက်က အင်န်လ်ဒီကိုပြဿနာရှာဖို့ အကောင်းဆုံးလက်နက်လို ဖြစ်သွားတယ်။ ဒါကိုသတိကြီးစွာထားရမယ် (ခေါင်းဆောင်ဖြစ်သူကနေ ကိစ္စတခုလုပ်မယ်ဆိုရင် အကြံပေးသူ စီစဉ်သူ လက်တွေ့ဆောင်ရွက်သူကနေ ထောက်ပံ့မှုအများအပြားလိုအပ်တယ်။ တကယ်တမ်း ပြောမယ်ဆိုရင် ဝန်ကြီးချုပ်ရဲ့ အမှားက ဒီလိုမျိုးလုပ်ငန်းကိုစလိုက်လို့ ခံရသလိုဖြစ်တယ်။ ပြီးရင်  ကိုယ့်ပါတီ ကိုယ့်အစိုးရကို ကာပေးဖို့ ဆန္ဒစောပြီး စကားမှားခဲ့တယ်။ ကျွန်တော့်အမြင်ကသူ့အမှားကဒီ၂ ခုပါပဲ။ နည်းနည်းစိတ်ဝင်စားစရာ ကောင်းတဲ့အချက်လက်က သင်္ကြန်ကိစ္စပဲစစ ၊ အထပ်မြင့်တိုက်ခန်းပဲတားတား ၊ YBS ပဲလုပ်လုပ် ဒီကိစ္စတွေက ဝန်ကြီးချုပ်ဘယ်လိုအကြောင်းနဲ့ စလုပ်ဖြစ်တယ်ဆိုတာက အခုသူ့ကိုဝေဖန်တိုက်ခိုက်နေတဲ့ဘက်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ ။

၅။ ပိုပြီးစိတ်ပျက်စရာအချက်က အင်န်လ်ဒီကိုထောက်ခံခဲ့တဲ့ အနောက်နိုင်ငံ အုပ်စု ၊ ဒီမှာရှိတဲ့မီဒီယာများ အင်န်ဂျီအိုများ ၊ တချိန်တုန်းက အင်န်လ်ဒီအတွက် အရန်ထားပေးတဲ့ လက်နက်ကိုင်အင်အားစု (UNFC) ၊ အင်န်လ်ဒီအစိုးရအာဏာရပြီးမကြာခင်ကာလမှာ စတင်ပြီး ၊ လူထုခေါင်းဆောင်ကိုပါ စတင်ပြီး ဝေဖန်တိုက်ခိုက်လာကြတယ်။ အဲ့ဒါဘာကြောင့်လဲ ။ ကျွန်တော်တို့မြန်မာပြည်သူများက ဘာသာရေးပဲဖြစ်ဖြစ် ယဉ်ကျေးမှုပဲဖြစ်ဖြစ် ဘာမဆို သည်းခံနိုင်စွမ်းအားကောင်းတဲ့လူထုဖြစ်ပါတယ်။ ဆန့်ကျင်ချင်တာတောင် အခုလိုအဖွဲ့အစည်းလိုက် စည်းရုံးတဲ့အလေ့မ၇ှိပါဘူး ။ အခုကျတော့ ဘာကြောင့် ဒီလိုထိထိရောက်ရောက် ဆန့်ကျင်နိုင်စွမ်း ကောင်းလာတာလဲ ။ နောက်ကွယ်မှာလက်မဲကြီး မြင်နေသလိုပဲ ။ ဒီလက်မဲကြီးက ငွေကြေးလဲသုံးဖြုန်းနိုင်တယ် ၊ လူထုကိုစည်းရုံးနိုင်တဲ့ သီအိုရီ ကောင်းလည်းရှိပါတယ်။ တချိန်လုံးလည်း ဒီမိုကေ၇စီသီအိုရီ  ပြည်သူအတွက် ဆိုတဲ့လေသံမျိုး အမြဲသုံးလေ့ရှိတယ်။ ဘယ်အဖွဲ့လို့တိတိကျကျ မပြောနိုင်ပေမယ့် အတော်လုပ်နိုင်စွမ်းရှိတဲ့ ကြောက်စရာကောင်းတဲ့ အင်အားကြီးတခုပါ ။ သူ့ကိုချေမှုန်းနိုင်တာ တခုပဲရှိတယ် ၊ အမေစုပြောသလို မြန်မာနိုင်ငံရှိပြည်သူရဲ့အကျိုးစီးပွားအတွက် ကြိုးစားသွားမယ်ဆိုတဲ့ ခံယူချက်ပဲ ။

ရှေ့ခရီးဘယ်လောက်ပဲခက်ခက် အဓိကကျတဲ့  စီးပွားရေးမူမှာပါတဲ့ အချက်အလက်ကောင်းအောင်သာလုပ်သွားနိုင်ရင် ပြည်သူများရဲ့ဝန်းရံမှုကို ပြန်ရမှာပါ ။ ကာလတခုမှာကြုံနေတဲ့အခက်အခဲကို ညီညီညွတ်ညွတ်ကြိုးစားပြီး ဖြေရှင်းပါ ။ အစိုးရနဲ့လွှတ်တော် ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်သွားပါ ။ မကြာမီကောင်းမွန်တဲ့ပြောင်းလဲမှုတွေ့မှာပါ ။

နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment