ပါတီ ခေါင်းဆောင်ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့တာလို့ ကော့မှူး NLD အမတ်ပြော
ရန်ကုန်၊ ဧပြီ ၃ ။ ။ ဒေါ်အောင်ဆန်းစုကြည် ၏ မဲဆန္ဒနယ် ဖြစ်ခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ကြားဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်း အနေဖြင့် ပါတီ ခေါင်းဆောင်ကြောင့် အနိုင်ရရှိခဲ့တာ ဟု မဇ္ဈိမသို့ ပြောသည်။
“ပါတီကြောင့်လည်း ပါသလို ပါတီရဲ့ ခေါင်းဆောင် ကြောင့်လည်း ပါတယ် အဓီကကတော့ ပါတီရဲ့ ခေါင်းဆောင်ကြောင့် ပေါ့နော် စိတ်ဝင်စားမှုအား နည်းပေမယ့် တတ်တတ်ကြွကြွ မဲထည့်ပေးတဲ့ ပြည်သူတွေ ကျေးဇူးကို ဘယ်တော့မှ မမမေ့ဘူး” ဟု ၎င်းက ဆိုသည်။
အာဏာရပါတီ ဖြစ်သည့် NLD မှ ၂၀၁၅ ရွေးကောက်ပွဲ တွင် အနိုင် ရရှိထားသည့် အမတ်အချို့ကို ပြည်သူများက ဝေဖန်မှု ရှိနေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဦးကျော်ဆွေဝင်း ကို မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
NLD အစိုးရ အနေဖြင့် အစိုးရ သက်တမ်း တစ်နှစ်အတွင်း မှာ ပြည်သူလူထု မျှော်လင့် ထားသကဲ့သို့ အားရကျေနပ်မှု မရှိသော်လည်း ပြည်သူများ အနေဖြင့် မျှော်လင့်ချက် ရှိသေးကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး က ကြားဖြတ် ရွေးကောက်ပွဲ နေ့တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၌ မဲလာပေးစဉ် မဇ္ဈိမသို့ ဖြေကြားထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော့မှူးမြို့နယ်တွင် ၃၈၀၂၈ မဲ ရှိခဲ့ပြီး မဲ ၂ သောင်းခွဲ နီးပါး အသာဖြင့် အနိုင် ရခဲ့သည်ဟု ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဧပြီ ၁ ရက် ညက ထုတ်ပြန်ခဲ့သည်။ ပြိုင်ဘက် ပြည်ခိုင်ဖြိုး ပါတီက ၁၃၇၃၂ မဲနဲ့ ဒုတိယ အများဆုံး ရရှိခဲ့သည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၉ နေရာ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ၆ နေရာ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ၂ နေရာ၊ ရခိုင် အမျိုးသား ပါတီ (ANP) က ၁ နေရာနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီက ၁ နေရာ အနိုင်ရရှိခဲ့သည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၂ ရက် ညနေပိုင်းက ကြေငြာထားသည်။
#Mizzima
Photos - Facebook
Subscribe to:
Post Comments (Atom)
No comments:
Post a Comment