အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က နေပြည်တော် Shopping Centre သုံးခုရှိ စားသောက်ကုန်ပစ္စည်းများအား ဧပြီ ၂၇ ရက်က ၀င်ရောက် စစ်ဆေးခဲ့သည်။ နေပြည်တော် ရာဇသင်္ဂဟလမ်းမပေါ်ရှိ Ocean Supercentre၊ Capital Hypermarket နှင့် ဥတ္တရသီရိမြို့နယ်ရှိ Ocean Supercentre တို့အား ကြိုတင် အကြောင်းကြားပြီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းနှင့်စစ်ဆေးရေးဌာနခွဲ နေပြည်တော် တာဝန်ခံ ဒေါက်တာထွန်းလင်းအောင်က “Shopping Mall မှာကျတော့ အရင်သွားခဲ့တဲ့ ဈေးတွေနဲ့ မတူတော့ဘူး။ ဈေးတွေမှာက ပြည်တွင်းထုတ်ကုန်တွေပဲ အများဆုံး တင်ရောင်းကြတယ်။ ဒီမှာကျတော့ နိုင်ငံခြားက တင်သွင်းတဲ့ အစားအသောက်တွေ များတယ်။ အခုဆိုရင် ဒီမှာအထားခံတဲ့ ယိုစုံတွေရှိမယ်။ အရောင်လှအောင် ဆိုးဆေးတွေ ထည့်မယ်ဆိုတော့ ဒီလိုအစားအသောက်တွေကို ရွေးချယ်ပြီး စစ်ဆေးတာပါ” ဟု ဆိုသည်။
Shopping Centre များရှိ စားသောက်ကုန်များအား ပြည်ပသွင်းကုန် ထောက်ခံချက် (IR) ရှိ မရှိ စစ်ဆေးခြင်းအားဖြင့် နိုင်ငံခြားမှ တင်သွင်းရောင်းချနေသည့် စားသောက်ကုန်တွင် ပြည်ပသွင်းကုန် ထောက်ခံချက် (IR) ပစ္စည်းအရေအတွက်ကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁ ရက်မှစ၍ စားသောက်ကုန် ပစ္စည်းတစ်ခု၌ အမှတ်တံဆိပ်၏နာမည်တွင် လူတိုင်းနားလည်နိုင်သည့် အမှတ်တံဆိပ်၊ စားသောက်ကုန်ထုတ်လုပ်သူ၏ လိပ်စာ နှင့် ဖုန်းနံပါတ်၊ စားသောက်ကုန် ထုတ်လုပ်ရက်နှင့် ကုန်ဆုံးရက်နှင့် ထုတ်လုပ်ရောင်းချရန်အတွက် ခွင့်ပြုချက် ပါရမည်ဖြစ်သည်။
“အဲဒါတွေ မပါဘူးဆိုရင် ဇူလိုင် ၁ ရက်ကစပြီး အဲဒီစားသောက်ကုန်တွေကို Auto ရုပ်သိမ်းလို့ရပါတယ်။ အဲဒီစားသောက်ကုန် ဈေးကွက်ထဲတွေ့ရင် ကျွန်တော်တို့ဖမ်းမှာပါ။ မှတ်ပုံတင်ထားတာ မရှိတဲ့အတွက် ကျွန်တော်တို့ နမူနာဝယ်မယ်။ စစ်မယ်။ တားမြစ်ထားတဲ့ ပစ္စည်းတစ်ခုခုပါခဲ့ရင် သတင်းစာကနေ ကြေညာပါ့မယ်။ မရောင်းချဖို့။ သက်ဆိုင်ရာဆိုင်တွေကိုလည်း အကြောင်းကြားပြီးတော့ ဈေးကွက်ထဲကနေ ရုပ်သိမ်းပါ့မယ်။ သူတို့သည် မှန်မှန်ကန်ကန်နဲ့ စားသောက်ကုန်တစ်ခုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ထုတ်ပြီးတော့ ကျွန်တော်တို့ရဲ့ထောက်ခံချက် ပါမှသာလျှင် ရောင်းချရမယ်ဆိုတာကို အသိပညာပေးမှု ကျွန်တော်တို့လုပ်ပါမယ်” ဟု ၎င်းက ပြောကြားသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက နေပြည်တော်ရှိ ဈေးကြီး ရှစ်ဈေးနှင့် ဆေးဆိုင်များတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မကြာမီအချိန်တွင် စစ်ဆေးချက်အဖြေများ ထုတ်ပြန်သွားမည်ဖြစ်သည်။
“ဈေးတွေထဲမှာ စစ်ဆေးတဲ့တွေ့ရှိချက်တွေက တော်တော်လေး အခြေအနေမကောင်းပါဘူး။ ပျဉ်းမနားဈေးမှာ စစ်ခဲ့တဲ့ ငါးပိ ၁၂ မျိုးမှာ ၁၁ မျိုးက ရိုတမင်း B လို့ခေါ်တဲ့ ဆိုးဆေး ပါနေပါတယ်။ လက်ဖက်ထဲမှာ ဆိုးဆေး နှစ်မျိုးတွေ့တယ်။ ကွမ်းသီးထဲမှာ ဆိုဒီယမ် ဟိုက်ဒရို ဆာလဖိုက်ချွတ်ဆေးက ဈေးအားလုံးမှာရှိတဲ့ ကွမ်းသီးတိုင်းမှာ အကုန်တွေ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ယခုတွေ့ရှိသည့် အချက်များကို မြို့တော်ဝန်သို့ အကြောင်းကြားပြီး ဈေးများတွင် ကွပ်ကဲနေသည့် စည်ပင်သာယာနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက်ရောင်းချခြင်း မပြုရန် ထိန်းချုပ်သွားမည်ဖြစ်ပြီး လက်ကား ရောင်းချနေသည့်နေရာများကို စုံစမ်းကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆွေးနွေးသွားမည်ဖြစ်သည်။
ဇေယျာထွန်း
Eleven Media Group
No comments:
Post a Comment