Latest News

Thursday, April 20, 2017

လူ့စိတ်ကို ဖတ်နိုင်သည့် တယ်လီပသီ နည်းပညာ Facebook တီထွင်နေ

လူ့စိတ်ကို ဖတ်နိုင်သည့် တယ်လီပသီ နည်းပညာ Facebook တီထွင်နေ

Facebook သည် လူ့စိတ်ကိုဖတ်ယူနိုင်သည့် လူကစိတ်ဖြင့်လိုရာကို ညွှန်ကြားနိုင်မည့်နည်းပညာကို တီထွင်လျက်ရှိကြောင်း မာ့ခ်ဇူကာဘာ့ဂ်က ပြောသည်။

လူ့စိတ်ဖတ်နည်းပညာနှင့်ပတ်သက်၍ ယခင်က ထုတ်ဖော်ပြောကြားခဲ့ ဖူးသူ Facebook  တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က လူသား၏ ဦးနှောက်နှင့် တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်နိုင်မည့် ကွန်ပျူတာ ပရိုဂရမ်တခုကို ကုမ္ပဏီက ကြိုးစားတီထွင်လျက်ရှိကြောင်း ပြောသည်။

မာ့ခ်ဇူကာဘာ့ဂ်က F8 ခေါ် Face-book Developer များ အစည်းအဝေး တွင် လက်ကိုင်ဖုန်းကင်မရာမှ တဆင့်ညွှန်ကြားစေခိုင်းနိုင်သည့် Augmented Technology (AR) နည်းပညာတီထွင်မှု အများအပြားကို စမ်းသပ်ပြသခဲ့သည်။

Facebook အနေဖြင့် (AR) နည်းပညာထက် အစွမ်းထက်သည့် နည်းပညာများကို ရှာဖွေနေကြောင်း၊ လူသား ဦးနှောက်နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဒစ်ဂျစ်တယ်ကိရိယာများကို စိတ်ဖြင့်ပင် ခိုင်းစေညွှန်ကြားမည့် ပရိုဂရမ်ကို တနေ့တွင် တီထွင်အောင်မြင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါနည်းပညာကို အောင်မြင်စွာတီထွင်နိုင်ရန် အလှမ်းဝေးနေသေးသည်ဆိုသော်လည်း Facebook အနေဖြင့် လက်ရှိတီထွင်အောင်မြင်ထားမှုများကို ဧပြီ ၂၀ ရက်တွင် ထုတ်ဖော် ပြသမည်ဟုဆိုသည်။

Facebook ကုမ္ပဏီတွင်  Building 8 ခေါ် ပဟေဠိဆန်သည့် ဌာနခွဲကို ဦးဆောင်သူ Regina Dungan သည် လည်း  F8 အစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သူမသည် နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်သည့်  Google မှ ထွက်ပြီး Facebook တွင် လုပ်ကိုင်နေသူ ဖြစ်သည်။ ယခုနှစ်အစောပိုင်းက ယင်းဌာနခွဲအတွက် ၀န်ထမ်းခေါ်ယူရာတွင် အာရုံပုံဖော်မှုအင်ဂျင်နီယာ၊ စိတ်ဖတ်ကွန်ပျူတာပရိုဂရမ် Interface အင်ဂျင်နီယာ တာဝန်များကို ထမ်းဆောင်ရန် Ph.D အဆင့် အင်ဂျင်နီယာများကိုခေါ်ယူခဲ့သည်။

Facebook သည် လူသား၏ ဦးနှောက်အတွင်းဖြစ်ပေါ်သည့် လျှပ်စစ်လှိုင်းများကို ဖတ်၍ အဓိပ္ပာယ်ပြန်နိုင်သည့် တယ်လီပသီနည်းပညာကို တီထွင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ယင်းအလုပ်ခေါ်စာများက ညွှန်ပြနေသည်။

''တနေ့မှာ ကျွန်တော်တို့အချင်းချင်း စိတ်ခံစားချက်၊ တွေးခေါ်ယူဆချက်ကို အပြည့်အ၀ဖလှယ်နိုင်မယ်လို့ ကျွန် တော်ယုံကြည်တယ်။ ခင်ဗျားက တခုခုကို တွေးလိုက်တယ်ဆိုတာနဲ့ ခင်ဗျားရဲ့ သူငယ်ချင်းကလည်း သိရှိခံစားနိုင်ပါလိမ့်မယ်။ ဒါဟာ ဆက်သွယ်ရေးနည်းပညာရဲ့ အန္တိမ ပန်းတိုင်ပဲ ဖြစ်ပါတယ်''ဟု မာ့ခ်ဇူကာဘာ့ဂ် က ပြောသည်။

မော်ရိုး - Ref;The Telegraph(News Watch)

No comments:

Post a Comment