Latest News

Wednesday, April 26, 2017

သမီးကို သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ပုံကို ထိုင်းအမျိုးသားတစ်ဦး Facebookပေါ် Live ထုတ်လွှင့်

သမီးကို သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ပုံကို ထိုင်းအမျိုးသားတစ်ဦး Facebookပေါ် Live ထုတ်လွှင့်

ထိုင်းနိုင်ငံတွင် အမျိုးသား တစ်ဦးက ၎င်း၏ သမီးငယ်ကို သတ်ဖြတ်ပြီး ကိုယ်တိုင်လည်း သေကြောင်းကြံသွားပုံကို Facebookမှတဆင့် တိုက်ရိုက် Live ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ် အရွယ်ရှိ ဝတ်တီဆန် ဝန်တာလေသည် ၁၁ လအရွယ် သမီးငယ်ကို ကြိုးဆွဲချ သတ်ဖြတ်ပြီးနောက် ကိုယ်တိုင်လည်း ယင်းနည်းလမ်းဖြင့် အဆုံးစီရင်ခဲ့သည်။ ဝတ်တီဆန်သည် ဖူးခက်ရှိ လူသူနည်းပါးသော ဟိုတယ်တစ်ခုတွင် ယခုအမှုကို ကျူးလွန်ခဲ့ပြီး ထိုလုပ်ရပ်ကို ဗီဒီယိုရိုက်ကာ Facebookပေါ်တွင် Live ထုတ်လွှင့် ပြသခဲ့သည်။

ဇနီးဖြစ်သူနှင့် အခြေအတင် စကားများပြီးနောက် ဧပြီ ၂၄ ရက်က ဝတ်တီဆန်သည် သမီးနှင့် ၎င်းကိုယ်တိုင်၏ အသက်ကို အဆုံးစီရင်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ Live ထုတ်လွှင့်သော ဗီဒီယိုကို ကြည့်ရှုမိသည့်နောက် ဝတ်တီဆန်၏ ဆွေမျိုးများက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း အဖေရော၊ သမီး၏ အသက်ကိုပါ ကယ်ဆယ်ရန် အလွန်နောက်ကျနေခဲ့ပြီး ဖြစ်သည်။

ဝတ်တီဆန်သည် သမီးကို သတ်ဖြတ်ပုံနှင့် ၎င်းကိုယ်ကို အဆုံးစီရင်ပုံတို့ကို ဗီဒီယိုနှစ်ခု Live ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ဗီဒီယိုများသည် Facebookပေါ်တွင် ၂၄ နာရီမျှ ကြာမြင့်ပြီးမှ ပယ်ဖျက်သွားခဲ့ကြောင်း သိရသည်။ ထိုဖြစ်ရပ်က ထိုင်းနိုင်ငံရှိ လူမှုကွန်ရက် သုံးစွဲသူများကို ဒေါသထွက်စေသလို Facebook၏ အငြင်းပွားဖွယ် မူဝါဒများနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာများ ပိုမိုထွက်ပေါ်လာသည်။

Facebookသည် သက်ဆိုင်ရာ မိသားစုသို့ ဆက်သွယ်ကာ ဖြစ်ပျက်ခဲ့သည့် ဆိုးရွားသော ကိစ္စအတွက် စာနာဝမ်းနည်းကြောင်းနှင့် ဗီဒီယိုကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ထိုင်းအစိုးရ၏ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနက Facebookကို ဆက်သွယ်ကာ ဆိုးရွားလှသည့် ထိုဗီဒီယိုများကို အချိန်ကြာမြင့်စွာ ဆက်လက် ထားရှိခဲ့ခြင်းအပေါ် မေးမြန်း စုံစမ်းထားကြောင်း သိရသည်။ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဆွမ်ဆက်ခ် ခိုဆူဝမ်က “ကျွန်တော်တို့ဟာ Facebookကို အရေးယူတာမျိုးတော့ လုပ်လို့မရပါဘူး။ သူတို့က ဝန်ဆောင်မှု ထောက်ပံ့နေတဲ့ လုပ်ငန်းသက်သက်ကိုး။ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်သွယ် စုံစမ်းချိန်မှာ လိုလိုလားလား ပူးပေါင်း ကူညီခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ထိုဗီဒီယိုများသည် YouTubeပေါ်သို့ပါ ရောက်ရှိသွားသော်လည်း YouTubeက ၁၅ မိနစ်အတွင်း ဖယ်ရှားခဲ့သည်။ ဖူးခက်ရှိ ဆေးရုံတစ်ခုတွင်မူ ကြေကွဲ ဝမ်းနည်းနေသည့် မိခင် အပါအဝင် ဆွေမျိုးများက ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့၏ ရုပ်အလောင်းကို လာရောက် သယ်ဆောင်ယူသွားခဲ့ကြသည်။

ယခုလ အစောပိုင်းကလည်း အမေရိကန် နိုင်ငံသားတစ်ဦး မိမိကိုယ်ကို သေကြောင်းကြံသည့် ဗီဒီယိုကို နာရီအတန်ကြာ မဖယ်ရှားဘဲ ခွင့်ပြုထားခြင်းကြောင့် Facebookအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးကြောင်း သိရှိရသည်။

Ref: Reuters

7Day News Journal

No comments:

Post a Comment