Latest News

Sunday, April 23, 2017

YBS တွင်သုံးမည့် ဒေါ်လာ ၅၆ သန်းတန် Yutong ကားစီးရေ ၁၀၀၀ မေလ၌ရောက်ရှိချိန်တွင် ငွေအကျေ ပေးချေရမည်ဟုဆို

YBS တွင်သုံးမည့် ဒေါ်လာ ၅၆ သန်းတန် Yutong ကားစီးရေ ၁၀၀၀ မေလ၌ရောက်ရှိချိန်တွင် ငွေအကျေ ပေးချေရမည်ဟုဆို

YBS တွင် အသုံးပြုမည့် တစ်စီးလျှင် ဒေါ်လာ ၅၆၀၀၀ တန် Yutong ကားစီးရေ ၁၀၀၀ မှာ မေလတွင်ရောက်လာမည်ဖြစ်ပြီး ယင်းကားစီးရေ ၁၀၀၀ အတွက် ဒေါ်လာ ၅၆ သန်းကို တစ်ခါတည်းအကျေ ပေးချေရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က အကုန်သိ သတင်းဌာန သို့ ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းစု Yutong ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ YRTA တို့ ကြားတွင် ဘတ်စ်ကားစီးရေ ၁၀၀၀ ၀ယ်ယူရေးသဘောတူစာချုပ်ကို ဧပြီလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ ကျင်းပခဲ့ပြီး အဆိုပါကားများ ရောက်လာပါက လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများထဲမှ လဲပစ်ရမည်ဖြစ်သော ကားလိုင်းများကို အသစ်လဲပေးမည်ဖြစ်ကြောင်း သိရသည်။ “ ခရီးသည်တွေအတွက် လုံခြုံစိတ်ချမှုရအောင် Brand New တွေပဲတင်သွင်းထားပါတယ်။ မေလကုန်မှာ ရောက်မှာပါ။ နောက်ပိုင်းမှာ အများပိုင်စနစ်ကို သွားနိုင်ဖို့အတွက် ကားအသစ်တွေလိုပါတယ်။ တရုတ်ကနေ တင်သွင်းတဲ့ကားတွေကို အရစ်ကျစနစ်နဲ့ ၀ယ်တာ မဟုတ်ပါဘူး။ တစ်ခါတည်း အကျေပေးချေတာပါ ” ဟု ဒေါက်တာမောင်အောင်က အကုန်သိသတင်းဌာနကို ဧပြီ ၁၉ ရက်တွင် ပြောသည်။

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ်လအစောပိုင်းတွင် ပြောကြားထားမှုအရ တရုတ်မှဝယ်မည်ဖြစ်သော ကားများကို အစိုးရချင်း G to G စနစ်ဖြင့် အကြွေးဝယ်မည် ဖြစ်ကြောင်း သိရကာ တိုင်းအစိုးရ
အဖွဲ့ ထံတွင် ကျပ် ၆၀ ဘီလျံကို အသင့်ပြင်ထားသည်ဟု ဆိုသည်။ ဒေါက်တာမောင်အောင်၏ ပြောကြားချက်အရ တရုတ်လုပ်ငန်းစု Yutong ကုမ္ပဏီထံမှ ၀ယ်မည့် ကားများမှာ တစ်စီးလျှင် ဒေါ်လာ ၅၆၀၀၀ တန်ကြေးပြီး စီးရေ ၁၀၀၀ အတွက် ဒေါ်လာ ၅၆ သန်းရှိမည်ဟု သိရကာ ယင်းငွေများကို ချက်ခြင်း ပေးချေရမည့် သဘောမျိုးဖြစ်နေသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံတွင် ကျပ် ၆၀ ဘီလျံ
အသင့်ပြင်ထားသည်ဆိုသော်လည်း ကားများ မေလတွင်
ရောက်လာပါက ဒေါ်လာ ၅၆ သန်း(ကျပ်ငွေ ၇၆ ဘီလျံနီးပါး) ကျသင့်မည်ဖြစ်သည့်အတွက် ကျပ်ငွေ ၁၆ ဘီလျံခန့် မှာ လိုအပ်နေမည့် သဘောမျိုးလည်း ဖြစ်နေသည်။ လက်ရှိတွင် YBS ကို ကားစီးရေ ၃၅၀၀ ကျော်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး အောင်မြင်မှု ရှိသလောဆိုသည့် မေးခွန်းအတွက် တိတိကျကျ မည်သူမှ မပြောရဲကြသေးသည့်
အခြေအနေတွင် ရှိနေသည်။ အစိုးရအဖွဲ့ ၏အဆိုအရ YBS အတွက် သုံးလတစ်ကြိမ်စီ အဆင့်မြှင့်တင်မှုများလုပ်သွားမည်ဟု သိရကာ ၄င်းတို့ ၏ သုံးလပြည့်မည့် ကာလသည် မေလတွင် စတင်မည်လည်းဖြစ်နေသည်။ တရုတ်လုပ်ငန်းစု Yutong ကုမ္ပဏီသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၌ကားထုတ်လုပ်ဖူးပြီး ယခင် ပါရမီယာဉ်လိုင်းက အသုံးပြုနေသော ဘတ်စ်ကားများမှာ ၄င်းတို့ ထုတ်လုပ်ထားသော ကားများဖြစ်ကြောင်း သိရသည်။ YRTA အတွင်းရေးမှုး ဒေါက်တာ မောင်အောင်ကမူ ၄င်းတို့ တင်သွင်းလာမည့် ဘတ်စ်ကားများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကားများ ရောက်လာမှသာလျှင် တိတိကျကျပြောနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ကားများ ၀ယ်ယူရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ က တင်ဒါခေါ်ယူခြင်းမျိုး မရှိကြောင်း ကြားသိရသည်။ အစောပိုင်းသတင်းများတွင် တရုတ်နိုင်ငံမှ အခြားသော ကားကုမ္ပဏီတစ်ခုဖြစ်သော Higer က အကြွေးစနစ်ဖြင့် ကားများ ရောင်းပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ဖူးသည်ဟု သိရကာ ယခုလက်ရှိကာလအထိ ဆက်လက်ကမ်းလှမ်းထားဆဲဟု သိရသည်။
သို့ သော်လည်း တိုင်းအစိုးရအဖွဲ့ က Higer ၏ ကမ်းလှမ်းမှုကို တုန့် ပြန်ခြင်းမရှိသေးဘဲ Yutong ကားကုမ္ပဏီထံမှ ကားစီးရေ ၁၀၀၀ ကို လက်ငင်း ငွေချေ စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဟု သိရသည်။ တရုတ်နိုင်ငံဘက်မှ သတင်းများအရ မြန်မာဘက်က တရုတ်ကားကုမ္ပဏီ Yutong နှင့် တရုတ်နိုင်ငံ Anhuai ပြည်နယ်အခြေစိုက် Ankai ဘတ်စ်ကားကုမ္ပဏီတို့  ထံမှ ကားများ ၀ယ်ယူမည်ဟု စာချုပ်ချုပ်ထားပြီးပြီ ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရန်ကုန်အခြေစိုက် ICBC ဘဏ်က အာမခံပြီးဧရာဝတီဘဏ် က LC ဖွင့်ပေးထားကြောင်းလည်း သိရသည်။

ယင်းဝယ်ယူမှုအားလုံးကို တင်ဒါခေါ်ယူခဲ့ခြင်း မရှိဘဲ တရုတ်က ရရှိသွားခြင်းကြောင့် တရုတ်ဘက်ခြမ်းမှ ကားကုမ္ပဏီများကြားတွင်လည်း ပွက်လောရိုက်သွားခဲ့ကြောင်းလည်း ကြားသိရသည်။ တိုင်းအစိုးရက စာချုပ်ချုပ်ဆို ၀ယ်ယူလိုက်ပြီဖြစ်သော Yutong ကားကုမ္ပဏီသည် ကားစီးရေ ၁၀၀၀ အထိ တစ်ကြိမ်တည်း ရောင်းချခွင့်ရခြင်းမျိုးကို ယခုမှ ကြုံဖူးခြင်းလည်း ဖြစ်ကာ ၂၀၂၅ တွင် ပေါ်ပေါက်လာမည့် OBOR ၌ တရုတ်ထုတ်ကားများ လမ်းတစ်လျှောက် ပြည့်နှက်နေမည့် အနာဂတ်အတွင်း အများဆုံး ရောင်းချရသော ကားများအဖြစ် စာရင်းဝင်သွားစေရန် မြန်မာဈေးကွက်ကို မျှော်မှန်းထားကြကြောင်းလည်း သိရသည်။

စုသက်နှင်း/AkonThi

No comments:

Post a Comment