ဟင်္သာတမြို့နယ် လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ပျက်စီးယိုယွင်းနေသောကြောင့် ကျောင်းသားများအတွက် မိဘများစိုးရိမ်နေ
ပုသိမ်၊ ဧပြီ(၂၀) ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လက်ပံစု(နောက်) မူလတန်းလွန်ကျောင်းသည် ပျက်စီးယိုယွင်းမှု များစွာ ဖြစ်ပေါ်နေခြင်းကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းတက်ရမည့် ကျောင်းသားများအတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြကြောင်း ကျောင်းသားမိဘများထံမှ သိရှိရသည်။
ယင်းကျောင်းဆောက်လုပ်ခဲ့သည့်မှာ နှစ်ပေါင်း(၆၀)ကျော် ကြာမြင့်နေပြီဖြစ်ကာ အောက်ခြေသစ်သားတိုင်များ ခိုင်ခံ့မှုမရှိခြင်း၊ အမိုးအကာနှင့် ပြတင်းပေါက်များ ပျက်စီးနေခြင်းတို့ကြောင့် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အစိုးရမှတာဝန်ရှိသူများထံ ၂၀၁၃ ခုနှစ်တွင် တင်ပြခဲ့သော်လည်း ပြင်ဆင်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။
“နှစ်ကကြာပြီ။ နှစ်ကြာတဲ့အခါကျတော့ သစ်သားတွေက သိပ်ပြီးတော့ ခိုင်တဲ့အနေအထား မရှိတော့ဘူးပေါ့။ စာသင်နေရင်းပြိုကျပြီး ကလေးတွေအန္တရာယ်ဖြစ်မှာ စိုးရိမ်နေကြတာ။ ကလေးတွေအေးအေးချမ်းချမ်းနဲ့ စာသင်လို့ရအောင် ကျောင်းဆောင်အသစ်ပဲလိုချင်တာပေါ့။”ဟု လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ကော်မတီဝင် ကျောင်းသား မိဘ ဦးတင်အောင်ကပြောသည်။
အဆိုပါ ကျောင်းတွင် KG တန်းမှစကာ သတ္တမတန်းအထိ သင်ကြားပေးနေပြီး လက်ပံစုကျေးရွာနှင့် အနီးအနား ကျေးရွာ (၇) ရွာခန့်မှ ကျောင်းသားကျောင်းသူ (၁၀၀) ခန့်တက်ရောက် နေကြသဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ပေးရန်နှင့် အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ လျှောက်ထားကြောင်း ယင်းကျောင်းရှိ ဆရာ၊ ဆရာမများထံမှ သိရသည်။
လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ပျက်စီးယိုယွင်းနေခြင်းကြောင့် ပညာရေးဌာနအနေဖြင့် ၂၀၁၅-၁၆ ပညာသင်နှစ်က ကျပ်သိန်း (၅၀) အောက်ပြင်ဆင်စရိတ်ကို ကျောင်းကော်မတီထံ အပ်နှံ၍ပြင်ဆင်စေပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှုးရုံး စီမံဌာနညွန်ကြားရေးမှုး ဦးဝင်းမောင်ထံမှ သိရသည်။
“တစ်ခါတော့ အဲ့ဒီကျောင်းဟောင်းကို ပြင်ဆင်ထိန်းသိမ်းစရိတ်ပေးပြီးပြီ။ အခုကျောင်းသားများလာလို့ ကျောင်းဆောင်သစ်တိုးချဲ့ချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်ကျောင်းဟောင်းကို ပြင်ဖို့လိုချင်တယ်ဆိုလည်း ပြင်ဆင်ထိန်းသိမ်းစရိတ်ပုံစံ အမှုတွဲနဲ့ဌာနကိုထပ်ပြီး တင်ပေါ့။ အဲ့လိုလျှောက်တယ်ဆိုရင်တော့ ပြင်ထိန်း ဆိုရင်လည်း ဒီကနေစီစစ်ပြီး ဆောင်ရွက်ပေးမှာပေါ့။”ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းမောင်က ပြောသည်။
ယင်းစာသင်ကျောင်းအား ပြုပြင်ပေးရန် ၂၀၁၃ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေး တိုင်းထွာမှုများ ပြုလုပ်ခဲ့သော်လည်း ကျောင်းဆောင်သစ်ချထားပေးရာတွင် အနီးရှိကျောင်းကိုသာ ချထားပေးခဲ့သဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်သူကျောင်းသာ (၂၀၀) ခန့်က ဟင်္သာတမြို့နယ်ပညာရေးမှုးကို ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။
မျိုးမင်းထွန်း (မြစ်မခ)
Thursday, April 20, 2017
ဟင်္သာတမြို့နယ် လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ပျက်စီးယိုယွင်းနေသောကြောင့် ကျောင်းသားများအတွက် မိဘများစိုးရိမ်နေ
ဟင်္သာတမြို့နယ် လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ပျက်စီးယိုယွင်းနေသောကြောင့် ကျောင်းသားများအတွက် မိဘများစိုးရိမ်နေ
Reviewed by Ar Ti
on
5:22 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment