KNU ၏ ဗဟိုကော်မတီအစည်းအဝေး ဧပြီလကုန်တွင် ကျင်းပမည်
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟိုကော်မတီအစည်းအဝေးကို ဧပြီလကုန်တွင် KNU ဌာနချုပ် လော်ခီးလာဒေသတွင် ကျင်းပ၍ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး တာဝန်ပေးအပ်ရန် ရှိသည်များကို ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၆ကြိမ်မြောက် KNU ညီလာခံက ရွေးချယ်လိုက်သည့် ၅၅ဦးပါသော ဗဟိုကော်မတီ၏ ပထမဆုံးအစည်းအဝေး ဖြစ်ပြီး တစ်ပတ်ခန့်ကြာမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
“ဒီလကုန်လောက်မှာ ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေး ပြန်ထိုင်ရမယ်။ ဗဟိုကော်မတီအစည်းအဝေးပွဲမှာ သက်ဆိုင်ရာဌာနတွေ ဒုတာဝန်ခံ ခန့်ဖို့လိုအပ်ရင် ခန့်ဖို့။ နောက်ပြီးတော့ လုပ်ငန်းကော်မတီတွေ ဖွဲ့ရမယ် အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းအရပေါ့” ဟု ပဒိုစောကွယ်ထူးဝင်းက ဧပြီ ၂၀ရက်တွင် ပြောသည်။
KNU အဖွဲ့အနေဖြင့် ညီလာခံတွင် ခေါင်းဆောင်ပိုင်းပြန်လည်ရွေးချယ်ခဲ့သော်လည်း ငြိမ်းချမ်းရေးအပါအ၀င် လုပ်ငန်းပိုင်းဆိုင်ရာ အပြောင်းအလဲမရှိကြောင်း ၄င်းကဆိုသည်။
ငြိမ်းချမ်းရေးကို မူလအတိုင်းပင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လမ်းကြောင်းအရ ဆောင်ရွက်ကာ NCA လက်မှတ်မရေးထိုးသေးသည့်အဖွဲ့များ ပါဝင်လာရေး ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
မတ် ၁၄ရက်မှ ဧပြီ ၉ရက်ထိ ကျင်းပခဲ့သည့် KNU ၏ ၁၆ကြိမ်မြောက် ညီလာခံတွင် ယခင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ဥက္ကဋ္ဌ အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရသည်။ သို့ရာတွင် ယခင် ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး(၂) ပဒိုမန်းမန်းစသည့် ထိပ်ပိုင်းခေါင်းဆောင်သုံးဦးသည် ဗဟိုကော်မတီဝင် ၅၅ဦး စာရင်း၌ပင် ပါဝင်လာခြင်းမရှိခဲ့ပေ။
သတင်းထောက်-အောင်ဇော်ထွန်း(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment